نبذة في العقيدة الإسلامية (شرح أصول الإيمان)
*
These files are generated automatically from the book's text; their layout may differ from the printed edition.
အစ္စလာမ့်ယုံကြည်ချက်အကျဉ်း
ရေးသားတင်ပြသူ - အလ္လာမဟ် ရှိုက်ခ်
မုဟမ္မဒ် ဗင်န် ဆွာလိဟ် အလ်အိုစိုင်မီးန်
အလ္လာဟ်အရှင်မြတ်သည် ထိုပညာရှင်နှင့် သူ၏မိဘနှစ်ပါးအားလည်းကောင်း၊ မွတ်စ်လင်မ်တို့အားလည်းကောင်း လွတ်ငြိမ်းချမ်းသာခွင့် ချီးမြှင့်ပေးသနားတော်မူပါစေ။
အနန္တကရုဏာတော်ရှင် ဖြစ်တော်မူသော အလွန်သနား ကြင်နာတော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် (အစပြုပါ၏။)
စကားချီး
ဧကန်စင်စစ် ချီးမွမ်းထောမနာပြုခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်တော်မူသည်။ ကျွန်တော်မျိုးတို့သည် ထိုအရှင်မြတ်အား ချီးမွမ်းထောမနာပြုပါ၏။ ထိုအရှင်မြတ်ထံတော်မှ အကူအညီတောင်းခံပါ၏။ ထိုအရှင်မြတ်ထံတော်တွင် ခွင့်လွှတ်ချမ်းသာခွင့်တောင်းခံပါ၏၊ သောင်ဗဟ် အမှားဝန်ချတောင်းပန်မှုပြုကာ အရှင်မြတ်ထံတော်သို့ ပြန်လှည့်ပါ၏။ ကျွန်တော်မျိုးတို့သည် မိမိတို့စိတ်များ၏ မကောင်းမှုများနှင့် မိမိတို့လုပ်ရပ်များ၏ ဆိုးကျိုးများမှ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခွင့်တောင်းခံပါ၏။ အလ္လာဟ်အရှင်မြတ်က လမ်းမှန်တရားချီးမြှင့်ထားသူအား လမ်းမှားအောင် လုပ်နိုင်မည့်သူမရှိပါ။ အရှင်မြတ်က လမ်းမှားစေသူကိုလည်း လမ်းမှန်တရား ချီးမြှင့်ပေးနိုင်သူမရှိပါ။ ဖက်စပ်ယှဉ်တွဲခြင်း ကင်းတော်မူသော တစ်ဆူတည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ထိုက်သောအရှင် မရှိကြောင်းကို ကျွန်တော်မျိုး သက်သေခံအပ်ပါသည်။ ထို့ပြင်မုဟမ္မဒ်သည် ထိုအရှင်မြတ်၏အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်းကိုလည်း ကျွန်တော်မျိုးသက်သေခံအပ်ပါသည်။ တမန်တော်မြတ်အပေါ်သို့လည်းကောင်း၊ တမန်တော်မြတ်၏ အိမ်သူအိမ်သားများနှင့် သာဝကတော်များအပေါ်သို့လည်းကောင်း၊ ကိယာမသ်နေ့ထိတိုင် ၎င်းတို့၏နောက်သို့ ကောင်းမှုနှင့်တကွ လိုက်ကြသူများအပေါ်သို့လည်းကောင်း အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ကောင်းချီးမင်္ဂလာနှင့် ငြိမ်းချမ်းသာယာမှုများ ကျရောက်ပါစေ။
၎င်းနောက် - မုချဧကန် သောင်ဟီးဒ်ပညာရပ်သည် အမွန်မြတ်ဆုံးနှင့် တန်ဖိုးအကြီးဆုံး ပညာရပ်တစ်ခုဖြစ်သည်။ ထိုပညာရပ်ကို သင်ယူဆည်းပူးရန် အလ္လာဟ်အရှင်မြတ်က ဝါဂျစ်ဗ် တာဝန်အဖြစ် သတ်မှတ်တော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုပညာရပ်သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ အရှင်မြတ်၏ နာမတော်များ ဂုဏ်တော်များအားလည်းကောင်း၊ ကျေးကျွန်များပေါ်တွင်ရှိသော အရှင်မြတ်နှင့်သက်ဆိုင်သည့် ဝတ္တရားများအားလည်းကောင်း သိရှိနိုင်သောပညာရပ်ဖြစ်သည်။ ထို့အတူ ၎င်းပညာရပ်သည် အလ္လာဟ်အရှင်မြတ်ဘက်သို့ရောက်စေသည့်လမ်း၏ အဓိကသော့ချက်ဖြစ်ပြီး အရှင်မြတ်ချမှတ်ပြဌာန်းထားသည့် ရှရီအသ် တရားတော်များ၏ အခြေခံအုတ်မြစ်လည်းဖြစ်သည်။
ထို့ကြောင့်ပင် ရစူလ်တမန်တော်များအားလုံးသည် သောင်ဟီးဒ်တရားတော်ဘက်သို့ တညီတညွတ်တည်း ဖိတ်ခေါ်ခဲ့ကြသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည် - (စင်စစ် ငါအရှင်မြတ်သည် အသင့်အလျင်စေလွှတ်တော်မူခဲ့သော မည်သည့်ရစူလ်တမန်တော်၏ ထံသို့မဆို ဧကန်အမှန် ငါအရှင်မှတစ်ပါး ခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျှင်းမရှိပြီ။ သို့ဖြစ်ပေရာ အသင်တို့သည် ငါအရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်ဟူ၍ အမိန့်တော် ထုတ်ပြန်ချမှတ်တော်မူခဲ့သည်သာဖြစ်သည်။) စူရဟ် အန်ဗိယာအ် : အာယသ် (၂၅)
အလ္လာဟ်အရှင်မြတ်က မိမိသည် 'ဝဟ်ဒါနိယဟ်' တုဖက်နှိုင်းယှဉ်မှုကင်း၍ တစ်ဆူတည်းဖြစ်တော်မူကြောင်းကို မိမိကိုယ်တော်တိုင်သက်သေခံတော်မူခဲ့သည်။ ထို့အတူ ကောင်းကင်တမန်များနှင့် သာသနာ့ပညာရှင်တို့ကလည်း သက်သေထွက်ဆိုခဲ့ကြသည်။ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည် - (အလ္လာဟ်အရှင်မြတ်သည် မိမိမှတပါး အခြားခဝပ်ကိုးကွယ်ရာအရှင်မရှိကြောင်း(မိမိကိုယ်တော်တိုင်) သက်သေခံတော်မူ၏။ ထိုနည်းတူစွာ၊ မလာအိကဟ် ကောင်းကင်တမန်များနှင့် ပညာရှင်သုခမိန်အပေါင်းတို့သည်လည်း(မိမိတို့၏အကျင့်အမူများဖြင့်သက်သေခံခဲ့ကြလေပြီ) ထိုအရှင်မြတ်သည် တရားမျှတစွာစီမံအုပ်ချုပ်လျက်ရှိတော်မူ၏။ ထိုအရှင်မြတ်သည်သာလျှင် ခဝပ်ကိုးကွယ်ရာအရှင်ဖြစ်တော်မူ၍ ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျင်းမရှိပြီ။ (ထိုအရှင်မြတ်သည်)တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်၊အကျိုးအကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်မြတ်ပင်တည်း။) စူရဟ် အာလိအင်မ်ရားန် : အာယသ် (၁၈)
ဤသည် သောင်ဟီးဒ်တရားနှင့် သက်ဆိုင်သည့်ကိစ္စဖြစ်သောကြောင့်၊ မွတ်စ်လင်မ်တိုင်းသည် သောင်ဟီးဒ်တရားတော်အား အလေးအနက်ထားကာ သင်ယူခြင်း၊ သင်ပေးခြင်း၊ ဆင်ခြင်သုံးသပ်ခြင်း၊ သက်ဝင်ယုံကြည်ခြင်းတို့ပြုလုပ်ရမည်။ သို့မှသာ မွတ်စ်လင်မ်တိုင်းသည် မိမိသာသနာကိုကောင်းမွန်သောအခြေခံအုတ်မြစ်၊ တည်ငြိမ်အေးချမ်းမှုနှင့် အမိန့်နာခံမှုအပေါ်တွင် တည်ဆောက်နိုင်မည်ဖြစ်ပြီး သာသနာ့ အသီးအပွင့်များနှင့် အကျိုးရလဒ်များကို ဆွတ်ခူးနိုင်မည်ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်သည်သာ စွမ်းအားပေးသနားမှုကို ပိုင်ဆိုင်တော်မူသောအရှင်ဖြစ်တော်မူသည်။
စာရေးသူ
အစ္စလာမ် သာသနာ
အစ္စလာမ်ဟူသည် အကြင်သာသနာဖြစ်ပြီး အလ္လာဟ်အရှင်မြတ်သည် ထိုသာသနာဖြင့် တမန်တော် မုဟမ္မဒ်(ﷺ)အား စေလွှတ်တော်မူခဲ့ပြီး၊ ထိုသာသနာဖြင့်ပင် အခြားသာသနာအားလုံးကို အဆုံးသတ်တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် မိမိကျေးကျွန်များအတွက် ထိုသာသနာတော်အား ပြည့်စုံစေတော်မူခဲ့သည်။ အရှင်မြတ်သည် ထိုသာသနာဖြင့်ပင် ၎င်းတို့အပေါ်နိအ်မသ်ကျေးဇူးတော်အား ပြည့်စုံစေတော်မူခဲ့ပြီး ၎င်းတို့အတွက် ထိုသာသနာအား ကျေနပ်နှစ်သက်တော်မူခဲ့သည်။ သို့ဖြစ်၍ အလ္လာဟ်အရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ထံကမျှ ထိုသာသနာမှလွဲ၍ အခြားသာသနာတစ်ခုကို လက်ခံတော်မူမည်မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည် - (မုဟမ္မဒ်သည် အသင်တို့ ယောက်ျားများအနက် မည်သူတစ်ဦးတစ်ယောက်၏ဖခင်မျှမဟုတ်ပေ။ စင်စစ်မှာမူကား (မုဟမ္မဒ်သည်) အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်သည်လည်းကောင်း၊ နဗီတမန်တော် အပေါင်းတို့(၏နုဗုဝသ်)ကို အဆုံးသတ်သူသည်လည်းကောင်း ဖြစ်ပေသည်။အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကိုအကြွင်းမဲ့ သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း)။ စူရဟ် အဟ်ဇာဗ်: အာယသ် (၄၀)
အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ - (ယနေ့သော်ကား ငါအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ‘ဒီန်’ သာသနာကို ပြည့်စုံစေတော်မူခဲ့လေပြီ။ ၎င်းပြင် ငါအရှင်သည် မိမိ၏ကျေးဇူးတော်များကို အသင်တို့အဖို့ အပြည့်အစုံ ချီးမြှင့်ပေးသနားတော်မူခဲ့လေပြီ။ ၎င်းပြင် ငါအရှင်သည် အစ္စလာမ်သာသနာကို အသင်တို့အဖို့ ‘ဒီန်’သာသနာတော်အဖြစ် သဘောတူနှစ်မြို့တော်မူခဲ့လေပြီ။) စူရဟ် မာအိဒဟ်: အာယသ် (၃)
အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည် - (ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်အထံတော်၌ (နှစ်မြို့တော်မူပြီးဖြစ်သော) “ဒီန်” သာသနာမှာ အစ္စလာမ် သာသနာတော်ပင်ဖြစ်သည်။) စူရဟ် အာလိအင်မ်ရားန် : အာယသ် (၁၉)
အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည် - (ထို့ပြင်တဝ မည်သူမဆို အစ္စလာမ်သာသနာမှတစ်ပါး အခြားသာသနာတစ်ရပ်ရပ်ကို ရှာဖွေစူးစမ်းပါမူ ထိုသူ၏ထံမှ (ထိုသူရှာဖွေသောသာသနာသည် အလ္လာဟ်အရှင်မြတ်အထံတော်၌) လက်ခံသဘောတူတော်မူခြင်းကို အလျင်းခံရမည်မဟုတ်ပေ။ ၎င်းပြင်ထိုသူသည် နောင်တမလွန်ဘဝ၌လည်းဆုံးရှုံးသူများအနက် တစ်ဦးအပါအဝင်ဖြစ်ပေမည်။) စူရဟ် အာလိအင်မ်ရားန် : အာယသ် (၈၅)
အလ္လာဟ်အရှင်မြတ်သည် လူသားထုတစ်ရပ်လုံးအား အစ္စလာမ်သာသနာဖြင့်ပင် အရှင်မြတ်အား ခဝပ်ဆည်းကပ်ရန် သတ်မှတ်ပြဌာန်းတော်မူခဲ့သည်။ သို့ဖြစ်၍ အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်(ﷺ)အား မိန့်ကြားတော်မူသည်မှာ - ((အို-တမန်တော်) အသင် ပြောလိုက်ပါ- “အို- လူသား အပေါင်းတို့၊ အမှန်စင်စစ် ငါသည် အသင်တို့ အားလုံးထံသို့ အလ္လာဟ်အရှင်မြတ်ထံတော်မှ စေလွှတ်တော်မူခြင်းခံရသော တမန်တော်ပင်ဖြစ်သည်။ မိုးကောင်းကင်များနှင့် မြေပထဝီ၏ စိုးမိုးအုပ်ချုပ်မှုသည် ထိုအရှင်မြတ်သာ ပိုင်ဆိုင်တော်မူသည်။ ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိပေ။ ထိုအရှင်မြတ်ပင် အသက်ရှင်စေတော်မူသည်။ ၎င်းပြင် ထိုအရှင်မြတ်ပင် အသက်သေစေတော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ အကြင်တမန်တော်ကို ယုံကြည်ကြပါ။ ထိုတမန်တော်သည် မည်သည့် လူသားတစ်ဦးထံကမျှ စာပေပညာ သင်ယူခြင်းမရှိခဲ့သူ ဖြစ်သည်။ ထိုတမန်တော်သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ အာယသ်တော်များ (အရှင်မြတ်ချပေးတော်မူသော ကျမ်းဂန်များ)ကို ယုံကြည်သည်။ ၎င်းပြင် အသင်တို့သည် တရားလမ်းမှန် ရရှိရန်အတွက် ၎င်း(တမန်တော်၏ အမိန့်ပေးဆုံးမမှု)ကို လိုက်နာကြပါ။) စူရဟ် အအ်ရာဖ် : အာယသ် (၁၅၈)
ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်းတွင် အဘူဟုရိုင်ရဟ် ( رضی الله عنه )က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ﷺ) မိန့်ကြားတော်မူသည်။ “အကြင်အရှင်မြတ်အား တိုင်တည်၍ ပြောမည်။ ထိုအရှင်မြတ်၏ လက်တော်တွင် မုဟမ္မဒ်၏အသက်ဝိညာဥ်ရှိသည်။ ဤအွမ္မသ်အတွင်းရှိ မည်သည့်ယဟူဒီဖြစ်စေ၊ နစွရာနီဖြစ်စေ ငါကိုယ်တော်အား ကြားသိပြီးနောက် ငါကိုယ်တော် (လူတို့အားဖိတ်ခေါ်ရန် ) စေလွှတ်ခြင်းခံရသည့် သာသနာအား မယုံကြည်ဘဲ သေဆုံးခဲ့သော် ထိုသူသည် ငရဲသားများအနက်မှဖြစ်သည်။”
တမန်တော်မြတ်အား အီမာန်သက်ဝင်ယုံကြည်ခြင်းဆိုသည်မှာ - တမန်တော်ယူဆောင်လာသည့်အရာအား ထောက်ခံရုံသက်သက် မဟုတ်ဘဲ ထောက်ခံမှုနှင့်အတူ လိုက်နာကျင့်သုံးမှုလည်းရှိရမည်ဖြစ်သည်။ ထို့ကြောင့်ပင် အဘူသွာလိဗ်သည် တမန်တော်ယူဆောင်လာသည့်အရာအားထောက်ခံခဲ့ပြီး ၎င်းသည် အကောင်းဆုံးသာသနာဖြစ်သည်ဟု ဝန်ခံခဲ့သည့်တိုင် သူသည် တမန်တော်မြတ်အားသက်ဝင်ယုံကြည်သူ မဖြစ်ခဲ့ပေ။
အစ္စလာမ်သာသနာသည် လွန်လေပြီးသော ဘာသာတရားအားလုံးတွင်ရှိ သော ကောင်းကျိုးများပါရှိပြီး ထိုဘာသာတရားများထက်ပို၍ ထူးခြားသည့်အချက်မှာ အစ္စလာမ်သာသနာသည် ခေတ်တိုင်း၊ နေရာတိုင်း၊ လူမျိုးတိုင်းနှင့်သင့်လျော်မှန်ကန်မှုရှိခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်က မိမိ၏တမန်တော်အား မိန့်ကြားသည်မှာ - (ထို့ပြင် ငါအရှင်မြတ်သည် အသင် (တမန်တော့်) ထံသို့ မှန်ကန်သော ကျမ်းတော်မြတ် (ကုရ်အာန်)ကို ချပေးတော်မူခဲ့သည်။ (ထိုကျမ်းသည်) ၎င်းမတိုင်မီ ရှိခဲ့သော ကျမ်းများအား ထောက်ခံလျက်ရှိသည့်အပြင် ၎င်း(ကျမ်းများ)ကိုလည်း ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသည်)။ စူရဟ် မာအိဒဟ် : အာယသ် (၄၈)
ခေတ်တိုင်း၊ နေရာတိုင်း၊ လူမျိုးတိုင်းအတွက် သင့်လျော်မှန်ကန်မှုရှိခြင်း၏ အလိုသဘောမှာ ထိုသာသနာအား လိုက်နာကျင့်သုံးခြင်းသည် မည်သည့်ခေတ်၊မည်သည့်နေရာတွင်မဆို လူထု၏ကောင်းကျိုးနှင့်မဆန့်ကျင်ပေ၊ သို့သာမက ယင်းသာသနာကိုယ်၌ကပင် လူထု၏ကောင်းကျိုးတရားဖြစ်သည်။ ဤသည်လူတစ်ချို့ ဖြစ်စေချင်သည့် အစ္စလာမ်သည် ခေတ်တိုင်း၊နေရာတိုင်း၊ လူမျိုးတိုင်း၏ လက်အောက်ခံဖြစ်ရမည်ဟူသည့် အဓိပ္ပါယ်မျိုး မဟုတ်ပါ။
အစ္စလာမ်သာသနာဟူသည် မှန်ကန်သည့် သာသနာဖြစ်ပြီး၊ ထိုသာသနာအားလိုက်နာရန်လိုအပ်သည့်အတိုင်း တိတိကျကျလိုက်နာသူအဖို့ ၎င်းအားကူညီရန်နှင့် အခြားသူများထက် သာလွန်စေရန် အလ္လာဟ်အရှင်မြတ်က တာဝန်ယူထားတော်မူသည်။ အလ္လာဟ်အရှင်မြတ်မိန့်ကြားတော်မူသည် - (ထိုအရှင်မြတ်သည် အရှင်မြတ်၏တမန်တော်ကို လမ်းမှန် ညွှန်ကြားပြသချက်နှင့် သာမက မှန်ကန်သည့်သာသနာနှင့်တကွ စေလွှတ်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူသည်။ (စေလွှတ်ရသည့် အကြောင်းကမူ) မုရှ်ရိက်များ မနှစ်မြို့ကြလျှင်လည်း (ထိုမှန်ကန်သည့်) သာသနာကို သာသနာ အားလုံးအပေါ်တွင် လွှမ်းမိုးသွားစေရန် အတွက်ဖြစ်သည်။) စူရဟ် ဆွဖ်: အာယသ် (၉)
အစ္စလာမ်ဟူသည် ယုံကြည်ချက်နှင့် တရားလမ်းစဉ်ပါရှိသော သာသနာဖြစ်ပြီး အစ္စလာမ့်ယုံကြည်ချက်နှင့် တရားလမ်းစဉ်များမှာ ပြီးပြည့်စုံသည်။
၁။ အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းကိုသာ ခဝပ်ကိုးကွယ်ရန် အမိန့်ပေးထားပြီး၊ ဖက်စပ်ယှဉ်တွဲကိုးကွယ်ခြင်းမှ တားမြစ်ထားသည်။
၂။ မှန်ကန်မှုရှိရန် အမိန့်ပေးထားပြီး၊ မုသားကို တားမြစ်ထားသည်။
၃။ တရားမျှတမှုရှိရန် အမိန့်ပေးထားပြီး၊ မတရားမှုအား တားဆီးပိတ်ပင်ထားသည်။ တရားမျှတမှုဟူသည် တူညီသည့်အရာများတွင် တန်းတူညီမျှ ရှိခြင်းဖြစ်ပြီး မတူညီသည့်အရာများတွင် ခွဲခြားထားခြင်းဖြစ်သည်။ တရားမျှတမှုသည် အချို့သူများ ပြောဆိုကြသလို အရာရာတိုင်းတွင် တန်းတူညီမျှစွာထားခြင်း မဟုတ်ပါ။ အချို့သူများက အစ္စလာမ်သာသနာသည် တန်းတူညီမျှသည့် သာသနာဟု အလွယ်ပြောတတ်ကြသည်။ မတူညီသည့်အရာများကို တန်းတူညီမျှစွာထားခြင်းသည် မတရားမှုသာဖြစ်ပြီး ထိုကိစ္စမျိုး အစ္စလာမ်သာသနာတွင် မရှိပါ။ ထိုသို့ပြုလုပ်သူသည်လည်း ချီးမွမ်းထိုက်သူမဟုတ်ပါ။
၄။ သစ္စာသမာဓိရှိရန် အမိန့်ပေးထားပြီး အလွဲသုံးစားလုပ်ခြင်းကို တားမြစ်ထားသည်။
၅။ ကတိတည်ရန် အမိန့်ပေးထားပြီး သစ္စာဖောက်ခြင်းကို တားမြစ်ထားသည်။
၆။ မိဘနှစ်ပါးအားကောင်းစွာ ပြုစုဆက်ဆံရန်နှင့် ကောင်းမြတ်သည့်ကိစ္စရပ်များတွင် မိဘအမိန့်နာခံရန် အမိန့်ပေးထားပြီး မိဘအမိန့် ဖီဆန်ခြင်းကို တားမြစ်ထားသည်။
၇။ ဆွေမျိုးသားချင်းများနှင့် အဆက်အသွယ်ထားရန် အမိန့်ပေးထားပြီး ဆွေမျိုးအဆက်ဖြတ်ခြင်းအား တားမြစ်ထားသည်။
၈။ အိမ်နီးခြင်းနှင့်ကောင်မွန်းစွာဆက်ဆံရန် အမိန့်ပေးထားပြီး အိမ်နီးချင်းအား ဒုက္ခပေးခြင်းမှတားမြစ်ထားသည်။
အချုပ်အားဖြင့်ဆိုရသော် အစ္စလာမ်သည် ကောင်းမြတ်သည့်အကျင့်စာရိတ္တတိုင်းကို အမိန့်ပေးညွှန်ကြားထားပြီး၊ နိမ့်ကျသည့် အကျင့်စာရိတ္တတိုင်းမှ တားမြစ်ပိတ်ပင်ထားသည်။ ထို့အတူ ကောင်းမြတ်သည့်လုပ်ရပ်တိုင်းအား အမိန့်ပေးထားပြီး၊ မကောင်းသည့်လုပ်ရပ်တိုင်းကို တားမြစ်ထားသည် ။
အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်- (ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မျှတရန်လည်းကောင်း၊ ကောင်းမွန်စွာကျင့်မူဆက်ဆံရန်လည်းကောင်း၊ ဆွေမျိုးနီးစပ်တို့ကို ပေးကမ်းရန်လည်းကောင်း၊ အမိန့်ပေးတော်မူလေသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ထင်ရှားစွာသောစက်ဆုပ်ရွံ့ရှာဖွယ်များမှလည်းကောင်း၊ မကောင်းမှုများမှလည်းကောင်း၊ မတရားမှုများမှလည်းကောင်း၊ မြစ်တားတော်မူလေသည်။ ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့ သတိရကြအံ့သောငှာ သတိပေး နှိုးဆော်တော်မူပေသတည်း။) စူရဟ် နဟ်လ် : အာယသ် (၉၀)
အစ္စလာမ့် မဏ္ဍိုင်ကြီးများ
အစ္စလာမ့်မဏ္ဏိုင်များသည် အစ္စလာမ်သာသနာကို တည်ဆောက်ထားသော အခြေခံအုတ်မြစ်များဖြစ်ပြီး ၎င်းတို့မှာ ငါးခု ရှိသည်။ ထိုမဏ္ဍိုင်ကြီးများကို အိဗ်နုအုမရ် ( رضی الله عنهما ) ဆင့်ပြန်ထားသည့် ဟဒီးဆ်တော်တွင် ဖော်ပြထားသည်။ တမန်တော်မြတ် (ﷺ) မိန့်ကြားတော်မူသည်။ အစ္စလာမ်သာသနာသည် မဏ္ဏိုင်ကြီးငါးခုပေါ်တွင် ဆောက်တည်ထားသည်။ (၁) အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းအား ခဝပ်ကိုးကွယ်ခြင်း၊ အခြားဆင့်ပြန်ချက်တစ်ရပ်တွင် - အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံခြင်း၊ (၂) ဆွလာသ် ဆောက်တည်ခြင်း၊ (၃) ဇကာသ် ပေးဆောင်ခြင်း၊ (၄) ရမဿွာန်လ၏ ဆွိယာမ် ဥပုသ်စောင့်ထိန်းခြင်း၊ (၅) ဟဂ်ျပြုခြင်းတို့ဖြစ်သည်။ ထိုအခါ ပုဂ္ဂိုလ်တစ်ဦးမှ အိဗ်နုအုမရ်အား ဟဂျ်ပြုလုပ်ခြင်းနှင့် ဆွိယာမ် ဥပုသ်စောင့်ထိန်းခြင်းလားဟု မေးမြန်းရာ ၎င်းက မဟုတ်ပါ ဆွိယာမ် ဥပုသ်စောင့်ထိန်းခြင်းနှင့် ဟဂျ်ပြုလုပ်ခြင်းဖြစ်သည်ဟုဖြေကြားကာ ကျွန်ုပ်သည် တမန်တော်မြတ်(ﷺ)ထံမှ ဤအတိုင်းပင်ကြားခဲ့သည်ဟု ပြောကြားခဲ့သည်။
(၁) အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံခြင်းနှင့်စပ်လျဉ်း၍ သက်သေခံသူသည် မိမိသက်သေခံနေသည့်အရာအား မြင်တွေ့နေရသူကဲ့သို့ စိတ်နှလုံးအတွင်းမှ ခိုင်မာစွာ ယုံကြည်ကာ နှုတ်လျှာမှ ဖွင့်ဟပြောဆိုရမည်ဖြစ်သည်။ ထို့ပြင် သက်သေခံထွက်ဆိုရသည့် အချက်မှာ နှစ်ချက်ဖြစ်သော်လည်း သက်သေခံခြင်းကို မဏ္ဍိုင်တစ်ခုတည်းအဖြစ်သာ သတ်မှတ်ထားခြင်းရမှာ
တမန်တော်မြတ်(ﷺ)သည် အလ္လာဟ်အရှင်မြတ်ထံတော်မှ တစ်ဆင့်ပို့ချသူဖြစ်သည့်အတွက် တမန်တော်မြတ်၏ အစေတော်ဖြစ်ခြင်းနှင့် ရစူလ်တမန်တော်ဖြစ်ခြင်းကို သက်သေခံခြင်းသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်း သက်သေခံခြင်းကို ပြည့်စုံမှုဖြစ်စေသည့်အတွက် ဖြစ်သည်။
သို့မဟုတ် ဤသက်သေခံခြင်းနှစ်ခုသည် အမလ်ကောင်းမှုများ မှန်ကန်ရန်နှင့် လက်ခံသဘောတူခြင်းခံရရန်အတွက် အဓိကအုတ်မြစ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်အမလ်ကောင်းမှုမဆို အလ္လာဟ်အရှင်မြတ် နှစ်သက်ရန်အတွက်သာ သီးသန့်ရည်စူးခြင်းနှင့် တမန်တော်မြတ်(ﷺ)၏ လမ်းစဉ်အတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိပါက ထိုကောင်းမှုသည် မှန်ကန်မည်မဟုတ်သလို၊ လက်ခံသဘောတူခြင်းခံရမည်လည်း မဟုတ်ပါ။
အလ္လာဟ်အရှင်မြတ် နှစ်သက်ရန်အတွက်သာ ရည်စူးခြင်းဖြင့် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်း သက်သေခံမှုသည် ပြည့်ဝစုံလင်သွားပြီး တမန်တော်မြတ်(ﷺ)၏ လမ်းစဉ်အတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်ဖြစ်ကြောင်း သက်သေခံမှုမှာ ပြည့်ဝစုံလင်သွားမည်ဖြစ်သည်။
ဤကြီးကျယ်လှသည့် ရှဟာဒသ်သက်သေခံခြင်း၏ အကျိုးရလဒ်များအနက် တစ်ချက်မှာ စိတ်နှလုံးသားသည် အဖန်ဆင်းခံများ၏ကျွန်ဖြစ်ခြင်းနှင့် ရစူလ်တမန်တော်များမှလွဲ၍ အခြားသူများ၏ နောက်လိုက်မှုပြုခြင်းမှ လွတ်မြောက်သွားမည်ဖြစ်သည်။
( ၂ ) ဆွလာသ်ဆောက်တည်ခြင်းဆိုသည်မှာ ဆွလာသ်အား ဆောက်တည်ရမည့် ပုံသဏ္ဌာန်အတိုင်း ပြည့်စုံမှန်ကန်စွာဖြင့် သူ့အချိန်နှင့်သူ ဆောက်တည်ကာ အလ္လာဟ်အရှင်မြတ်ကို ခဝပ်ဆည်းကပ်ခြင်းဖြစ်သည်။
ဆွလာသ်ဆောက်တည်ခြင်း၏ အကျိုးရလဒ်များအနက်အချို့မှာ စိတ်ချမ်းသာခြင်း၊ မျက်စိအေးမြခြင်းတို့ရရှိကာ စက်ဆုပ်ရွံရှာဖွယ်ရာများနှင့် မကောင်းမှုများမှ အဟန့်အတားဖြစ်စေသည်။
(၃) ဇကားသ်ပေးခြင်းဟူသည် ဇကားသ်ထိုက်သည့် ဥစ္စာပစ္စည်းများအနက်မှ သတ်မှတ်ထားသည့် အတိုင်းအတာကို လှူဒါန်းပေးကမ်းခြင်းဖြင့် အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်ခြင်းဖြစ်သည်။
ဇကားသ်ပေးဆောင်ခြင်း၏ အကျိုးရလဒ်များအနက်အချို့မှာ စိတ်နှလုံးသားအား နိမ့်ကျသည့်ကိုယ်ကျင့်တရားဖြစ်သည့် စေးနှဲတွန့်တိုခြင်းမှ သန့်ရှင်းစင်ကြယ်စေပြီး အစ္စလာမ်သာသနာနှင့် မွတ်စ်လင်မ်တို့၏လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ခြင်းဖြစ်သည်။
(၄) ရမဿွာန်လ၏ ဆွိယာမ် ဥပုသ်စောင့်ထိန်းခြင်းဟူသည် ရမဿွာန်လမြတ်၏ နေ့အခါတွင် (နံနက်အာရုံတက်ချိန်မှ နေဝင်သည်အထိ) ဆွိယာမ်ဥပုသ် ပျက်စေသည့်အချက်များကို ရှောင်ကြဉ်ခြင်းဖြင့် အလ္လာဟ်အရှင်မြတ်အား ဆည်းကပ်ကိုးကွယ်ခြင်းဖြစ်သည်။
ရိုဇာစောင့်ထိန်းခြင်း၏ အကျိုးရလဒ်များအနက်အချို့မှာ အလ္လာဟ်အရှင်မြတ်၏ နှစ်မြို့မှုရရှိရန်အတွက် မိမိနှစ်သက်သည့်အရာများကို စွန့်လွှတ်ကာ စိတ်အား ချိုးနှိမ်နိုင်ခြင်းဖြစ်သည်။
(၅) ကအ်ဗဟ်ဝတ်ကျောင်းတော်အား ဟဂျ်ပြုလုပ်ခြင်းဟူသည် ဟဂျ်၏ ကျင့်စဉ်များကို ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် ကအ်ဗဟ်ကျောင်းတော်သို့ သွားရောက်ကာ အလ္လာဟ်အရှင်မြတ်အား ခဝပ်ဆည်းကပ်ခြင်းဖြစ်သည် ။
ဟဂျ်ပြုခြင်း၏ အကျိုးရလဒ်များအနက်အချို့မှာ အလ္လာဟ်အရှင်မြတ်၏ အမိန့်နာခံရာတွင် ငွေကြေးဥစ္စာနှင့် ခန္ဓာကိုယ်အားသုံးစွဲရန်အတွက် စိတ်နှလုံးသားအား ချိုးနှိမ်နိုင်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့်ပင် ဟဂျ်ပြုခြင်းသည် အလ္လာဟ်အရှင်မြတ်၏လမ်း၌ ဂျိဟာဒ်ပြုခြင်း အမျိုးအစားများအနက်မှ တစ်မျိုးဖြစ်သည်။
ဤမဏ္ဏိုင်ကြီးများနှင့် ပတ်သက်၍ ကျွန်တော်တင်ပြခဲ့သည့် အကျိုးရလဒ်များနှင့် ကျွန်တော်မတင်ပြခဲ့သော အကျိူးရလဒ်များအားလုံးသည် ဤအွမ္မသ်သားတို့အနက်မှ အလ္လာဟ်အရှင်မြတ်အား စစ်မှန်သောသာသနာဖြင့် ခဝပ်ကိုးကွယ်ပြီး အဖန်ဆင်းခံတို့အား မှန်ကန်တရားမျှတစွာ ဆက်ဆံမည့် သန့်ပြန့်စင်ကြယ်သော မွတ်စ်လင်မ်လူတန်းစားတစ်ရပ်ကို ပေါ်ထွက်စေမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုမဏ္ဏိုင်ကြီးငါးခုမှအပ ကျန်အစ္စလာမ့်တရားလမ်းစဉ်များသည် ထိုမဏ္ဏိုင်ကြီးငါးခု မှန်ကန်တည့်မတ်မှသာ မှန်ကန်ကောင်းမွန်မည်ဖြစ်သည်။ အွမ္မသ်သားများ၏ အခြေအနေသည်လည်း ၎င်းတို့၏သာသနာရေးကိစ္စ မှန်ကန်ကောင်းမွန်မှသာ ကောင်းမွန်နိုင်မည်ဖြစ်ပြီး သာသနာရေးကိစ္စကို လျစ်လျှူရှုထားသည်နှင့်အမျှ ၎င်းတို့၏ လောကီရေးမှာလည်း နစ်နာဆုံးရှုံးနေမည်ဖြစ်သည်။
မည်သူမဆို ဤအကြောင်းအား ရှင်းရှင်းလင်းလင်းသိလိုပါက အရှင်မြတ်၏မိန့်ကြားချက်အား ဖတ်ရှုလေ့လာကြည့်ပါ။ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည် - (ထို့ပြင် အကယ်၍ မြို့ရွာဒေသများတွင် နေထိုင်ကြသူများသည် အီမာန် ယုံကြည်ပြီး အမိန့်နာခံကာ ပြစ်မှုဒုစရိုက်များမှ ရှောင်ကြဥ်ခဲ့ကြလျှင် ငါအရှင်မြတ်သည် သူတို့အတွက် မိုးကောင်းကင်နှင့် မြေပထဝီမှ ကောင်းချီး မင်္ဂလာများ(၏ တံခါးများ)ကို အမှန်ပင် ဖွင့်ပေးတော်မူခဲ့မည် ဖြစ်သည်။ သို့ရာတွင် သူတို့သည် (တမန်တော်များကို) မဟုတ်မမှန် စွပ်စွဲ ငြင်းပယ်ခဲ့ကြသည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့အား သူတို့ ရှာဖွေဆည်းပူးခဲ့ကြသော အရာ(အပြစ်)များကြောင့် ဖမ်းဆီး အရေးယူတော်မူခဲ့သည်။ သို့ဖြစ်ရာ မြို့ရွာဒေသများတွင် နေထိုင်ကြသူများသည် ညအခါ၌ သူတို့ အိပ်ပျော်သူများ ဖြစ်လျက်ရှိစဉ် ငါအရှင်မြတ်၏ အပြစ်ဒဏ် သူတို့ထံ ရောက်လာမည်ကို (စိုးရိမ်မှု ကင်းမဲ့ပြီး) စိတ်ချနေကြသလော။ ထို့ပြင် မြို့ရွာ ဒေသများတွင် နေထိုင်ကြသူများသည် နံနက်အချိန်၌ သူတို့ ကစားနေကြလျက်ရှိစဉ် ငါအရှင်မြတ်၏ အပြစ်ဒဏ်သည် သူတို့ထံသို့ ရောက်လာမည်ကို (စိုးရိမ်မှုကင်းမဲ့ပြီး) စိတ်ချနေကြသလော။ ၎င်းပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်၏ အစီအစဉ် ချမှတ်မှုကို (စိုးရိမ်မှုကင်းမဲ့ပြီး) စိတ်ချနေကြသလော။ သို့ဖြစ်လျှင် ပျက်စီးနစ်နာမည့်သူများမှလွဲ၍ (အခြားမည်သူမျှ) အလ္လာဟ် အရှင်မြတ်၏ အစီအစဉ်ချမှတ်မှုကို စိုးရိမ်မှု ကင်းမဲ့မနေကြပေ။) စူရဟ် အအ်ရာဖ် : အာယသ် (၉၆- ၉၉)
အတိတ်ကာလတွင်ရှိခဲ့သူတို့၏ သမိုင်းကိုလေ့လာကြည့်ပါ။ သမိုင်းဟူသည် အသိဉာဏ်ရှိသူများအတွက် သံဝေဂတရားဖြစ်ပြီး နှလုံးသား အမှောင်ဖုံးနေခြင်း မရှိသူများအတွက်မူ ထိုးထွင်းသိမြင်နိုင်သည့် အသိတရားလည်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည်သာ ကူညီစောင်မတော်မူသောအရှင် ဖြစ်တော်မူသည်။
အစ္စလာမ့် ယုံကြည်ချက်၏ အခြေအမြစ်တရားများ
အစ္စလာမ်သာသနာဟူသည် ကျွန်တော်တင်ပြခဲ့သလိုပင် ယုံကြည်ချက်နှင့် တရားလမ်းစဉ်ဖြစ်သည်။ ကျွန်တော့်အနေဖြင့် အစ္စလာမ့်တရားလမ်းစဉ်များအနက်မှ အချို့ကို တင်ပြခဲ့ပြီးဖြစ်သလို ၊ အစ္စလာမ့် တရားလမ်းစဉ်များအတွက်အဓိကကျသော မဏ္ဍိုင်ကြီးများကိုလည်း တင်ပြခဲ့ပြီးဖြစ်သည်။
အစ္စလာမ့် ယုံကြည်ချက်၏ အခြေအမြစ်တရားများမှာ - အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ကောင်းကင်တမန်များအားလည်းကောင်း၊ ထိုအရှင်မြတ်၏ ကျမ်းဂန်များအားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်များအားလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ အကောင်း၊အဆိုးဟူသရွေ့မှာ သက္ကဒီရ်သတ်မှတ်ချက်အတိုင်းသာဖြစ်မည်ကိုလည်းကောင်း သက်ဝင်ယုံကြည်ခြင်းဖြစ်သည်။
ထိုအခြေအမြစ်တရားများကို ကုရ်အာန်ကျမ်းမြတ်နှင့် တမန်တော်မြတ် (ﷺ) ၏ ဟဒီးဆ်တော်က ညွှန်ပြထားသည်။
ကုရ်အာန်ကျမ်းမြတ်၌ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည် - (အရှေ့အရပ်နှင့် အနောက်အရပ် ဘက်သို့ အသင်တို့၏ မျက်နှာများကို မူခြင်းသည်သာ အသင်တို့အတွက်မြင့်မြတ်သော ကောင်းမှု မဟုတ်သေးပေ။ သို့ရာတွင် မြင့်မြတ်သည့် ကောင်းမှုရှင်ဟူသည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ ကောင်းကင်တမန်များကိုလည်းကောင်း၊ ကျမ်းဂန်(များ)ကိုလည်းကောင်းနှင့် နဗီတမန်တော်များကိုလည်းကောင်း ယုံကြည်သောသူများဖြစ်သည်။) စူရဟ်ဘကရဟ်: အာယသ် ( ၁၇၇ ) သက္ကဒီရ်နှင့်ပတ်သက်၍ မိန့်ကြားတော်မူသည်မှာ - (အမှန်စင်စစ် ငါအရှင်မြတ်သည် အရာရာတိုင်းကို ချင့်ချိန်ပြီး ဖန်ဆင်းတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်၏ အမိန့်တော်သည် တစ်ကြိမ်တည်း အမိန့်ပေးလိုက်သည်နှင့် မျက်စိတစ်မှိတ်အတွင်း ဖြစ်မြောက်သွားမည်။) စူရဟ် ကမရ် : အာယသ် (၄၉ - ၅၀)
ဟဒီးဆ်တော်၌ လာရှိသည်မှာ တမန်တော်မြတ်(ﷺ)သည် အီမာန်နှင့်ပတ်သက်၍ ဂျိဗ်ရီလ် (အလိုင်းဟိစ္စလာမ်)၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားသည့်အခါတွင် မိန့်တော်မူသည်မှာ - “အီမာန်ဟူသည် အသင့်အနေဖြင့် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ အရှင်မြတ်၏ ကောင်းကင်တမန်များကိုလည်းကောင်း၊ အရှင်မြတ်၏ ကျမ်းဂန်များကိုလည်းကောင်း၊ အရှင်မြတ်၏ ရစူလ်တမန်တော်များကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ အရှင်မြတ်၏ သက္ကဒီရ် အကောင်း၊ အဆိုးသတ်မှတ်ချက်ကိုလည်းကောင်း သက်ဝင်ယုံကြည်ခြင်းဖြစ်သည်။”
အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်ခြင်း
အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်ခြင်းတွင် အချက်လေးချက် ပါဝင်သည်။
ပထမအချက် - အလ္လာဟ်အရှင်မြတ် တည်ရှိတော်မူကြောင်းကို သက်ဝင်ယုံကြည်ခြင်း။
ထိုအရှင်မြတ်၏တည်ရှိမှုကို ပင်ကိုယ်သဘာဝ၊ ယုတ္တိတန်မှု၊ တရားလမ်းစဉ်နှင့် ကိုယ်တွေ့ဖြစ်ရပ်တို့က ညွှန်ပြလျက်ရှိသည်။
(၁) ကြီးကျယ်မြင့်မြတ်တော်မူသော အနန္တတခိုးတော်ရှင် တည်ရှိကြောင်းကို ညွှန်ပြနေသည့် ပင်ကိုသဘာဝမှာ - အဖန်ဆင်းခံတိုင်းသည် ကြိုတင်စဉ်းစားထားခြင်း သို့မဟုတ် သင်ပေးထားခြင်း မရှိဘဲ မိမိ၏ဖန်ဆင်းရှင်ကို ယုံကြည်ရန် ဖန်ဆင်းခံထားရသည်။ သို့ဖြစ်၍ စိတ်နှလုံးထဲ၌ ဤပင်ကိုသဘာဝကို သွေဖည်စေသည့်အရာ ပေါ်ပေါက်လာသူမှလွဲ၍ မည်သူမျှ ဤသဘာဝတရား၏ တောင်းဆိုချက်မှ သွေဖည်သွားခြင်းမရှိပါ။ တမန်တော်မြတ်(ﷺ) မိန့်ကြားတော်မူသည် “ကလေးတိုင်းသည် သဘာဝဓမ္မ (အစ္စလာမ် )ပေါ်တွင်သာ မွေးဖွားလာကြသည်။ ထို့နောက်မှ ၎င်း၏မိဘနှစ်ပါးက သူ့ကို (ယဟူဒီ) ဂျူး သို့မဟုတ် (နဆ်ွရာနီ) ခရစ်ယာန် သို့မဟုတ် (မဂျူစီ) မီးကိုးကွယ်သူဖြစ်အောင် ပြုလုပ်လိုက်ကြသည်။”
(၂) ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်တည်ရှိကြောင်းကို ညွှန်ပြနေသည့် ယုတ္တိတန်သော အထောက်အထားမှာ လွန်လေပြီးသော အဖန်ဆင်းခံများဖြစ်စေ၊ နောင်လာမည့် အဖန်ဆင်းခံများဖြစ်စေ ၎င်းတို့အား ဖန်ဆင်းမည့်အရှင်တစ်ပါးရှိရန် မဖြစ်မနေလိုအပ်သည် ။ အဘယ့်ကြောင့်ဆိုသော် အဖန်ဆင်းခံများသည် မိမိဖာသာအလိုအလျောက် တည်ရှိနေခြင်း မဖြစ်နိုင်သလို မတော်တဆ တိုက်ဆိုင်မှုကြောင့် တည်ရှိလာခြင်းလည်း မဖြစ်နိုင်ပါ။
မိမိဖာသာ အလိုအလျောက်တည်ရှိနေခြင်း မဖြစ်နိုင်ရခြင်းမှာ အရာတစ်ခုသည် မိမိကိုယ်မိမိ မဖန်ဆင်းနိုင်သည့်အတွက်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် သူမတည်ရှိမီအလျင်က နတ္ထိဖြစ်သည့်အတွက် ဖန်ဆင်းရှင်မည်သို့ ဖြစ်နိုင်မည်နည်း။
ထို့အတူ မတော်တဆ တိုက်ဆိုင်မှုကြောင့် တည်ရှိခြင်းလည်း မဖြစ်နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် ဖြစ်ပေါ်လာသည့် အရာတိုင်း၌ ဖြစ်ပေါ်စေသူ ရှိစမြဲပင်ဖြစ်သည်။ အဖန်ဆင်းခံများသည် ဤမျှအံ့ဖွယ်ကောင်းသောစနစ်၊ အပြန်အလှန် သဟဇာတဖြစ်ပြီး အကြောင်းတရားများနှင့် ၎င်းတို့၏အကျိုးတရားများကြား၊ အဖန်ဆင်းခံများ အချင်းချင်းကြား အပြန်အလှန်ဆက်စပ်ကာ တည်ရှိနေသည့် ၎င်းတို့၏ ဖြစ်တည်မှုက ၎င်းတို့ မတော်တဆ တိုက်ဆိုင်မှုကြောင့်ဖြစ်ပေါ်လာသည်ဟူသည့်အချက်ကို လုံးဝတားဆီးထားသည်။ အဘယ်ကြောင့်ဆိုသော် ဖြစ်တည်မှု၏ မူလအစ၌ စနစ်မပါရှိဘဲ မတော်တဆ တိုက်ဆိုင်မှုကြောင့်ဖြစ်ပေါ်လာသည့်အရာသည် ၎င်းတည်ရှိနေသရွေ့၊ ဆက်လက် ရှင်သန်ကြီးထွားနေသရွေ့ မည်သို့စနစ်ကျစွာ ရှိနိုင်ပါမည်နည်း။
အကယ်၍ ၎င်းအဖန်ဆင်းခံများသည် အလိုအလျောက် တည်ရှိလာခြင်းလည်းမဟုတ်၊ မတော်တဆ တိုက်ဆိုင်မှုကြောင့် ဖြစ်ပေါ်လာခြင်းလည်း မဟုတ်လျှင် ၎င်းတို့အား ဖြစ်တည်စေသည့် အရှင်တစ်ပါးရှိကြောင်း သတ်မှတ်ရမည်ပင်ဖြစ်သည်။ ထိုအရှင်မှာ စကြာဝဠာခပ်သိမ်းအား ဖန်ဆင်းမွေးမြူ ထိန်းသိမ်းစောင့်ရှောက်တော်မူသော အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူသည်။
အလ္လာဟ်အရှင်မြတ်သည် ဤအကြောင်းနှင့် ပတ်သက်၍ ကျိုးကြောင်းဆီလျော်သော အထောက်အထား၊ ခိုင်မာပြတ်သားသော အထောက်အထားကို စူရဟ် သူးရ်တွင် ဖော်ပြထားသည်။ အရှင်မြတ် မိန့်တော်မူသည်မှာ - (သို့တည်းမဟုတ် ၎င်းတို့သည် (ဖန်ဆင်းသူ) တစ်စုံတစ်ယောက်မျှ မရှိဘဲ ဖန်ဆင်းခြင်း ခံခဲ့ကြရလေသလော။ သို့တည်းမဟုတ် ၎င်းတို့ကိုယ်တိုင် (မိမိ တို့ကိုယ်ကို) ဖန်ဆင်းသူများ ဖြစ်လေသလော။) စူရဟ် သူးရ် : အာယသ် (၃၅) ဆိုလိုသည်မှာ ၎င်းတို့သည် ဖန်ဆင်းရှင်မရှိဘဲ ဖန်ဆင်းခြင်းခံခဲ့ရသည်မဟုတ်သလို ၎င်းတို့ကိုယ်တိုင် မိမိကိုယ်မိမိ ဖန်ဆင်းခဲ့ကြသည်လည်း မဟုတ်ပါ။ သို့ဖြစ်၍ ၎င်းတို့အား ဖန်ဆင်းသည့်အရှင် ရှိရမည်ဖြစ်ပြီး၊ ထိုအရှင်မှာ အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူသည်။ ထို့ကြောင့်ပင် ဂျိုဗိုင်းရ် ဗင်န် မုသ်ွအင်မ် (رضي الله عنه)သည် တမန်တော်မြတ် (ﷺ) စူရဟ် သူးရ်ကို ရွတ်ဖတ်နေတော်မူသည်ကို ကြားခဲ့သည်။ ဤအာယသ်တော်များကို ရောက်သည့်အခါ " أَمْ خُلِقُوا مِنْ غَيْرِ شَيْءٍ أَمْ هُمُ الْخَالِقُونَ أَمْ خَلَقُوا السَّمَاوَاتِ وَالْأَرْضَ بَلْ لَا يُوقِنُونَ أَمْ عِنْدَهُمْ خَزَائِنُ رَبِّكَ أَمْ هُمُ الْمُصَيْطِرُونَ " အဓိပ္ပါယ် - (သို့တည်းမဟုတ် ၎င်းတို့သည် (ဖန်ဆင်းသူ) တစ်စုံတစ်ယောက်မျှ မရှိဘဲ ဖန်ဆင်းခြင်း ခံခဲ့ကြရလေသလော။ သို့တည်းမဟုတ် ၎င်းတို့ကိုယ်တိုင် (မိမိတို့ကိုယ်ကို) ဖန်ဆင်းသူများ ဖြစ်လေသလော။ သို့မဟုတ် သူတို့သည် မိုးကောင်းကင်များနှင့် မြေပထဝီကို ဖန်ဆင်းခဲ့ကြသလော။ ထိုသို့မဟုတ်ပေ၊ အမှန်စင်စစ် သူတို့သည် ယုံကြည်ကြသည် မဟုတ်ပေ။ သို့မဟုတ် သူတို့ထံတွင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ဘဏ္ဍာတော်များရှိနေသလော။ သို့မဟုတ် သူတို့သည် ကြီးကြပ် အုပ်ချုပ်သူများ ဖြစ်ကြသလော။) စူရဟ် သူးရ် : အာယသ် (၃၅- ၃၇)
ထိုအချိန်ခါက ဂျိုဗိုင်းရ်သည် မုရှ်ရိက်ဘဝ၌ပင် ရှိနေသေးသည်။ ၎င်းက ပြောပြသည်မှာ - (ထိုအာယသ်တော်များကိုကြားပြီး ကျွန်ုပ်၏နှလုံးသားမှာ ခုန်ထွက်လုမတတ် ဖြစ်ခဲ့ရသည်။ ဤသည်ပင် ကျွန်ုပ်နှလုံးသားတွင်း၌ ပထမဆုံး အီမာန်ယုံကြည်မှုဖြစ်သည်။)
ဤအချက်အား ရှင်းလင်းစေရန် ကျွန်တော် ဥပမာတစ်ခုတင်ပြမည်။ အကယ်၍ လူတစ်ယောက်က သင့်အား မြင့်မားသည် နန်းတော်တစ်ခုအကြောင်းပြောပြမည်။ ထိုနန်းတော်သည် ဥယျာဉ်များဖြင့် ဝန်းရံထားပြီး ဥယျာဉ်များကြားတွင် ချောင်းများစီးဆင်းနေကာ အခင်းများ၊ ကုတင်များ အပြည့်ရှိပြီး အလှဆင်ပစ္စည်းအမျိုးမျိုးဖြင့် တန်ဆာဆင်ထားသည်။ ထိုသူက သင့်အား အမှန်တကယ်ပင် ဤနန်းတော်နှင့် ၎င်းရှိတန်ဖိုးကြီးပစ္စည်းများသည် သူတို့ကိုယ်သူတို့ ဖန်တီးခဲ့ကြသည် သို့မဟုတ် ဖန်တီးသူမရှိဘဲ မတော်တဆ တိုက်ဆိုင်မှုကြောင့် ပေါ်ပေါက်လာသည်ဟုပြောပါက မုချ သင်သည် ထိုစကားအား မဆိုင်းမတွငြင်းပယ်ကာ ၎င်းအားလူလိမ်ဟုသတ်မှတ်ပြီး၊ သူ့စကားကို အသိဉာဏ်မဲ့သည့်စကားဟူ၍သာ သတ်မှတ်မည်ဖြစ်သည်။ သို့ဖြစ်လျှင် ဤကျယ်ပြောလှသော စကြဝဠာကြီးသည် မြေပထဝီများ၊ မိုးကောင်းကင်များ၊ ဂြိုလ်များ၊ အခြေအနေအဖြစ်အပျက်များ၊ အလွန်မှပြောင်မြောက်၍ အံ့သြဖွယ်ကောင်းသည့် စီမံကွပ်ကဲမှုစနစ်များနှင့်အတူရှိနေပြီး ၎င်းသည် သူ့ဖာသာသူ ပေါ်ပေါက်လာသည် သို့မဟုတ် ပြုလုပ်သူမရှိဘဲ မတော်တဆ တိုက်ဆိုင်မှုကြောင့် ပေါ်ပေါက်လာသည်ဆိုသည်မှာ ဖြစ်နိုင်ပါသလား။
(၃) အလ္လာဟ်အရှင်မြတ်တည်ရှိမှုအပေါ် တရားတော်လာ အထောက်အထားများအရ တင်ပြရလျှင် ကောင်းကင်ကျ ကျမ်းများအားလုံးသည် အရှင်မြတ်တည်ရှိတော်မူကြောင်း ပြောဆိုထားသည်။ ထို့ပြင် ကောင်းကင်ကျကျမ်းများတွင်လာရှိသော အဖန်ဆင်းခံတို့၏ ကောင်းကျိုးများ ပါဝင်နေသည့် တရားမျှတသော အမိန့်ပညတ်ချက်များကိုယ်တိုင်က ၎င်းတို့သည် အဖန်ဆင်းခံတို့၏ကောင်းကျိုးများကို အကြွင်းမဲ့သိတော်မူသော၊ ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသော ဖန်ဆင်းရှင်ဘက်တော်မှဖြစ်ကြောင်း သက်သေအထောက်အထားပင်ဖြစ်သည်။ ၎င်းအပြင် တရားတော်တွင်ပါရှိသည့် စကြာဝဠာဆိုင်ရာ အကြောင်းအရာများ၏ မှန်ကန်မှုကို လက်တွေ့ဖြစ်ရပ်တို့က သက်သေခံလျက်ရှိပြီး ထိုအကြောင်းအရာအားလုံးသည် မိမိအသိပေးမိန့်ကြားချက်တို့ကို ဖြစ်ပေါ်စေရန် စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ဘက်တော်မှဖြစ်ကြောင်း သက်သေ အထောက်အထားပင်ဖြစ်သည်။
(၄) အလ္လာဟ်အရှင်မြတ်တည်ရှိကြောင်း လက်တွေ့ အထောက်အထားများမှာ ပုံစံနှစ်မျိုးရှိသည်။
တစ်မျိုးမှာ - အရှင်မြတ်ထံတော်တွင် ဒုအာတောင်းဆုပြုသူများ၏ တောင်းဆုများ လက်ခံသဘောတူခံရခြင်း၊ ဒုက္ခရောက်နေသူများ ကူညီစောင်မခံရခြင်းတို့ကို ကျွန်တော်တို့မြင်တွေ့ ကြားသိနေရခြင်းဖြစ်သည်။ ဤအချက်ကပင် အရှင်မြတ်တည်ရှိကြောင်း ယတိပြတ်ညွှန်ပြနေသည့် သက်သေအထောက်ထားပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်ကြားတော်မူသည် - (ထို့ပြင် (တမန်တော်) နူးဟ်ကိုလည်း (ပညာဉာဏ် အမြော်အမြင်နှင့် အသိပညာကို ပေးသနားတော်မူခဲ့သည်)၊ ၎င်းသည် တစ်ခါတွင် (တမန်တော် အိဗ်ရာဟီးမ်နှင့် တမန်တော်လူသွ်တို့) မတိုင်မီ (ငါအရှင်မြတ်ကို) ဟစ်ခေါ် ပန်ကြားခဲ့သည်။ ထို့နောက် ငါအရှင်မြတ်သည် ၎င်း၏ ဟစ်ခေါ် ပန်ကြားချက်ကို သဘောတူ လက်ခံတော်မူခဲ့သည်။) စူရဟ် အန်ဗီယာအ် : အာယသ် ( ၇၆ ) အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည် - (တစ်ခါတွင် အသင်တို့သည် အသင်တို့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်ထံတော်၌ ကူညီရန် တောင်းခံနေကြသည်။ ထို့နောက် အရှင်မြတ်သည် အသင်တို့၏ တောင်းခံမှုကို လက်ခံပြန်ကြားတော်မူခဲ့သည်။) စူရဟ် အန်ဖားလ် : အာယသ် ( ၉ )
ဆွဟီးဟ် ဗုခါရီကျမ်း၌လာရှိသည်။ သာဝကကြီး အနတ်စ် ဗင်န်မာလိက်(رضي الله عنه)က ဆင့်ပြန်ခဲ့သည်။ ဂျုမုအဟ်နေ့တွင် တမန်တော်မြတ်(ﷺ) ခွသ်ဗဟ်ပေးနေစဉ် ကျေးတောသားတစ်ဦး ဝင်ရောက်လာပြီး တမန်တော်မြတ်အား အိုအလ္လာဟ်အရှင်မြတ်၏ရစူလ် (မိုးခေါင်မှုကြောင့်) တရိစ္ဆာန်များသေကြေပျက်စီးကုန်ကျပါပြီ။ အိမ်သူအိမ်သားများလည်း ဆာလောင်ငတ်မွတ်နေကြပါပြီ။ သို့ဖြစ်၍ ကိုယ်တော် အလ္လာဟ်အရှင်မြတ်ထံ ကျွန်ုပ်တို့အတွက် ဒုအာပြုပေးပါဟုလျှောက်ထားရာ၊ တမန်တော်မြတ် (ﷺ)က မိမိ၏လက်နှစ်ဘက်အားမြှောက်၍ ဒိုအာပြုတော်မူသည်။ ထိုအခါ တောင်များပမာရှိသော မိုးတိမ်များသည် ရွေ့လျားပျံ့နှံ့လာခဲ့သည်။ သာဝကကြီး အနတ်စ်က ပြောပြသည်မှာ တမန်တော်မြတ် မင်န်ဘရ်မှပင် မဆင်းသေးချေ၊ ကျွန်ုပ်သည် တမန်တော်မြတ်(ﷺ)၏ မုတ်ဆိတ်တော်ကြားမှ မိုးရေစက်များကျနေသည်ကို တွေ့မြင်ခဲ့ရသည်။
ထို့နောက် နောက်တစ်ပတ် ဂျုမုအဟ်နေ့တွင် ထိုကျေးတောသား သို့မဟုတ် အခြားတစ်ဦးမှ မတ်တတ်ရပ်ကာ အိုအလ္လာဟ်၏ရစူလ်တမန်တော် (မိုးအလွန်ရွာသွန်းမှုကြောင့်) အိမ်များပြိုကျကုန်ပါပြီ။ တရိစ္ဆာန်များလည်း သေကြေပျက်စီးကုန်ပါပြီ။ သို့ဖြစ်၍ ကျွန်တော်မျိုးတို့အတွက် အလ္လာဟ်အရှင်ထံဒိုအာပြုပေးပါဟု လျှောက်ထားရာ တမန်တော်မြတ် (ﷺ) ကမိမိ၏လက်နှစ်ဘက်အားမြောက်၍ "အိုအလ္လာဟ် ပြင်းထန်သည့်မိုးအားကျွန်တော်မျိုးတို့အပေါ် ရွာသွန်းပေးတော်မမူပါနှင့်၊ ကျွန်တော်မျိုးတို့၏အနီးပတ်ဝန်းကျင် (တောတောင်များ) တွင် ရွာသွန်းပေးတော်မူပါ"ဟု ဒုအာပြုတော်မူခဲ့သည်။ ထို့နောက်တမန်တော်မြတ်သည် မိုးတိမ်များရှိသည့်မည်သည့်နေရာကိုမဆို လက်ဖြင့်ညွှန်လိုက်ပါက မိုးတိမ်သည် ထိုနေရာမှ ပျောက်ကွယ်သွားပေသည်။
အရှင်မြတ်ထံ အမှန်တကယ် ခိုလှုံခွင့်တောင်းခံသူ၊ ဒုအာလက်ခံရန် သတ်မှတ်ထားသည့်စည်းကမ်းချက်များအား လိုက်နာပြီး ဆုတောင်းသူတို့၏ တောင်းဆုများ ယနေ့ထက်တိုင် လက်ခံသဘောတူခြင်းခံနေရသည်မှာ မျက်မြင်ကိုယ် တွေ့ပင်ဖြစ်သည်။
ဒုတိယ တစ်မျိုမှာ- မုအ်ဂျိဇဟ်ဟုခေါ်သော နဗီတမန်တော်များ၏ သက်သေလက္ခဏာတော်များဖြစ်သည်။ လူသားတို့သည် ထိုမုအ်ဂျိဇဟ်များကို မြင်တွေ့ခဲ့ကြသည် သို့မဟုတ် ကြားဖူးကြသည်။ ထိုမုအ်ဂျိဇဟ်များသည်လည်း ၎င်းနဗီတမန်တော်များကို စေလွှတ်တော်မူသည့် အရှင်ရှိကြောင်း ခိုင်မာသည့် သက်သေ အထောက်အထားပင်ဖြစ်ပြီး ထိုအရှင်မှာ အလ္လာဟ်အရှင်မြတ်ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုမုအ်ဂျိဇဟ်များသည် လူသားတို့စွမ်းဆောင်နိုင်သည့်အတိုင်းအတာ၏ အပြင်ဘက်၌ရှိနေသည့် ကိစ္စရပ်များဖြစ်ပြီး၊ အလ္လာဟ်အရှင်မြတ်က မိမိ၏ရစူလ်တမန်တော်များကို အားပေးထောက်ပံ့ရန်နှင့် ကူညီရန်အတွက် ထိုမုအ်ဂျိဇဟ်များကို ဖြစ်ပေါ်စေခြင်းဖြစ်သည်။
ဥပမာ - မူစာ(အလိုင်းဟိစ္စလာမ်)၏ မုအ်ဂျိဇဟ်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် မူစာ(အလိုင်းဟိစ္စလာမ်)အား မိမိတောင်ဝှေးဖြင့် ပင်လယ်ကို ရိုက်ရန်အမိန့်ပေးသည့်အခါ ၎င်းက ပင်လယ်ကိုရိုက်ခဲ့သည်။ ထိုအခါ ပင်လယ်သည် ခြောက်သွေ့သည့်လမ်း (၁၂) သွယ်အဖြစ် ကွဲသွားပြီး ရေပြင်သည် လမ်းများ၏အကြားတွင် တောင်များပမာရှိနေကြသည်။ အလ္လာဟ်အရှင်မြတ်မိန့်ကြားတော်မူသည် - (ထို့နောက် ငါအရှင်မြတ်သည် (တမန်တော်)မူစာထံသို့ အသင်သည် အသင်၏ တောင်ဝှေးဖြင့် ပင်လယ်ကို ရိုက်ခတ်လိုက်ပါဟု အမိန့်ပေးတော်မူခဲ့သည်။ ထိုအခါ ပင်လယ်သည် ကွဲသွားပြီး ရေပြင်ကြီးများသည် ကြီးမားသည့် တောင်ကြီးများကဲ့သို့ ဖြစ်သွားခဲ့ကြသည်။) စူရဟ် ရှိုအရာအ် : အာယသ် ( ၆၃ )
ဒုတိယ ဥပမာမှာ - အီစာ(အလိုင်းဟိစ္စလာမ်)၏ မုအ်ဂျိဇဟ်ဖြစ်သည်။ ၎င်းသည် အလ္လာဟ်အရှင်မြတ်၏အမိန့်ဖြင့် သေသူတို့အား ပြန်လည်ရှင်စေကာ၊ ၎င်းတို့အားမိမိတို့၏ ကဗရ်သင်းချိုင်းများမှထွက်စေခဲ့သည်။ ဤသည်နှင့် စပ်လျဥ်း၍ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ- (၎င်းအပြင် ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏အမိန့်ဖြင့် သေသူများအားရှင်စေနိုင်ပေသည်။) စူရဟ် အာလိအင်မ်ရားန် : အာယသ် ( ၄၉ ) ဆက်လက်၍ မိန့်ကြားတော်မူသည်မှာ - (ထို့ပြင် တစ်ခါက အသင်သည် ငါအရှင်မြတ်၏ အမိန့်တော်ဖြင့် သေသူများကို (ရှင်အောင်လုပ်ပြီး သင်္ချိုင်းထဲမှ) ထွက်စေသည်။) စူရဟ် မာအိဒဟ် : အာယသ် ( ၁၁၀ )
တတိယ ဥပမာမှာ - တမန်တော်မုဟမ္မဒ်(ﷺ)၏ မုအ်ဂျိဇဟ်ဖြစ်သည်။ ကိုရိုက်ရှ်မျိုးနွယ်ဝင်တို့က တမန်တော်မြတ်အား တန်ခိုးတော်တစ်ခု ပြသရန်တောင်းဆိုသည့်အခါ တမန်တော်မြတ်က "လ" ဘက်သို့ လက်ဖြင့်ညွှန်တော်မူရာ လမှာ နှစ်ခြမ်းကွဲသွားပြီး ထိုအချင်းအရာကို လူတို့မြင်တွေ့ခဲ့ကြသည်။ ဤသည်နှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်က မိန့်တော်မူသည်မှာ- (ကိယာမသ်ရှင်ပြန်ထရမည့်အချိန်သည် နီးကပ်ခဲ့ပြီဖြစ်သည်။ ထို့ပြင် လ သည်လည်းနှစ်ခြမ်းကွဲခဲ့ပြီဖြစ်သည်။ ထို့ပြင် သူတို့သည် သက်သေ လက္ခဏာ တစ်စုံတစ်ရာကို တွေ့မြင်ကြလျှင်လည်း ကျောခိုင်းသွားသည့် အပြင် (ဤသည်) ယခင်ကတည်းက ဆင်းသက်လာသော မှော်အတတ်ပညာပင် ဖြစ်သည်ဟု ပြောဆိုနေကြသည်။) စူရဟ် ကမရ် : အာယသ် ( ၁-၂ )
ဤသည်တို့မှာ အလ္လာဟ်အရှင်မြတ်က မိမိ၏ရစူလ်တမန်တော်များကို အားပေးထောက်ပံ့ရန်နှင့် ၎င်းတို့အောင်နိုင်မှုရရန်အတွက် ဖြစ်ပေါ်စေခဲ့သောလက်တွေ့သိမြင်နိုင်သည့် သက်သေလက္ခဏာတော်များဖြစ်သည်။ ထိုသက်သေလက္ခဏာတော်များသည် အလ္လာဟ်အရှင်မြတ်တည်ရှိကြောင်း ခိုင်မာစွာညွှန်ပြနေသည့် သက်သေအထောက်အထားများပင်ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်ခြင်းတွင်ရှိရမည့် ဒုတိယအချက်မှာ - ထိုအရှင်မြတ်၏ ရူဗူဗီယသ်အား ယုံကြည်ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းကသာ ‘ရဗ်’ ဖြစ်တော်မူပြီး ထိုအရှင်မြတ်နှင့် ဖက်စပ်ယှဥ်တွဲသူ၊ တွဲဖက်ကူညီသူ ဟူ၍မရှိကြောင်း သက်ဝင်ယုံကြည်ခြင်းဖြစ်သည်။
‘ရဗ်’ဆိုသည်မှာ ဖန်ဆင်းခြင်း၊ စိုးမိုးအုပ်ချုပ်ခြင်း၊ အမိန့်အာဏာတို့ကိုပိုင်ဆိုင်သည့်အရှင်ကို ခေါ်ဆိုသည်။ အလ္လာဟ်အရှင်မြတ်မှအပ ဖန်ဆင်းရှင်ဟူ၍မရှိ၊ ထိုအရှင်မြတ်မှအပ အုပ်ချုပ်မှုအာဏာအားစိုးပိုင်သည့်အရှင်ဟူ၍မရှိ၊ အမိန့်အာဏာဟူသရွေ့သည် ထိုအရှင်မြတ်အတွက်သာဖြစ်တော်မူသည်။ အရှင်မြတ် မိန့်တော်မူသည်မှာ - (ဖန်ဆင်းမှုနှင့် အမိန့်အာဏာသည် အရှင်မြတ်သာ စိုးပိုင်တော်မူသည်ကို မှတ်ထားကြပါ။) စူရဟ် အအ်ရာဖ် : အာယသ် ( ၅၄ ) ထို့ပြင် အရှင်မြတ် မိန့်တော်မူသည် - (ယင်း(သို့ ပြုလုပ်တော်မူသော အရှင်)သည် အသင်တို့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူသည်။ စိုးမိုးအုပ်ချုပ်မှု အာဏာသည် အရှင်မြတ်၌ပင် ရှိသည်။ ထို့ပြင် အရှင်မြတ် မှလွဲ၍ အသင်တို့ ဟစ်ခေါ် တသနေကြသည့် သူများသည် စွန်ပလွံစေ့၌ ကပ်နေသော အမြှေးပါးမျှပင် ပိုင်ဆိုင်ကြသည် မဟုတ်ပေ။) စူရဟ် ဖာသွိရ်: အာယသ် ( ၁၃ )
မိမိပြောစကားကို ကိုယ်တိုင်မယုံကြည်သော်လည်း မာနတရားကြောင့် အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းမှုအား ငြင်းပယ်ခဲ့သည့် ဖိရ်အောင်လိုလူမျိုးမှလွဲ၍ အဖန်ဆင်းခံများအနက် မည်သူမျှ ထိုသို့ငြင်းပယ်ခဲ့ကြောင်း မသိရပေ။ ၎င်းက မိမိ၏အမျိုးသားတို့အား (သို့ဖြစ်၍ ၎င်းက ငါသည် အသင်တို့၏ အကြီးဆုံးရဗ်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။) [စူရဟ် နာဇိအားသ် : အာယသ် ( ၂၄ )] ထို့ပြင် ၎င်းကပြောသည်မှာ (အို-မှူးမတ်တို့၊ ကျွန်ုပ်သည် ကျွန်ုပ်မှလွဲ၍ အသင်တို့တွင် အခြားကိုးကွယ်ရာရှိသည်ဟု မသိပေ။) [စူရဟ် ကစွာစ် : အာယသ် ( ၃၈ )] သို့သော် သူသည် ထိုသို့ပြောကြားစဉ်က (စိတ်တွင်းမှ) ယုံကြည်ကာ ပြောဆိုခြင်းမဟုတ်ပေ။ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည် - (ထို့ပြင် သူတို့၏ စိတ်နှလုံးများသည် ထိုတန်ခိုးများအား ယုံကြည်သော်လည်း သူတို့ကမူ မတရားသဖြင့် မောက်မာပလွှားပြီး ထိုတန်ခိုးတော်များအား ငြင်းပယ်ခဲ့ကြသည်။) စူရဟ်နမ်လ် : အာယသ် ( ၁၄ ) ဖိရ်အောင်န်နှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်က မိန့်ကြားခဲ့သည့်အရာကို မူစာ (အလိုင်းဟိစ္စလာမ်)က ဖိရ်အောင်အား ပြောကြားခဲ့သည်။ (၎င်း(မူစာ)က ပြောသည် ဤ(တန်ခိုး)များကို သိမြင်နိုင်စေသော သက်သေ သာဓကများအဖြစ် မိုးကောင်းကင်များနှင့် မြေပထဝီကို ဖန်ဆင်းတော်မူသော အရှင်မြတ်ကပင် ချပေးတော်မူခဲ့ခြင်းဖြစ်သည်ကို အမှန်စင်စစ် အသင်သိပြီးဖြစ်သည်။ ထို့ပြင်၊ အို- ဖိရ်အောင်န်၊ အမှန်စင်စစ် ကျွန်ုပ်သည် အသင့်အား ဖျက်ဆီးခံရမည့်သူဖြစ်သည်ဟု ထင်မြင်ယူဆသည် ) စူရာ အိစ်ရားအ် : အာယသ် ( ၁၀၂ ) ဤအတွက်ကြောင့်ပင် အမိုက်ခေတ်တွင်ရှိခဲ့သည့် မုရ်ှရိက်တို့သည်အလ္လာဟ်အရှင်မြတ်နှင့် အူလူဟိယသ် (အလ္လာဟ်တစ်ဆူတည်းအား ခဝပ်ကိုးကွယ်ခြင်း)တွင် ဖက်စပ်ယှဉ်တွဲကိုးကွယ်မှု ပြုလုပ်ကြသော်လည်း အလ္လာဟ်အရှင်မြတ်၏ ရူဗူဗီယသ် (အရှင်မြတ်သည် ဖန်ဆင်းရှင်ဖြစ်ခြင်း)အား ဝန်ခံကြသည်။ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည် - ((အို- တမန်တော်) အသင် ပြောလိုက်ပါ- မြေပထဝီနှင့် ၎င်းထဲတွင် ရှိသည့်သူများကို မည်သူ စိုးပိုင်သနည်း ဆိုသည်ကို အသင်တို့ သိကြလျှင် (ငါ့အား ပြောပြကြပါ)။ သူတို့က ပြောဆိုကြလိမ့်မည်- အလ္လာဟ် အရှင်မြတ်ပင် စိုးပိုင်တော်မူသည်။ (အို- တမန်တော်) အသင် ပြောလိုက်ပါ- သို့ဖြစ်လျှင် အဘယ်ကြောင့် အသင်တို့ သတိတရား မရကြသနည်း။ (အို-တမန်တော်) အသင်ပြောလိုက်ပါ၊ မိုးခုနစ်ထပ်ကို စိုးပိုင်တော်မူသော အရှင်နှင့် အလွန် ကြီးကျယ် မြင့်မြတ်သော အရ်ရှ်ပလ္လင်တော်ကို စိုးပိုင်တော်မူသောအရှင်သည် မည်သူနည်း။ သူတို့ကပြောဆိုကျလိမ့်မည် အလ္လာဟ်အရှင်မြတ်ပင်စိုးပိုင်တော်မူ၏။ (အို-တမန်တော်)အသင်ပြောလိုက်ပါ သို့ဖြစ်လျှင် အသင်တို့အဘယ်ကြောင့်(အလ္လာဟ်အား) မကြောက်ကြသနည်း။ (အို- တမန်တော်) အသင်ပြောလိုက်ပါ ထိုအရှင်သည် မည်သူနည်း၊ အရာအားလုံး၏ စိုးပိုင်ခွင့်သည် ထိုအရှင်၏ လက်ထဲ၌ပင်ရှိသည်။ ထို့ပြင် ထိုအရှင်သည် ကာကွယ် စောင့်ရှောက်တော်မူသည်။ ထို့ပြင် ထိုအရှင်နှင့် ဆန့်ကျင်ပြီး မည်သူမျှ ကာကွယ် စောင့်ရှောက်နိုင်ခြင်းမရှိပေ။ အကယ်၍ အသင်တို့ သိကြလျှင် (ထိုအရှင်သည် မည်သူနည်းဆိုသည်ကို ငါ့အား ပြောပြကြပါ)။ သူတို့က ပြောကြလိမ့်မည်- (ဤအရာများကိုလည်း) အလ္လာဟ်အရှင်မြတ်ပင် စိုးပိုင်တော်မူသည်။ သူတို့က ပြောကြလိမ့်မည် (ထိုအရာများသည်လည်း) အလ္လာဟ်အရှင်မြတ်၌ပင် ရှိသည်။ (အို- တမန်တော်) အသင်ပြောလိုက်ပါ သို့ဖြစ်လျှင် အသင်တို့သည် မည်သို့ စုန်းပြုစားခြင်း (လှည့်စားမှု)ကို ခံလိုက်ရသနည်း။) စူရဟ် မုအ်မိနူးန် : အာယသ် (၈၄-၈၉)
အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည် - (ထို့ပြင် အကယ်၍ အသင်သည် သူတို့အား “မိုးကောင်းကင်များနှင့် မြေပထဝီအား မည်သူ ဖန်ဆင်းခဲ့သနည်း”ဟု မေးခဲ့လျှင် သူတို့က ၎င်းတို့ကို တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ အကြွင်းမဲ့ သိတော်မူသောအရှင်က ဖန်ဆင်းခဲ့ခြင်းဖြစ်သည်ဟု အမှန်စင်စစ် ဖြေဆိုကြမည်။) စူရဟ် ဇွခ်ရုဖ် : အာယသ် ( ၉ )
သန့်ရှင်းစင်ကြယ်တော်မူသော အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ - (ထို့ပြင် အကယ်၍ အသင်သည် “သူတို့အား မည်သူဖန်ဆင်းခဲ့သနည်း”ဟု သူတို့ကို မေးမြန်းလျှင် သူတို့က “အလ္လာဟ်အရှင်မြတ်”ဟု အမှန်စင်စစ် ဖြေကြားကြလိမ့်မည်။ ထို့နောက်လည်း သူတို့သည် အဘယ်သို့ ပြန်လှည့် သွားနေကြသနည်း။) စူရဟ် ဇွခ်ရုဖ် : အာယသ် ( ၈၇ )
အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်သည် စကြာဝဠာဆိုင်ရာ ကိစ္စရပ်များနှင့် ရှရီအဟ် တရားတော်ဆိုင်ရာ ကိစ္စရပ်များအားလုံးကို လွှမ်းခြုံထားသည်။ အရှင်မြတ်သည် စကြာဝဠာအား စီမံခန့်ခွဲတော်မူသောအရှင်ဖြစ်ပြီး စကြာဝဠာအတွင်း၌ မိမိ၏ဟိက်မသ် အမြော်အမြင်နှင့်အညီ မိမိအလိုရှိသည့်အတိုင်း စီရင်ဆုံးဖြတ်တော်မူသည်။ ထို့အတူ အရှင်မြတ်သည် မိမိ၏ဟိက်မသ် အမြော်အမြင်ဖြင့် စကြာဝဠာအတွင်း၌ ခဝပ်ကိုးကွယ်မှုဆိုင်ရာ အမိန့်ပညတ်ချက်များ၊ အပေးအယူဆိုင်ရာ အမိန့်ပညတ်ချက်များကို သတ်မှတ်ပြဌာန်းသည့် အရှင်လည်းဖြစ်သည်။ သို့ဖြစ်၍ မည်သူမဆို ခဝပ်ကိုးကွယ်မှုကဏ္ဍ၌ဖြစ်စေ၊ အပေးအယူကဏ္ဍ၌ဖြစ်စေ အလ္လာဟ်အရှင်မြတ်နှင့်အတူ တရားဥပဒေပြဌာန်းသူ၊ စီရင်ဆုံးဖြတ်သူရှိသည်ဟု သတ်မှတ်လျှင် မုချ ထိုသူသည် ရှိရ်က် ကျူးလွန်ခြင်းပင်ပြီး စစ်မှန်သည့် အီမာန်သက်ဝင်ယုံကြည်ခဲ့သူ မဟုတ်ပေ။
အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်ခြင်း၌ပါရှိသည့် တတိယအချက်မှာ အရှင်မြတ်၏ ‘အူလူဟိယသ်’ကို သက်ဝင်ယုံကြည်ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ထိုအရှင်မြတ်သည် တုဖက်နှိုင်းယှဉ်သူကင်း၍ တစ်ဆူတည်းသော စစ်မှန်သည့်ကိုးကွယ်ရာအရှင်ဖြစ်ကြောင်း သက်ဝင်ယုံကြည်ခြင်းဖြစ်သည်။ (အလ်အိလာဟ်)၏ အဓိပ္ပါယ်မှာ ချစ်ခင်မှု၊ ဂုဏ်ပေးလေးစားမှုနှင့်တကွ ခဝပ်ကိုးကွယ်ခြင်း ခံထိုက်သည့်အရှင်ဟူ၍ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည် - (ထို့ပြင် အသင်တို့၏ အရှင်သည် တစ်ပါးတည်း တည်ရှိတော်မူသည့် ကိုးကွယ်ထိုက်သောအရှင်သာ ဖြစ်တော်မူသည်။ ထိုအရှင်မှလွဲ၍ ကိုးကွယ်ထိုက်သောအရှင် မရှိပေ။ (ထိုအရှင်မြတ်သည်) အနန္တကရုဏာတော်ရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်) စူရဟ် ဘကရဟ်: အာယသ် (၁၆၃ ) ထို့ပြင် အလ္လာဟ်အရှင်မြတ်မိန့်ကြားတော်မူသည်မှာ - (အလ္လာဟ်အရှင်မြတ်သည်မိမိမှတပါးအခြားခဝပ်ကိုးကွယ်ရာအရှင်မရှိကြောင်း (မိမိကိုယ်တော်တိုင်) သက်သေခံတော်မူ၏။ ထိုနည်းတူစွာ၊ မလာအိကဟ်ကောင်းကင်တမန်များနှင့်ပညာရှင်သုခမိန်အပေါင်းတို့သည်လည်း (မိမိတို့၏အကျင့်အမူများဖြင့်သက်သေခံခဲ့ကြလေပြီ)ထိုအရှင်မြတ်သည် တရားမျှတစွာစီမံအုပ်ချုပ်လျက်ရှိတော်မူ၏။ ထိုအရှင်မြတ်သည်သာလျှင် ခဝပ်ကိုးကွယ်ရာအရှင်ဖြစ်တော်မူ၍ ထိုအရှင်မြတ်မှတစ်ပါးခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျင်းမရှိပြီ။ (ထိုအရှင်မြတ်သည်) တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်၊ အကျိုးအကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်မြတ်ပင်တည်း )။ စူရဟ်အာလိအင်မ်ရားန် : အာယသ် ( ၁၈ ) မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားတစ်စုံတစ်ရာကို ကိုးကွယ်ရာအဖြစ် သတ်မှတ်ပြီး အလ္လာဟ်ရှင်မြတ်အပြင် ထိုအရာကိုပါ ခဝပ်ကိုးကွယ်ပါက ထိုသူ၏ကိုးကွယ်ဆည်းကပ်မှုသည် လုံးဝမှားယွင်းသည်။ အလ္လာဟ်အရှင်မြတ်မိန့်ကြားတော်မူသည်မှာ - (၎င်း(ကဲ့သို့ ကူညီတော်မူခြင်း)မှာမူ အလ္လာဟ်အရှင်မြတ်သည်ပင် မှန်ကန်သည့် အရှင်ဖြစ်တော်မူပြီး အရှင်မြတ်မှလွဲ၍ သူတို့ ဟစ်ခေါ်ကြသည့် အရာများသည် မုချမှားသည့် အတွက်ကြောင့်နှင့် အမှန်စင်စစ် အလ္လာဟ် အရှင်မြတ်ပင် အလွန် မြင့်မားထွတ်မြတ်လှတော်မူသောအရှင်၊ အလွန် ကြီးကျယ် ထူးကဲမြင့်မြတ်တော်မူသောအရှင် ဖြစ်တော်မူသည့်အတွက်ကြောင့်ဖြစ်သည်။) စူရဟ် ဟဂျ် : အာယသ် (၆၂ ) ထိုအရာများကို ကိုးကွယ်ရာများဟု အမည်ပေးခြင်းသည် ၎င်းတို့အား ခဝပ်ကိုးကွယ်ထိုက်သည့် အခွင့်အရေးကို မပေးစွမ်းနိုင်ပါ။ အလ္လာဟ်အရှင်မြတ်က လားသ်၊ အွတ်ဇာ၊ မနားသ်တို့နှင့် ပတ်သက်၍ မိန့်ကြားတော်မူသည်မှာ - (၎င်း(ရုပ်တုများ)သည် အသင်တို့ကိုယ်တိုင်နှင့် အသင်တို့၏ အဘ၊ ဘိုး၊ ဘေးများက မှည့်ခေါ်ထားသော အမည်များပင် ဖြစ်ကြသည်။ အလ္လာဟ် အရှင်မြတ်သည် ထိုအရာများနှင့် ပတ်သက်၍ မည်သည့် အထောက်အထားမျှ ချပေးခဲ့ခြင်းမရှိပေ။) စူရဟ် နဂျ်မ် : အာယသ် ( ၂၃ )
ထို့ပြင်အရှင်မြတ်သည် ဟူဒ် (အလိုင်းဟိစ္စလာမ်) နှင့်ပတ်သက်၍ မိန့်ကြားတော်မူခဲ့သည် ။ ၎င်းက မိမိ၏အမျိုးသားတို့အား ဤသို့ပြောဆိုခဲ့သည်။ (အသင်တို့သည် အသင်တို့နှင့် အသင်တို့၏ အဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်များ မှည့်ခေါ်ထားခဲ့ကြသော အမည်နာမများနှင့် ပတ်သက်၍ ငါနှင့်အငြင်းအခုံ ပြုလုပ်ကြသည်လော။ အလ္လာဟ်အရှင်မြတ်သည် ၎င်း(အမည်နာမများ)နှင့် ပတ်သက်၍ မည်သည့်အထောက်အထားမျှ ချပေးတော်မမူခဲ့ပေ။) စူရဟ် အအ်ရာဖ် : အာယသ် ( ၇၁ )
ထို့ပြင် အရှင်မြတ်သည် ယူစွဖ် (အလိုင်းဟိစ္စလာမ်)နှင့်ပတ်သက်၍ မိန့်ကြားတော်မူခဲ့သည်။ ၎င်းက ထောင်သားနှစ်ဦးအား ပြောကြားသည်မှာ - (အို- ထောင်ကျဖော်ကျဖက် မိတ်ဆွေနှစ်ဦး၊ အကွဲကွဲ အပြားပြား ကိုးကွယ်ရာများသည် ပို၍ ကောင်းပါသလော၊ သို့မဟုတ် အဖန်ဆင်းခံ အားလုံး အပေါ် လွှမ်းမိုးထားတော်မူသော တစ်ပါးတည်းအရှင်ဖြစ်သော အလ္လာဟ် အရှင်မြတ်သည် ပိုကောင်းတော်မူပါသလော။ အသင်တို့သည် အရှင်မြတ်အားစွန့်၍ အသင်တို့၏ အဘ၊ ဘိုး၊ ဘေးများနှင့် အသင်တို့ ကိုယ်တိုင် အမည် မှည့်ထားသော အရာများကိုသာ ကိုးကွယ်နေကြသည်။ အလ္လာဟ် အရှင်မြတ်သည် ထိုအရာများနှင့် ပတ်သက်၍ မည်သည့် သက်သေ အထောက်အထားမျှ ချပေးတော်မမူခဲ့ပေ။) စူရဟ် ယူစွဖ် : အာယသ် ( ၃၉-၄၀ )
ထို့ကြောင့်ပင် ရစူလ်တမန်တော်များက မိမိတို့၏အမျိုးသားများအား ပြောဆိုခဲ့ကြသည်မှာ - ( အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ကြပါ။ အသင်တို့တွင် ထိုအရှင်မြတ်မှလွဲ၍ (အခြား)ကိုးကွယ်ထိုက်သည့်အရှင် မရှိပေ။ ) စူရဟ် အအ်ရာဖ် : အာယသ် ( ၅၉ ) သို့သော် မုရှ်ရိက်တို့သည် ထိုမိန့်ကြားချက်အားငြင်းပယ်ခဲ့ကြပြီး အလ္လာဟ်အရှင်မြတ်အပြင် အခြားကိုးကွယ်ရာများ သတ်မှတ်ကာ၊ ချို့တဲ့မှုအပေါင်းမှ ကင်းစင်တော်မူသော ကြီးကျယ်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်နှင့်အတူ ထိုကိုးကွယ်ရာများကို ယှဉ်တွဲကိုးကွယ်ကြပြီး ၎င်းတို့ထံ၌ အကူအညီတောင်းခံခြင်း၊ ဒုက္ခများမှကယ်တင်ရန် တောင်းခံခြင်းများ ပြုလုပ်ခဲ့ကြသည်။
အလ္လာဟ်အရှင်မြတ်သည် မုရှ်ရိက်တို့က ရုပ်တုများကို ကိုးကွယ်ရာအရှင်အဖြစ်သတ်မှတ်ခြင်းအား ယုတ္တိတန်သည့် ခိုင်မာသောသက်သေအထောက်အ ထားနှစ်ရပ်ဖြင့် ချေဖျက်တော်မူခဲ့သည်။
ပထမတစ်ခုမှာ - ၎င်းတို့ သတ်မှတ်ထားသော ကိုးကွယ်ရာများတွင် ခဝပ်ကိုးကွယ်ထိုက်သည့် ဂုဏ်အရည်အချင်းတစ်ခုမျှမရှိပေ။ ၎င်းတို့သည် အဖန်ဆင်းခံများသာဖြစ်ကြပြီး မည်သည်ကိုမျှ ဖန်ဆင်းခဲ့ခြင်းမရှိပေ။ မိမိတို့အား ခဝပ်ကိုးကွယ်ကြသူများအတွက် မည်သည့်ကောင်းကျိုးမျှ မဆောင်ကြဉ်းပေးနိုင်သလို မည်သည့်ဆိုးကျိုးကိုမျှ မဖယ်ရှားပေးနိုင်ပေ။ ထို့ပြင် ထိုကိုးကွယ်ရာများသည် ကိုးကွယ်သူများ၏ ရှင်ခြင်း၊ သေခြင်းကိုလည်း မပိုင်ဆိုင်ကြပေ။ မိုးကောင်းကင်များ၌ မည်သည့်တစ်စုံတစ်ရာကိုမျှ မပိုင်ဆိုင်သလို၊ စိုးမိုးအုပ်ချုပ်မှု၌လည်း ဖက်စပ်ပါဝင်ခြင်း မရှိကြပေ။
အလ္လာဟ်အရှင်မြတ်မိန့်ကြားတော်မူသည်- (ထို့ပြင် ၎င်း(မုရှ်ရိက်)တို့သည် အရှင်မြတ်အပြင် အခြားကိုးကွယ်ရာများကို ပြုလုပ်ကိုးကွယ်ခဲ့ကြသည်။ ထိုကိုးကွယ်ရာများသည် မည်သည့်အရာကိုမျှ မဖန်ဆင်းနိုင်ကြသည့်အပြင် သူတို့ ကိုယ်တိုင်ပင် ပြုလုပ်ဖန်ဆင်းခံထားကြရသည်။ ထို့ပြင် သူတို့သည် သူတို့ ကိုယ်တိုင်နှင့် ပတ်သက်၍ပင် မည်သည့် ဆိုးကျိုး၊ ကောင်းကျိုးမျှ ပိုင်ဆိုင်ကြသည် မဟုတ်ပေ။ ထို့ပြင် သူတို့သည် (မည်သူ့ကိုမျှ) အသက်သေစေခြင်း၊ ရှင်စေခြင်း၊ ပြန်ရှင်ထစေခြင်းတို့အား ပိုင်ဆိုင်ကြသည်လည်း မဟုတ်ပေ။ ) စူရဟ် ဖုရ်ကားန် : အာယသ် ( ၃ )
အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည် - ((အို-တမန်တော်) အသင် ပြောလိုက်ပါ အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အသင်တို့ ထင်မှတ် ကိုးကွယ်ခဲ့ကြသည့်သူများကို ဟစ်ခေါ်ကြပါ။ သူတို့သည် မိုးကောင်းကင်များတွင်လည်းကောင်း၊ မြေပထဝီတွင်လည်းကောင်း အဏုမြူအလေးချိန်မျှပင် ပိုင်ဆိုင်ကြသည် မဟုတ်ပေ။ ထို့ပြင် ထိုနှစ်ခု၌ သူတို့၏ ဖက်စပ်ပါဝင်မှုလည်း မရှိပေ။ ထို့ပြင် သူတို့ထဲမှ အရှင်မြတ်အား ရိုင်းပင်းကူညီသူလည်း မည်သူမျှမရှိပေ။ ထို့ပြင် အရှင်မြတ်ထံတော်တွင် အရှင်မြတ်ခွင့်ပြုတော်မူသောသူမှလွဲ၍ အခြားမည်သူ၏ ကြားဝင်အသနားခံပေးမှုမျှ အကျိုးရှိမည်မဟုတ်ပေ )။ စူရဟ် စဘအ် : အာယသ် ( ၂၂-၂၃ ) ထို့ပြင် အရှင်မြတ်မိန့်ကြားတော်မူသည်မှာ - (ထိုအရာများသည် မည်သည့် အရာကိုမျှ မဖန်ဆင်းနိုင်သည့်အပြင် ထိုအရာများကိုယ်တိုင် ဖန်ဆင်းခံထားရသောအရာများ ဖြစ်နေပါလျက် ထိုအရာများကို သူတို့သည် (အလ္လာဟ် အရှင်မြတ်နှင့်) တုဖက် ကိုးကွယ်ကြသလော။ ထို့ပြင် ထိုအရာများသည် သူတို့အား မည်သည့်အကူအညီမျှ မပေးနိုင်ကြသည်သာမက သူတို့ကိုယ်ကို သူတို့လည်း ကူညီနိုင်ကြသည် မဟုတ်ပေ။) စူရဟ် အအ်ရာဖ် ( ၁၉၁ - ၁၉၂ )
ကိုးကွယ်ရာများ၏အခြေနေမှာ ဤသို့ဖြစ်လျှင် ၎င်းတို့အား ကိုးကွယ်ရာအဖြစ် သတ်မှတ်ခြင်းမှာ အလွန်ပင် အသိဉာဏ်ကင်းမဲ့ပြီး အလွန်မှားယွင်းသည့်လုပ်ရပ်ဖြစ်သည်။
ဒုတိယအချက်မှာ - ဤမုရှ်ရိက်များသည် အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းကသာ ဖန်ဆင်းမွေးမြူတော်မူသောအရှင်ဖြစ်ပြီး ထိုအရှင်မြတ်၏ လက်တော်၌သာ အရာခပ်သိမ်း၏ စိုးမိုးအုပ်ချုပ်မှုရှိသည်။ ထိုအရှင်မြတ်သည် ကာကွယ်စောင့်ရှောက်တော်မူပြီး ထိုအရှင်မြတ်နှင့်ဆန့်ကျင်၍ ကာကွယ်စောင့်ရှောက်နိုင်ခြင်းမရှိပါဟု ဝန်ခံထွက်ဆိုကြသည်။ ဤသို့ဝန်ခံထွက်ဆိုခြင်းက အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းကိုသာ ဖန်ဆင်းအရှင်အဖြစ်သတ်မှတ်သလို အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ထိုက်သည့်အရှင်အဖြစ်သတ်မှတ်ရန် အရေးကြီးကြောင်း ဖော်ပြနေသည်။ ဤသည် အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူထားသည့် အတိုင်းပင်ဖြစ်သည်။ ( အို-လူသားအပေါင်းတို့၊ အသင်တို့သည် အမိန့်နာခံပြီး အပြစ်ရှောင်ကြဥ်သူများ ဖြစ်ကြရန်အတွက် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်ကို ခဝပ်ကိုးကွယ်ကြပါ။ ထိုအရှင်သည် အသင်တို့ကိုသာမက အသင်တို့ မတိုင်မီရှိသူများကိုလည်း ဖန်ဆင်းတော်မူခဲ့သည့်အရှင်ဖြစ်တော်မူသည်။ ထိုအရှင်မြတ်သည် အသင်တို့အတွက် ကမ္ဘာမြေကြီးကို အခင်းအဖြစ်နှင့် ကောင်းကင်ကို အမိုးအဖြစ် ပြုလုပ်ပေးတော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် ကောင်းကင်မှ မိုးရေကို ရွာသွန်းစေတော်မူခဲ့ပြီး အသင်တို့အတွက် စားနပ်ရိက္ခာအဖြစ် ထိုမိုးရေဖြင့် အသီးအနှံများကို ထွက်ပေါ် စေတော်မူခဲ့သည်။ သို့ဖြစ်ရာ အသင်တို့သည် အသင်တို့ သိနေကြပါလျက် အလ္လာဟ်အရှင်မြတ်နှင့် ယှဉ်တွဲကိုးကွယ်မှုများ မပြုလုပ်ကြနှင့်။) စူရဟ်ဘကရဟ် :အာယသ် ( ၂၁-၂၂ )
အရှင်မြတ်က မိန့်တော်မူသည်မှာ - (ထို့ပြင် အကယ်၍ အသင်သည် “သူတို့အား မည်သူဖန်ဆင်းခဲ့သနည်း”ဟု သူတို့ကို မေးမြန်းလျှင် သူတို့က “အလ္လာဟ် အရှင်မြတ်”ဟု အမှန်စင်စစ် ဖြေကြားကြလိမ့်မည်။ ထို့နောက်လည်း သူတို့သည် အဘယ်သို့ ပြန်လှည့် သွားနေကြသနည်း) စူရဟ် ဇွခ်ရွဖ် : အာယသ် ( ၈၇ )
အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည် - ((အို- တမန်တော်) အသင် ပြောလိုက်ပါ “အသင်တို့ကို မိုးကောင်းကင်နှင့် မြေပထဝီမှ စားနပ်ရိက္ခာကို မည်သူ ထောက်ပံ့သနည်း။ သို့မဟုတ် ကြားခြင်းနှင့် မြင်ခြင်းများကို မည်သူစိုးပိုင်သနည်း။ ၎င်းနောက် မည်သူက သက်ရှိကို သက်မဲ့ထဲမှ ထွက်စေပြီး သက်မဲ့ကို သက်ရှိထဲမှ ထွက်စေသနည်း။ ထို့ပြင် မည်သူသည် ကိစ္စဟူသမျှကို စီမံခန့်ခွဲသနည်း”။ သူတို့က “အလ္လာဟ်အရှင်မြတ်” ဟူ၍ ပြောကြလိမ့်မည်။ ထို့အတွက် အသင် ပြောလိုက်ပါ- “သို့ဖြစ်ပါလျက် အသင်တို့သည် (တွဲဖက် ကိုးကွယ်ခြင်းမှ) မရှောင်ကြလေသလော။ သို့ဖြစ်ရာ ထို(အရာများကို အလွန်ပြုလုပ်နိုင်သော) အရှင်သည် ထာဝရအမှန်တရား ဖြစ်တော်မူသည့် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူသည်။ သို့ဖြစ်ရာ အမှန်တရား၏ နောက်တွင် အမှားမှလွဲ၍ အခြားမည်သည့်အရာ ရှိတော့သနည်း။ ထိုသို့ ဖြစ်ပါလျက် အသင်တို့သည် အဘယ်သို့ ပြန်လှည့် သွားကြသနည်း )။ စူရဟ် ယူနွတ်စ် : အာယသ် ( ၃၁-၃၂ )
အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်မှု၌ပါဝင်သည့် စတုတ္ထအချက်မှာ - ထိုအရှင်မြတ်၏နာမတော်များနှင့် ဂုဏ်တော်များကို သက်ဝင်ယုံကြည်ခြင်းဖြစ်သည်။
ဆိုလိုသည်မှာ ကုရ်အာန်ကျမ်းမြတ်၌ အလ္လာဟ်အရှင်မြတ်က မိမိအတွက် အတည်ပြုထားသည့် ဂုဏ်တော်၊နာမတော်များနှင့် ဟဒီးဆ်တော်၌ အရှင်မြတ်၏ရစူလ်တမန်တော်က အတည်ပြုထားသည့် ဂုဏ်တော်၊နာမတော်များကို အဓိပ္ပါယ်ပြောင်းလဲဖွင့်ဆိုခြင်း၊ ငြင်းပယ်ခြင်း၊ ပုံသဏ္ဌာန်သတ်မှတ်ခြင်း၊ ပမာပေးခြင်းတို့မပြုဘဲ အရှင်မြတ်နှင့် ထိုက်တန်သည့်အတိုင်းရှိသည်ဟု လက်ခံအတည်ပြုခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည် - (ထို့ပြင် အလ္လာဟ်အရှင်မြတ်တွင် ကောင်းမြတ်သော (ဂုဏ်)နာမတော်များရှိသည်။ သို့ဖြစ်ရာ အသင်တို့သည် အရှင်မြတ်အား ၎င်း(နာမတော်များ)ဖြင့် ဟစ်ခေါ်(တသ)ကြပါ။ ထို့ပြင် အသင်တို့သည် အရှင်မြတ်၏ နာမတော်များနှင့် ပတ်သက်၍ တိမ်းချော်စေသူများအား စွန့်ပယ်ထားကြပါ။ သူတို့သည် သူတို့၏ အပြုအမူများနှင့် ပတ်သက်၍ မကြာမီ အစားပေးခြင်းခံကြရမည်)။ စူရဟ် အအ်ရာဖ် : အာယသ် ( ၁၈၀ ) ၎င်းအပြင် အရှင်မြတ်မိန့်ကြားတော်မူသည် - (ထို့ပြင် မိုးကောင်းကင်များနှင့် မြေပထဝီတွင် အရှင်မြတ်၌သာ အလွန်ထူးကဲ မြင့်မားထွတ်မြတ်လှသော ဂုဏ်ထူးဝိသေသ ရှိတော်မူသည်။ ထို့ပြင် အရှင်မြတ်သည် တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ ပညာဉာဏ် အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။ ) စူရဟ် ရူးမ် : အာယသ် ( ၂၇ ) အရှင်မြတ်မိန့်ကြားတော်မူသည် - (အရှင်မြတ်နှင့် တူသည့်အရာဟူ၍ မရှိပေ။ အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့မြင်တော်မူသောအရှင် ဖြစ်တော်မူသည်) စူရဟ် ရှုရာ : အာယသ် ( ၁၁ )
အရှင်မြတ်၏ နာမတော်များနှင့် ဂုဏ်တော်များနှင့် ပတ်သက်၍ အုပ်စုနှစ်စုလမ်းမှားခဲ့ကြသည်။
ပထအုပ်စုမှာ- “မုအသ်သွိလဟ်”ဖြစ်သည်။ ၎င်းတို့က ဂုဏ်တော်၊ နာမတော်များကို အရှိအတိုင်း အလ္လာဟ်အရှင်မြတ်အတွက် လက်ခံအတည်ပြုခြင်းကို (သရှ်ဗီးဟ်) အလ္လာဟ်အရှင်မြတ်အား အဖန်ဆင်းခံများနှင့် ခိုင်းနှိုင်းရာရောက်သည်ဟု ထင်မြင်ယူဆကြပြီး ဂုဏ်တော်၊ နာမတော်အားလုံး သို့မဟုတ် အချို့ကို ငြင်းပယ်ခဲ့ကြသည်။ ဤထင်မြင်ချက်သည် ဘက်ပေါင်းစုံမှ မှားယွင်းနေသည်။ ၎င်းတို့အနက် အချို့မှာ -
၁။ အလ္လာဟ်အရှင်မြတ်၏ ကလာမ် နှုတ်ကပါဌ်တော်တွင် ဝိရောဓိဖြစ်နေသည်ဟူသော မှားယွင်းသည့် စွပ်စွဲချက်များ ပါဝင်နေသည်။ အဘယ့်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် မိမိအတွက် ဂုဏ်တော်၊ နာမတော်များကို အတည်ပြုထားပြီး၊ မိမိနှင့် ပမာတူရှိခြင်းကို ငြင်းပယ်ထားတော်မူသည်။ အကယ်၍ ဂုဏ်တော်၊ နာမတော်များအား အရှိအတိုင်းအတည်ပြု လက်ခံခြင်းမှာ ခိုင်းနှိုင်းရာရောက်သည်ဆိုပါက အလ္လာဟ်အရှင်မြတ်၏ ကလာမ် နှုတ်ကပါဌ်တော်များ ဝိရောဓိဖြစ်ကာ အရှင်မြတ်၏နှုတ်ကပါဌ်တော်တစ်ခုသည် နောက်နှုတ်ကပါဌ်တော်တစ်ခုအား ငြင်းပယ်ရာရောက်လိမ့်မည်ဖြစ်သည်။
အရာနှစ်ခုသည် အမည်နာမ သို့မဟုတ် ဂုဏ်အရည်အချင်း တူရုံမျှဖြင့် ထိုအရာနှစ်ခုမှာ ထပ်တူထပ်မျှ တူညီသည်ဟု ဆို၍မရပေ။ သင့်အနေဖြင့် လူနှစ်ဦးအား လူဖြစ်ခြင်း၊ ကြားနိုင်ခြင်း၊ မြင်နိုင်ခြင်း၊ စကားပြောနိုင်ခြင်းတို့တွင် တူညီကြောင်း တွေ့ရလိမ့်မည်။ သို့သော် ထိုသို့တူညီရုံမျှဖြင့် ၎င်းတို့နှစ်ဦးစလုံး လူဖြစ်ခြင်း၌လည်းကောင်း၊ ကြားခြင်း၊ မြင်ခြင်း၊ စကားပြောခြင်း၌တွင်လည်းကောင်း ထပ်တူထပ်မျှတူမျှတူညီသည်ဟု ဆို၍မရပေ။
တရိစ္ဆာန်များတွင်လည်း ခြေ၊ လက်၊ မျက်လုံးများရှိကြသည်ကို သင်တွေ့ရလိမ့်မည်။ ထိုသို့ရှိကြောင်း တူညီရုံမျှနှင့် ၎င်းတို့၏ ခြေ၊ လက်၊ မျက်လုံးများအားလုံး ထပ်တူထပ်မျှတူညီသည်ဟု သတ်မှတ်ခွင့်မရှိပါ။
နာမည်များ၊ ဂုဏ်အရည်အချင်းများတူကြသည့် အဖန်ဆင်းခံများကြား၌ပင် ကွဲပြားခြားနားမှု ထင်ရှားပေါ်လွင်ပါက ဖန်ဆင်းရှင်နှင့် အဖန်ဆင်းခံများကြားရှိ ကွဲပြားခြားနားမှုမှာ နှိုင်းမရအောင်ပင် ကွာခြားသည်မှာ ပေါ်လွင်ထင်ရှားလှသည်။
ဒုတိယအုပ်စုမှာ - “မုရှဘ်ဘိဟဟ်”အုပ်စုဖြစ်သည်။ ၎င်းတို့သည် အရှင်မြတ်၏ နာမတော်နှင့် ဂုဏ်တော်များကို အဖန်ဆင်းခံတို့နှင့်ခိုင်းနှိုင်းကာ အတည်ပြုလက်ခံကြသည်။ ၎င်းတို့က အလ္လာဟ်အရှင်မြတ်သည် ကျေးကျွန်များအား ၎င်းတို့နားလည်သည့်ပုံစံဖြင့်သာ မိန့်ကြားပြောဆိုသည့်အတွက် ဤသည် ကုရ်အာန်ကျမ်းမြတ်နှင့် စွန္နသ်တော်၏ ညွှန်ပြချက်များ၏ တောင်းဆိုမှုပင်ဖြစ်သည်ဟု ယူဆကြသည်။ သို့သော် ဤယူဆချက်သည် အောက်ပါအကြောင်းများကြောင့် မမှန်ကန်ပါ။
၁။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏အဖန်ဆင်းခံနှင့် တူဆင်သည်ဟု ယူဆခြင်းသည် အသိဉာဏ်နှင့် တရားတော်ကပါ ချေဖျက်ထားသောအရာဖြစ်ပြီး ကုရ်အာန်ကျမ်းမြတ်နှင့် စွန္နသ်တော်သည် မမှန်ကန်သော ကိစ္စတစ်ခုအား တောင်းဆိုသည်ဆိုသည်မှာ မဖြစ်နိုင်ပါ။
၂။ အလ္လာဟ်အရှင်မြတ်သည် ကျေးကျွန်များအား ၎င်းတို့နားလည်သည့် အဓိပ္ပါယ်ဖြင့်သာ မိန့်ကြားတော်မူခဲ့သည်။ သို့သော် ထိုအဓိပ္ပါယ်၏ သဘောတရား အစစ်အမှန်နှင့် ဖြစ်တည်မှုသည် မိမိ၏ ဇာတိတော်၊ ဂုဏ်တော်များနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်က မိမိ၏ အသိပညာ၌သာ ဖုံးကွယ်ထားသောအရာများအနက်မှ တစ်ခုဖြစ်သည်။
အကယ်၍ အလ္လာဟ်အရှင်မြတ်က မိမိသည် စမီးအ် (အကြွင်းမဲ့ကြားတော်မူသောအရှင်) ဖြစ်ကြောင်းအတည်ပြုထားပါက၊ ကြားခြင်း၏ မူလအနက်အဓိပ္ပါယ်အရ (အသံများကို ကြားခြင်းဖြစ်ကြောင်း) သိရှိရသည်။ သို့သော် ထိုသို့ကြားခြင်းကို အရှင်မြတ်ဘက်သို့ ရည်ညွှန်းပါက အလ္လာဟ်အရှင်မြတ်ကြားတော်မူခြင်းနှင့် ပတ်သက်သည့် သဘောတရားအစစ်အမှန်ကိုမူ မသိရှိနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ကြားခြင်း၏ သဘောတရား အစစ်အမှန်သည် အဖန်ဆင်းခံများကြား၌ပင် ကွဲပြားခြားနားပေရာ ဖန်ဆင်းရှင်နှင့် ဖန်ဆင်းခံကြား၌ ယင်းနှင့်ပတ်သက်သည့် ကွဲပြားခြားနားမှုမှာ ပို၍ပင်ပေါ်လွင်ထင်ရှားလှပေသည်။
အကယ်၍ အလ္လာဟ်အရှင်မြတ်က မိမိနှင့်ပတ်သက်၍ မိမိသည် အရ်ရှ်ပလ္လင်တော်ထက်ဝယ် စံမြန်းနေသည်ဟု အသိပေးမိန့်ကြားထားပါက၊ စံမြန်းခြင်းကို မူလအဓိပ္ပါယ်အရ သိရှိနိုင်သော်လည်း အလ္လာဟ်အရှင်မြတ်၏ အရ်ရှ်ပလ္လင်တော်ထက်ဝယ် စံမြန်းတော်မူခြင်း၏ သဘောတရားအစစ်အမှန်ကိုမူ ကျွန်ုပ်တို့မသိနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် စံမြန်းခြင်း၏ သဘောတရားအစစ်အမှန်မှာ အဖန်ဆင်းခံများကြား၌ပင် ကွဲပြားနေသည့်အတွက်ဖြစ်သည်။ တည်ငြိမ်ခိုင်ခန့်သည့် ကုလားထိုင်ပေါ်တွင် စံမြန်းခြင်းမှာ ခက်ခဲ၍မနှစ်မြို့ဖွယ်ကောင်းသည့် ကုလားအုပ်ကုန်းနှီးပေါ်တွင် စံမြန်းခြင်းကဲ့သို့မဟုတ်ပေ။ အကယ်၍ စံမြန်းခြင်း၏ သဘောတရားသည် အဖန်ဆင်းခံများကြား၌ပင် ကွဲပြားခြားနားသည်ဆိုပါက ဖန်ဆင်းရှင်နှင့် အဖန်ဆင်းခံတို့ကြား ကွဲပြားခြားနားမှုမှာ ပို၍ထင်ရှားပြီး ပို၍ကြီးမားလှပေသည်။
ကျွန်ုပ်တင်ပြခဲ့သည့်အတိုင်း အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်ခြင်းသည် မုအ်မင်န်များအဖို့ ကြီးကျယ်လှသည့်အကျိုးကျေးဇူးများ ရရှိစေသည်။ ၎င်းတို့အနက်အချို့မှာ -
၁။ အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းကိုသာ မှန်ကန်စွာ ခဝပ်ကိုးကွယ်နိုင်မည်ဖြစ်သည်။ မျှော်လင့်ချက်ထားခြင်း၊ ကြောက်ရွံ့ခြင်းတို့ကို အရှင်မြတ်မှအပ မည်သူနှင့်မျှ ချိတ်ဆက်တော့မည်မဟုတ်သလို၊ အရှင်မြတ်မှအပ အခြားမည်သည့်အရာကိုမျှ ခဝပ်ကိုးကွယ်တော့မည်မဟုတ်ပါ။
၂။ အလ္လာဟ်အရှင်မြတ်အား အရှင်မြတ်၏ လှပတင့်တယ်သည့်နာမတော်များနှင့်ကြီးကြယ်မြင့်မြတ်သည့် ဂုဏ်တော်များက လိုလားသည့်အတိုင်း ပြည့်ဝစွာ ဂုဏ်ပေးလေးစားကာ ချစ်မြတ်နိုးနိုင်မည်။
၃။ အရှင်မြတ် အမိန့်ပေးထားသည့်အရာများကို ဆောင်ရွက်ကာ တားမြစ်ထားသည့်အရာများကို ရှောင်ကြဉ်၍ အရှင်မြတ်အား ခဝပ်ကိုးကွယ်ခြင်းကိုမှန်ကန်စွာ ဆောင်နိုင်မည်ဖြစ်သည်။
*
မလာအိကဟ် ကောင်းကင်တမန်များကို သက်ဝင်ယုံကြည်ခြင်း
မလာအိကဟ် ကောင်းကင်တမန်များဟူသည် အကွယ်လောကတွင်ရှိသော အဖန်ဆင်းခံများဖြစ်ပြီး အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုနာခံကာ ခဝပ်ကိုးကွယ်ကြသူများဖြစ်သည်။ ၎င်းတို့တွင် ဖန်ဆင်းခြင်း၊ ကိုးကွယ်ထိုက်ခြင်းတို့နှင့် သက်ဆိုင်သည့် မည်သည့်ဂုဏ်အရည်အချင်းမျှ မရှိပါ။ အလ္လာဟ်အရှင်မြတ်က ၎င်းတို့အား နူရ်ရောင်ခြည်ဖြင့် ဖန်ဆင်းတော်မူခဲ့ပြီး ၎င်းတို့ကို မိမိ၏အမိန့်ကို အပြည့်အဝ နာခံလိုက်နာမှုကို ချီးမြှင့်တော်မူကာ ထိုအမိန့်အား အကောင်အထည်ဖော်နိုင်ရန် အင်အားကိုလည်း ချီးမြှင့်တော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်မိန့်ကြားတော်မူသည်မှာ - (ထို့ပြင် အရှင်မြတ်၏ အပါးတော်တွင် ရှိနေသည့်သူများသည် အရှင်မြတ်အား ခဝပ်ကိုးကွယ်ခြင်းမှ မာန မထောင်လွှားကြသည့်အပြင် မမောပန်းကြပေ။ သူတို့သည် (အရှင်မြတ်) စင်ကြယ်တော်မူကြောင်းကို နေ့ညမပြတ် အမြဲ ရွတ်ဆိုနေကြသည်။ မရပ်တန့်ကြပေ)။ စူရဟ် အန်ဗီယာအ် : အာယသ် ( ၁၉-၂၀ )
၎င်းတို့၏ အရေအတွက်မှာ များပြားလှပြီး အလ္လာဟ်အရှင်မြတ်မှအပ ၎င်းတို့၏အရေအတွက် အတိအကျကို မည်သူမျှမသိနိုင်ပေ။ ဗိုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်းတွင် မေအ်ရားဂျ်ခရီးစဉ်နှင့်ပတ်သက်၍ အနတ်စ် (ရသွိရလ္လာဟုအန်ဟု) ၏ဟဒီးဆ်လာရှိထားသည်။ ဧကန်အမှန်ပင် တမန်တော်မြတ်(ﷺ)သည် မိုးကောင်းကင်ရှိ ဗိုင်သွလ်မအ်မူးရ်ကို ပြသခြင်းခံရသည်။ ၎င်းဗိုင်သွလ်မအ်မူးရ်တွင် နေ့စဉ်ကောင်းကင်တမန်ပေါင်း ( ၇၀၀၀၀ )ဆွလားသ်ဝတ်ပြုကြသည်။ ၎င်းကောင်းကင်တမန်များသည် (ထိုဗိုင်သွလ်မအ်မူးရ်မှ) ထွက်ပြီးသောအခါ (အလွန်များပြားလှသည့် ကောင်းကင်တမန်များကြောင့်) ထိုနေရာသို့ နောက်တကြိမ်ပြန်လာရန် အခွင့်မသာပေ။
မလာအိကဟ် ကောင်းကင်တမန်များအား သက်ဝင်ယုံကြည်ရာတွင် အချက်လေးချက်ပါဝင်သည်။
၁။ ၎င်းတို့၏တည်ရှိမှုအား သက်ဝင်ယုံကြည်ခြင်း၊
၂။ ၎င်းတို့အနက် ကျွန်ုပ်တို့အမည်သိရသည့် ကောင်းကင်တမန်အား အမည်နှင့်တကွသက်ဝင်ယုံကြည်ခြင်း (ဥပမာ - ဂျိဗ်ရီလ်) ကျွန်ုပ်တို့အမည်မသိရသည့် ကောင်းကင်တမန်တော်များကို ကျွန်ုပ်တို့သည် ယေဘူယျအားဖြင့်သက်ဝင်ယုံကြည်ရမည်။
၃။ ၎င်းတို့၏ အသွင်သဏ္ဍာန်များအနက် ကျွန်ုပ်တို့သိရှိရသည့်အရာများကို ထိုအတိုင်း သက်ဝင်ယုံကြည်ခြင်း။ ဥပမာ- ဂျိဗ်ရီလ် (အလိုင်းဟိစ္စလာမ်)၏ အသွင်သဏ္ဍာန်၊ တမန်တော်မြတ်(ﷺ)သည် ထိုကောင်းကင်တမန်အား ၎င်း ဖန်ဆင်းခံရသည့် မူလအသွင်သဏ္ဍာန်အတိုင်း မြင်တွေ့ခဲ့သည်။ ၎င်းတွင်အတောင်ပံ ခြောက်ရာရှိပြီး ၎င်းသည် မိုးကုတ်စက်ဝိုင်းအား ပိတ်ဆို့ ကာရံထားသည်။
တစ်ခါတစ်ရံ ကောင်းကင်တမန်များသည် အလ္လာဟ်အရှင်မြတ်၏ အမိန့် တော်ဖြင့် လူသားအသွင်သဏ္ဍာန်သို့ ပြောင်းလဲတတ်သည်။ ဂျိဗ်ရီလ်(အလိုင်းဟိစ္စလာမ်)သည် ဤသို့ပင်ပြုလုပ်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းအား မရ်ယမ်(အလိုင်ဟတ်စ္စလာမ်)ဆီသို့ စေလွှတ်တော်မူခဲ့သည့်အခါ ၎င်းက သူမထံသို့ သာမာန်လူသားတစ်ဦးအသွင် ဆောင်ခဲ့သည်။ ထို့ပြင် တမန်တော်မြတ်(ﷺ)ထံသို့ လာရောက်ခစားခဲ့သည်။ ထိုအချိန်တွင် တမန်တော်မြတ်(ﷺ)သည် မိမိ၏ဆွဟာဗဟ်များနှင့်အတူ ထိုင်နေတော်မူသည်။ ၎င်းသည် တမန်တော်မြတ်ထံသို့ အဝတ်အစား အလွန်ဖြူဖွေးပြီး၊ အလွန်မည်းနက်သည့် ဆံပင်ရှိသည့် လူတစ်ဦးအသွင်ဖြင့် လာရောက်ခဲ့သည်။ ၎င်းတွင် ခရီးသည်၏ လက္ခဏာလည်းမတွေ့ရပေ။ တမန်တော်မြတ်၏ နောက်လိုက်တပည့်သားများအနက် မည်သူမျှ သူ့အားမသိရှိကြပေ။ ၎င်းသည် တမန်တော်မြတ်အနီးတွင်ထိုင်ကာ မိမိ၏ဒူးနှစ်ဖက်အား တမန်တော်မြတ်၏ဒူးနှစ်ဖက်ဖြင့်ထိကာ မိမိ၏လက်ဖဝါးနှစ်ဖက်အား တမန်တော်မြတ်၏ ပေါင်နှစ်ဖက်ပေါ်သို့တင်ထားခဲ့သည်။ ထို့နောက် တမန်တော်မြတ်အား အီမာန်၊ အစ္စလာမ်၊ အိဟ်စားန်၊ ကိယာမသ်နှင့် ကိယာမသ်၏ နိမိတ်လက္ခဏာများနှင့်ပတ်သက်၍ မေးမြန်းခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ﷺ)သည် သူ့အား ပြန်လည်ဖြေကြားတော်မူခဲ့သည်။ ထို့နောက် ၎င်းမှာ ပြန်လည်ထွက်ခွာသွားသည်။ ထို့နောက် တမန်တော်မြတ်(ﷺ)က ဤသူသည် ဂျိဗ်ရီလ်ဖြစ်သည်။ သူသည် အသင်တို့သို့အား အသင်တို့၏သာသနာကို သင်ကြားပေးရန် အသင်တို့ထံ ရောက်လာခဲ့ခြင်းဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။
ထိုတည်းတူ အိဗ်ရာဟီးမ် (အလိုင်းဟိစ္စလာမ်)နှင့် လူသ် (အလိုင်းဟိစ္စလာမ်) တို့ထံ အလ္လာဟ်အရှင်မြတ် စေလွှတ်တော်မူခဲ့သည့် ကောင်းကင်တမန်များမှာလည်း လူသားများအသွင်သဏ္ဍာန်ဖြင့်သာဖြစ်သည်။
၄။ ကောင်းကင်တမန်များအား သက်ဝင်ယုံကြည်ခြင်းတွင်ပါဝင်သည့် စတုတ္ထအချက်မှာ ၎င်းတို့၏တာဝန်များအနက် ကျွန်ုပ်တို့သိရှိရသည့် အရာများအရာများကို သက်ဝင်ယုံကြည်ခြင်းဖြစ်သည်။ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်ထားသည့်တာဝန်များကို ထမ်းဆောင်လျက်ရှိကြသည်။ ဥပမာ - အရှင်မြတ်အား သတ်စ်ဗီဟ်ပြုခြင်း၊ နေ့ညမပြတ် ပျင်းရိငြီးငွေ့ခြင်းမရှိဘဲ အရှင်မြတ်အား အိဗာဒသ်လုပ်ခြင်း စသည်တို့ဖြစ်သည်။
အချို့ကောင်းကင်တမန်များအတွက် သီးခြားတာဝန်များလည်းရှိသည်။
ဥပမာ -သစ္စာရှင် ဂျိဗ်ရီလ် (အလိုင်းဟိစ္စလာမ်)၊ ဝဟီ ပို့ချရန်အတွက်တာဝန်ပေးအပ်ခြင်းခံရသည်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ဝဟီဗျာဒိတ်တော်နှင့်တကွ နဗီတမန်တော်များ၊ ရစူလ်တမန်တော်များထံ စေလွှတ်တော်မူခဲ့သည်။
မီကာအီလ်(အလိုင်းဟိစ္စလာမ်)၊ မိုးရွာသွန်းစေရန်နှင့်ကောက်ပဲသီးနှံများ ပေါက်ရောက်စေရန်အတွက် တာဝန်ပေးအပ်ခြင်းခံရသည်။
အိစ်ရာဖီးလ် (အလိုင်းဟိစ္စလာမ်)၊ ကိယာမသ် ဆိုက်ရောက်လာသည့်အချိန်နှင့် အဖန်ဆင်းခံများ ပြန်လည်ရှင်ပြန်ထသည့်အချိန်တွင် စူရ်ခရာမှုတ်ရန် တာဝန်ပေးအပ်ခြင်းခံရသည် ။
မလကုလ်မောသ် အသက်နှုတ်သည့် ကောင်းကင်တမန်၊ ကွယ်လွန်သည့်အခါ အသက်ဝိညာဉ်များအား နှုတ်ယူရန် တာဝန်ပေးအပ်ခြင်းခံရသည်။
မာလိက်အမည်ရှိသော ကောင်းကင်တမန်သည် ဂျဟန္နမ်အား စောင့်ကြပ်ရန်တာဝန်ပေးခြင်းခံရပြီး ဂျဟန္နမ်ငရဲအား စောင့်ကြပ်သည့်အကြီးဆုံး တာဝန်ခံလည်းဖြစ်သည်။
(မိခင်တို့၏) သားအိမ်များအတွင်းရှိ သန္ဓေသားများနှင့်ပတ်သက်၍ တာဝန်ပေးအပ်ခြင်းခံရသည့် ကောင်းကင်တမန်များ၊ လူသားသည် မိခင်ဝမ်းဗိုက်အတွင်း လေးလပြည့်သည့်အခါ အလ္လာဟ်အရှင်မြတ်သည် ၎င်းထံသို့ ကောင်းကင်တမန်တစ်ပါးစေလွှတ်ကာ ၎င်း၏ ရိုဇီရိက္ခာ၊ ၎င်းနေထိုင်ရမည့်သက်တမ်း၊ ၎င်း၏လုပ်ရပ်များ၊ နဖူးစာဆိုးသူဖြစ်မည် သို့မဟုတ် နဖူးစာကောင်းသူဖြစ်မည် စသည့်အချက်များအား ရေးမှတ်ရန် အမိန့်ပေးတော်မူသည်။
ထို့ပြင် လူသားတို့၏အအ်မာလ်လုပ်ဆောင်ချက်များအား ရေးသားမှတ်တမ်းတင် ထိန်းသိမ်းရန် တာဝန်ပေးအပ်ခြင်းခံရသည့် ကောင်းကင်တမန်များလည်းရှိသည်။ လူတစ်ဦးချင်းစီအတွက် ကောင်းကင်တမန် နှစ်ပါးရှိသည်။ တစ်ပါးမှာညာဘက်တွင်ဖြစ်ပြီး ကျန်တစ်ပါးမှာ ဘယ်ဘက်တွင်ဖြစ်သည်။
ထို့အတူ ကဗရ်တွင်း၌ မြုပ်နှံခြင်းခံရသည့် သေသူများကို စစ်ဆေးမေးမြန်းရန် တာဝန်ပေးအပ်ခြင်းခံရသည့် ကောင်းကင်တမန်များလည်းရှိသည်။ သေသူကို ကဗရ်တွင်း၌ မြုပ်နှံသည့်အခါ ကောင်းကင်တမန်နှစ်ပါးက သူ့ထံရောက်ရှိလာပြီး သူ့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ သူ၏သာသနာ၊ သူ၏နဗီတမန်တော်နှင့် ပတ်သက်၍ မေးမြန်းမည်ဖြစ်သည်။
ကောင်းကင်တမန်များအား သက်ဝင်ယုံကြည်ခြင်းတွင် ကြီးကျယ်လှသည့်အကျိုးကျေးဇူးများရှိသည်။ ၎င်းတို့အနက်အချို့မှာ -
၁။ အလ္လာဟ်အရှင်မြတ်၏ ကြီးကျယ်မှု၊ အင်အားတန်ခိုးနှင့် စိုးမိုးအုပ်ချုပ်မှုတို့ကို သိရှိခြင်း။ အဘယ်ကြောင့်ဆိုသော် အဖန်ဆင်းခံ၏ကြီးကျယ်မှုသည် ဖန်ဆင်းရှင်၏ ကြီးကျယ်မှုကို ညွှန်ပြနေသည်။
၂။ လူသားများအပေါ် အလေးထား ထိန်းသိမ်းစောင့်ရှောက်မှုကြောင့် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင်ခြင်း။ အလ္လာဟ်အရှင်မြတ်သည် ကောင်းကင်တမန်များအနက် အချို့အား လူသားတို့အား ထိန်းသိမ်းစောင့်ရှောက်ရန်၊ ၎င်းတို့၏လုပ်ရပ်များကို ရေးသားမှတ်တမ်းတင်ရန်နှင့် အခြားသော ၎င်းတို့၏ အကျိုးများကို ဆောင်ရွက်ရန်အတွက် တာဝန်ပေးအပ်ထားတော်မူသည်။
၃။ ကောင်းကင်တမန်များသည် အလ္လာဟ်အရှင်မြတ်အား အိဗာဒသ်ခဝပ်ကိုးကွယ်မှုများ ပြုလုပ်သည့်အတွက် ၎င်းတို့အား ချစ်မြတ်နိုးခြင်း။
လမ်းမှားနေသည့်အုပ်စုများအနက်မှ တစ်စုက မလာအိကဟ်များသည် ကိုယ်ခန္ဓာရှိသည့် အဖန်ဆင်းခံဖြစ်ကြောင်းကို ငြင်းပယ်ကြသည်။ ၎င်းတို့က မလာအိကဟ်ဟူသည် အဖန်ဆင်းခံများအတွင်း၌ရှိသော ကောင်းမြတ်သော စွမ်းအင်များကို ကိုယ်စားပြုသည်ဟု ဆိုကြသည်။ ဤသည်အလ္လာဟ်အရှင်မြတ်၏ကျမ်းတော်မြတ်၊ တမန်တော်မြတ်(ﷺ)၏ စွန္နသ်တော်နှင့် မွတ်စ်လင်မ်ထုတစ်ရပ်လုံး၏ အိဂျ်မာအ် တစ်ညီတစ်ညွတ်တည်း လက်ခံမှုတို့ကို ငြင်းပယ်ခြင်းပင်ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်မိန့်ကြားတော်မူသည်မှာ - ( ချီးမွမ်းခြင်း အပေါင်းသည် အကြင်အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်တော်မူသည်။ ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီကို စတင်တီထွင် ဖန်ဆင်းတော်မူသောအရှင်ဖြစ်တော်မူသည်။ ထိုအရှင်မြတ်သည် အတောင်ပံနှစ်ခုနှစ်ခု၊ သုံးခုသုံးခု၊ လေးခုလေးခုရှိသော ကောင်းကင်တမန်များကို စေတမန်များအဖြစ် ပြုလုပ်တော်မူသောအရှင်လည်း ဖြစ်တော်မူသည်။) စူရဟ်ဖာသွိရ် : အာယသ် ( ၁ )
အရှင်မြတ်မိန့်ကြားတော်မူသည်မှာ - (ထို့ပြင် အကယ်၍ အသင်(တမန်တော်)သည် (ဤမြင်ကွင်းကို) မြင်ရလျှင် (အံ့သြသွားမည်)၊ တစ်ခါတွင် ကောင်းကင် တမန်များသည် ကာဖိရ်များ၏ အသက်ကို နှုတ်ယူသောအချိန်၌ သူတို့၏ မျက်နှာများနှင့် သူတို့၏ ကျောကုန်းများကို ရိုက်နှက်ပြီး “အသင်တို့သည် (ငရဲ)မီး၏ ပြစ်ဒဏ်ကို မြည်းစမ်းလိုက်ကြပါ”(ဟု ပြောဆိုကြမည်)။ စူရဟ် အန်ဖားလ် ( ၅၀ )
အရှင်မြတ်မိန့်ကြားတော်မူသည်မှာ - (အကယ်၍ အသင်(တမန်တော်)သည် အကြင်အခါ၌ တွေ့မြင်နိုင်လျှင် ကောင်းလေစွပင်၊ ထိုအခါ၌ မတရားလုပ်သူများသည် သေခြင်း၏ ပြင်းထန်(စွာ ခံစားရ)မှုများတွင် ရှိနေကြလိမ့်မည်။ ထို့ပြင် ကောင်းကင်တမန်များသည် သူတို့၏လက်များကို ဖြန့်လျက် (ဤသို့ ပြောကြမည်) “အသင်တို့သည် အသင်တို့၏ အသက်များအား ထုတ်(ပေး)ကြပါ)။ စူရဟ် အန်အားမ် : အာယသ် (၉၃ )
အရှင်မြတ်မိန့်ကြားတော်မူသည်မှာ - (နောက်ဆုံးတွင် ကြောက်ရွံ့ထိတ်လန့်မှုသည် သူတို့၏ စိတ်နှလုံးများထဲမှ ပပျောက်သွားသည့်အခါ “အသင်တို့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည် မည်သည့်အရာကို မိန့်ကြားတော်မူလိုက်ပါသနည်း”ဟု (သူတို့ အချင်းချင်း) မေးမြန်းကြမည်။ သူတို့က အမှန်ကို (မိန့်ကြားတော်မူခြင်း ဖြစ်သည်)ဟု ဖြေကြားကြမည်။ ထို့ပြင်အရှင်မြတ်သည် အလွန်မြင့်မားထွတ်မြတ်လှတော်မူသော အရှင်၊ အလွန်ကြီးကျယ် ထူးကဲ မြင့်မြတ်တော်မူသော အရှင် ဖြစ်တော်မူသည်) ။ စူရဟ် စဗအ် : အာယသ် ( ၂၃ )
ထို့ပြင် ဂျန္နသ်သီတို့နှင့်ပတ်သက်၍ အရှင်မြတ်မိန့်ကြားတော်မူသည်မှာ - (၎င်းနောက် ကောင်းကင်တမန်များသည် သူတို့ထံသို့ တံခါးပေါက်တိုင်းမှ ဝင်ရောက်ကြမည်။ (ကောင်းကင်တမန်များသည် ဤသို့ နှုတ်ဆက်ကြမည်) အသင်တို့သည် သည်းခံကြံ့ခိုင်ခဲ့ကြသည့်အတွက် ငြိမ်းချမ်းသာယာမှုသည် အသင်တို့အပေါ်တွင် ကျရောက်ပါစေ။ တမလွန်ဘဝ၏ ကောင်းကျိုးသည် အဘယ်မျှ ကောင်းလိုက်သနည်း)။ စူရဟ် ရအ်ဒ် : အာယသ် ( ၂၃ - ၂၄ )
ဆွဟီးဟ် ဗုခါရီကျမ်း၌ အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)မှ တစ်ဆင့် တမန်တော်မြတ်(ﷺ)၏ မိန့်ကြားချက်လာရှိထားသည်။ တမန်တော်မြတ်က အလ္လာဟ်အရှင်မြတ်သည် ဗန္ဒဟ်ကျေးကျွန်တစ်ဦးအား ချစ်ခင်နှစ်သက်ပါက ကောင်းကင်တမန် ဂျိဗ်ရီလ်အား ဟစ်ခေါ်တော်မူ၍ မုချ (ငါ)အလ္လာဟ်အရှင်မြတ်က တစ်ဦးတစ်ယောက်အား ချစ်ခင်နှစ်သက်သည်ဖြစ်၍ အသင်လည်း ၎င်းအား ချစ်ခင်နှစ်သက်လော့ဟု မိန့်ကြားသည်။ ထိုအခါ ဂျိဗ်ရီလ်သည်လည်း ၎င်းဗန္ဒဟ်ကျေးကျွန်အား ချစ်ခင်နှစ်သက်သွားသည်။ တဖန် ဂျိဗ်ရီလ်သည် ကောင်းကင်ဘုံသား (မလာအိကဟ်များ) အားဟစ်ခေါ်ကာ အလ္လာဟ်အရှင်မြတ်သည် တစ်ဦးတစ်ယောက်အား ချစ်ခင်နှစ်သက်တော်မူသည်ဖြစ်၍ အသင်တို့လည်း ၎င်းအားချစ်ခင်နှစ်သက်ကြပါဟု ပြောဆိုသည်။ ထိုအခါ ၎င်းဗန္ဒဟ်အား ကောင်းကင်ဘုံသား (မလာအိကဟ်) များကလည်း ချစ်ခင်နှစ်သက်သွားကြသည်။ တဖန် ၎င်းဗန္ဒဟ်ကျေးကျွန်သည် မြေပထဝီပေါ်၌လည်း လက်ခံသဘောတူခြင်းအား သတ်မှတ်(ချီးမြှင့်) ခံရပေသည် ဟုမိန့်ကြားတော်မူခဲ့သည်။
ဗုခါရီကျမ်း၌ပင် အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ﷺ) မိန့်ကြားတော်မူသည်။ ဂျုမုအဟ်နေ့၌ ဗလီ၏တံခါးပေါက်များအနက် တံခါးပေါက်တိုင်းပေါ်တွင် ကောင်းကင်တမန်များရှိပြီး ၎င်းတို့သည် ဗလီသို့လာရောက်ကြသူများအား (ပထမဦးဆုံးလာသူ၊ ၎င်းနောက်မှ ရောက်လာသူစသဖြင့်) အစဉ်လိုက်ရေးမှတ် မှတ်တမ်းတင်ကြလေသည်။ ထို့နောက် အိမာမ်ရှေ့ဆောင်ဆရာသည် (မင်န်ဗရ်ပေါ်၌ တရားဟောရန်) ထိုင်လိုက်သည့်အခါ ၎င်းတို့သည် မှတ်တမ်းစာရွက်များအား ခေါက်လိပ် (ပိတ်)ကာ ခွသ်ဗဟ်အား နားဆင်ရန် (ဗလီတွင်းသို့ ) လာရောက်ကြသည်။
ကုရ်အာန်ကျမ်းမြတ်နှင့် စွန္နသ်တော်ရှိ ဤမိန့်ကြားချက်များအရ မလာအိကဟ် ကောင်းကင်တမန်များသည် ကိုယ်ခန္ဓာရှိသည့် အဖန်ဆင်းခံဖြစ်ပြီး၊ လမ်းမှားသူများ ယူဆပြောဆိုကြသလို စွမ်းအင်သက်သက် မဟုတ်ကြောင်း ရှင်းလင်းလှသည်။ ထို့ပြင် မွတ်စ်လင်မ်ထုတစ်ရပ်လုံးသည် ကုရ်အာန်ကျမ်းမြတ်နှင့် စွန္နသ်တော်၏ ညွှန်ပြမှုအပေါ်တွင် တညီတညွှတ်တည်း ရှိခဲ့ကြသည် ။
*
ကျမ်းဂန်များကို သက်ဝင်ယုံကြည်ခြင်း
ကုသုဗ်သည် ကိသာဗ်၏ ဗဟုဝုစ်ကိန်းဖြစ်ပြီး အဓိပ္ပါယ်မှာ ရေးမှတ်ခံရသည့်အရာဟူ၍ ဖြစ်သည်။
ဤနေရာတွင် "ကုသုဗ်"၏အလိုသဘောမှာ- အဖန်ဆင်းခံများအဖို့ ရဟ်မသ် ကရုဏာတရားနှင့် ၎င်းတို့လမ်းမှန်တရားရရန်အလို့ဌာ အလ္လာဟ်အရှင်မြတ်က မိမိ၏ရစူလ်တမန်တော်များအပေါ် ချပေးခဲ့သည့် ကျမ်းဂန်များကိုဆိုလိုသည်။ ၎င်းတို့သည် ထိုကျမ်းဂန်များ၏အကြောင်းခံဖြင့် ဒွန္နယာ၊ အာခိရသ် နှစ်ဌာနစလုံးတွင် နဖူးစာကောင်းခြင်းအား ရရှိကြမည်ဖြစ်သည်။
ကျမ်းဂန်များအား သက်ဝင်ယုံကြည်ရာတွင် အချက်လေးချက်ပါဝင်သည်။
၁။ ထိုကျမ်းဂန်များသည် အမှန်တကယ်ပင် အလ္လာဟ်အရှင်မြတ်ဘက်တော်မှကျရောက်လာခြင်းဖြစ်ကြောင်း သက်ဝင်ယုံကြည်ခြင်း။
၂။ ထိုကျမ်းဂန်များအနက် ကျွန်ုပ်တို့ အမည်သိရှိရသည့်ကျမ်းဂန်ကို အမည်နှင့်တကွ သက်ဝင်ယုံကြည်ခြင်း၊၊ ဥပမာ- မုဟမ္မဒ် (ﷺ) အပေါ်ကျရောက်ခဲ့သည့် ကုရ်အာန်ကျမ်း၊ မူစာ(အလိုင်းဟိစ္စလာမ်) အပေါ်ကျရောက်ခဲ့သည့် သောင်ရာသ်ကျမ်း၊ အီစာ (အလိုင်းဟိစ္စလာမ်) အပေါ်ကျရောက်ခဲ့သည့် အင်န်ဂျီလ်ကျမ်း၊ ဒါဝူးဒ်(အလိုင်းဟိစ္စလာမ်)အပေါ် ကျရောက်ခဲ့သည့် ဇဗူရ်ကျမ်းတို့ဖြစ်သည်။ ကျွန်ုပ်တို့အမည်မသိရှိရသည့် ကျမ်းဂန်များကိုမူ ကျွန်ုပ်တို့သည်ယေဘုယျအားဖြင့် သက်ဝင်ယုံကြည်ကြရမည်။
၃။ ၎င်းကျမ်းဂန်များ၌လာရှိသည့် မှန်ကန်သည့်အကြောင်းအရာများအားထောက်ခံယုံကြည်ခြင်း၊၊ ဥပမာ - ကျမ်းမြတ်ကုရ်အာန်တွင် လာရှိသော အကြောင်းအရာများ၊ ရှေးကျမ်းဂန်များမှ ပြုပြင်ပြောင်းလဲထားခြင်းမရှိသော အကြောင်းအရာများ ဖြစ်သည်။*
၄။ ထိုကျမ်းဂန်များမှ (မန်စူးခ်)ပလပ်ရုပ်သိမ်းခြင်း မခံထားရသော အမိန့်ပညတ်ချက်များကို လိုက်နာကျင့်သုံးခြင်း။ ကျွန်ုပ်တို့သည် ထိုအမိန့်ပညတ်ချက်များ၏ ဟိက်မသ်အမြော်အမြင်ကို နားလည်သဘောပေါက်သည်ဖြစ်စေ၊ သဘောမပေါက်သည်ဖြစ်စေ ယင်းအမိန့်ပညတ်ချက်များအား ကျေနပ်နှစ်သက်လက်ခံရမည်ဖြစ်သည်။ ရှေးကျမ်းဂန်များအားလုံးသည် ကျမ်းတော်မြတ်ကုရ်အာန်ဖြင့် ပလပ်ရုပ်သိမ်းခြင်းခံခဲ့ရပြီးဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်ကြားတော်မူသည်မှာ - (ထို့ပြင် ငါအရှင်မြတ်သည် အသင် (တမန်တော်) ထံသို့ မှန်ကန်သော ကျမ်းတော်မြတ် (ကုရ်အာန်)ကို ချပေးတော်မူခဲ့သည်။ (ထိုကျမ်းသည်) ၎င်းမတိုင်မီ ရှိခဲ့သော ကျမ်းများအား ထောက်ခံလျက် ရှိသည့်အပြင် ၎င်း(ကျမ်းများ)ကိုလည်း ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသည် )။ စူရဟ် မာအိဒဟ် : အာယသ် (၄၈ ) ဆိုလိုသည်မှာ ထိုကျမ်းဂန်များအပေါ် စီရင်ဆုံးဖြတ်လျက်ရှိသည်။
ထို့ကြောင့်ပင် ရှေးကျမ်းဂန်လာ အမိန့်ပညတ်ချက်များအနက် မှန်ကန်ပြီး ကျမ်းမြတ်ကုရ်အာန်က ထောက်ခံအတည်ပြုထားသည့် အမိန့်ပညတ်ချက်မှလွဲ၍ အခြားမည်သည့်အမိန့်ပညတ်ချက်ကိုမျှ လိုက်နာကျင့်သုံးခွင့်မရှိပေ။
ကျမ်းဂန်များအား သက်ဝင်ယုံကြည်ခြင်းတွင် ကြီးကျယ်လှသည့်အကျိုးကျေးဇူးများရှိသည်။ ၎င်းတို့အနက်အချို့မှာ -
၁။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျေးကျွန်များကို အလေးထား စောင့်ရှောက်တော်မူခြင်းအား သိမြင်နားလည်ခြင်း။ အရှင်မြတ်သည် လူမျိုးတိုင်းအတွက် ၎င်းတို့အား တရားလမ်းမှန် ညွှန်ကြားပြသပေးရန် ကျမ်းဂန်တစ်စောင်စီ ချပေးတော်မူခဲ့သည်။
၂။ ရှရီအသ်တရားတော်တွင်ရှိသော အလ္လာဟ်အရှင်မြတ်၏ ဟိက်မသ် အမြော်အမြင်ကို သိရှိနိုင်ခြင်း။ အရှင်မြတ်သည် လူမျိုးတိုင်းအတွက် ၎င်းတို့၏အခြေနေများနှင့် ကိုက်ညီသည့်တရားလမ်းစဉ်ကိုသာ ပြဌာန်းတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်မိန့်ကြားတော်မူသည်မှာ - (ငါအရှင်မြတ်သည် အသင်တို့ထဲမှ ကိုယ်စီ(အွမ္မသ်အုပ်စု)အတွက် ဥပဒေနှင့် လမ်းစဉ်တစ်မျိုးစီကို သတ်မှတ် ပြဋ္ဌာန်းပေးတော်မူခဲ့သည်)။ စူရဟ်မာအိဒဟ် : အာယသ် ( ၄၈ )
၃။ ၎င်းတို့နှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်၏ နိအ်မသ်အပေါ် ကျေးဇူးတင်ခြင်း။
*
ရစူလ်တမန်တော်များအား သက်ဝင်ယုံကြည်ခြင်း
' ရုစွလ် ' သည် ' ရစူလ် ' ၏အများကိန်းဖြစ်ပြီး အဓိပ္ပါယ်မှာ - စေလွှတ်ခြင်းခံရသူ၊ တစ်စုံတစ်ရာကို ပို့ဆောင်ရန် စေလွှတ်ခြင်းခံရသူ ဟုဆိုလိုသည်။
ဤနေရာတွင် ရစူလ်၏ အလိုသဘောမှာ လူသားများအနက် ရှရီအသ်တရားတော်အား ဝဟီပို့ချခြင်းခံရပြီး၊ ထိုရှရီအသ်တရားတော်အား ပြန်လည်ပို့ချရန်အမိန့်ပေးခံရသူဖြစ်သည်။
ပထမဦးဆုံးရစူလ်မှာ နူးဟ် (အလိုင်းဟိစ္စလာမ်) ဖြစ်ပြီး နောက်ဆုံးရစူလ်မှာ မုဟမ္မဒ် (ﷺ) ဖြစ်သည်။*
အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်- ( ငါအရှင်မြတ်သည် ( တမန်တော်) နူးဟ်နှင့် ၎င်း၏နောက်တွင် (ပွင့်ပေါ်ခဲ့ကျသည့်) နဗီများထံ ဝဟီအမိန့်တော်ပို့ချခဲ့သလို အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်(တမန်တော်) ထံသို့လည်း ဝဟီ အမိန့်တော် ပို့ချတော်မူခဲ့ပေသည်)။ စူရဟ်နိစာအ် : အာယသ် ( ၁၆၃ )
ဆွဟီးဟ် ဗုခါရီကျမ်း၌ အနတ်စ်ဘင်န်မာလိက် (ရသွိရလ္လာဟုအန်ဟု ) ထံမှ ရှဖာအသ် ကြားဝင်အသနားခံပေးခြင်းနှင့် ပတ်သက်သည့် ဟဒီးဆ် ဆင့်ပြန်ချက်လာရှိသည်။ တမန်တော်မြတ် (ﷺ)က မိန့်ကြားတော်မူခဲ့သည်မှာ - “ စင်စစ် (ကိယာမသ်နေ့တွင် ) လူသားတို့သည် အာဒမ် (အလိုင်းဟိစ္စလာမ်) ဆီသို့ ၎င်းတို့အတွက် အာဒမ် (အလိုင်းဟိစ္စလာမ် )မှ ကြားဝင်အသနားခံပေးရန်လာရောက်(တောင်းဆိုပေ)မည်။ ထိုအခါ (အာဒမ် အလိုင်းဟိစ္စလာမ် ) က (မိမိကြားဝင်အသနားခံပေးရန် မဖြစ်နိုင်ကြောင်း)အကြောင်းပြကာအသင်တို့ အလ္လာဟ်အရှင်မြတ် စေလွှတ်တော်မူခဲ့သည့် ပထမဦးဆုံးရစူလ်တမန်တော်ဖြစ်သည့် နူးဟ် (အလိုင်းဟိစ္စလာမ်)ဆီသို့ သွားကြပါဟုပြောကြားပေမည်”။ ဗုခါရီကျမ်းတွင် ဟဒီးဆ်တစ်ပုဒ်လုံးအား အပြည့်အစုံတင်ပြထားသည်။
ထို့ပြင် တမန်တော်မိုဟမ္မဒ် (ﷺ) နှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်- (တမန်တော်) မုဟမ္မဒ်သည် အသင်တို့ ယောကျ်ားများထဲမှ မည်သူ၏ ဖခင်မျှ မဟုတ်ပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်နှင့် တမန်တော်အားလုံးကို အဆုံးသတ်သူ (နောက်ဆုံး တမန်တော်) ဖြစ်သည်)။ (စူရဟ် အဟ်ဇားဗ်)
ထို့ပြင် မည်သည့်လူမျိုးမဆို အလ္လာဟ်အရှင်မြတ်က ၎င်းတို့ထံ သီးသန့်တရားလမ်းစဉ်ဖြင့် စေလွှတ်ခဲ့သည့် ရစူလ်တမန်တော်တစ်ပါး သို့မဟုတ် ရှိပြီးသား တရားလမ်းစဥ်ကို ပြန်လည်သစ်လွင်အောင်ပြုလုပ်ရန် ဝဟီပို့ချခြင်းခံရသော နဗီတမန်တော်တစ်ပါး ရှိစမြဲပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည် - (စင်စစ်သော်ကား ဧကန်မလွဲ ငါအရှင်မြတ်သည် လူမျိုးတိုင်းတွင် ရစူလ်တမန်တော်တစ်ပါးကို စေလွှတ်တော်မူပြီး အသင်တို့သည် အခြားကိုးကွယ်ရာများကို စွန့်လွှတ်ပယ်ရှား၍ (တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်ဟု (ဟောကြားစေတော် မူခဲ့လေသည်)။ စူရဟ် နဟလ် : အာယသ် ( ၃၆ )
အရှင်မြတ်မိန့်တော်မူသည် - (ထို့ပြင် အုပ်စုတိုင်းတွင် သတိပေးနှိုးဆော်သူ တစ်ဦး ရောက်ခဲ့သည်ပင်ဖြစ်သည်)။ စူရဟ် ဖာသွိရ် : အာယသ် ( ၂၄ )
အရှင်မြတ်မိန့်တော်မူသည် - (စင်စစ် ငါအရှင်မြတ်သည် သောင်ရာသ် ကျမ်းကို ချပေးတော်မူခဲ့သည်။ ထိုကျမ်းထဲတွင် လမ်းမှန် ညွှန်ကြားပြသချက်နှင့် ရောင်ခြည်တော် ပါရှိသည်။ (အရှင်မြတ်၏) အမိန့်တော်များကို လိုက်နာကြသော နဗီတမန်တော်များသည် ယဟူဒီများအပေါ်တွင် ထိုသောင်ရာသ်ကျမ်းတော်နှင့်အညီ စီရင်ဆုံးဖြတ်လေ့ ရှိခဲ့ကြသည်)။ စူရဟ် မာအိဒဟ် : အာယသ် ( ၄၄ )
ရစူလ်တမန်တော်များသည် အဖန်ဆင်းခံလူသားများသာဖြစ်ကြပြီး ၎င်းတို့တွင် ဖန်ဆင်းမှုနှင့် ကိုးကွယ်ထိုက်သည့် မည်သည့်ဂုဏ်အရည်အချင်းမျှ မရှိပေ။ အလ္လာဟ်အရှင်မြတ်က ရစူလ်တမန်တော်များ၏ ခေါင်းဆောင်နှင့် ရစူလ်တမန်တော်များအနက် အရှင်မြတ်ထံတော်၌ အဆင့်အတန်းအမြင့်ဆုံးဖြစ်သော နဗီတမန်တော်မုဟမ္မဒ်(ﷺ)နှင့် ပတ်သက်၍ မိန့်ကြားတော်မူခဲ့သည်မှာ - (အို-တမန်တော်) အသင်ပြောလိုက်ပါ- “ငါသည် အလ္လာဟ် အရှင်မြတ် အလိုရှိတော်မူသည်မှလွဲ၍ ငါ့အတွက်ပင် အကျိုးဖြစ်ထွန်းမှုနှင့် အကျိုးယုတ်မှုတို့ကို ပိုင်ဆိုင်သည် မဟုတ်ပေ။ ထို့ပြင် အကွယ်၌ရှိသည်များကို ငါသိရှိလျှင် အကျိုးဖြစ်ထွန်းသည်များကိုသာ များစွာရယူခဲ့မည် ဖြစ်သည်။ ၎င်းပြင် ငါ့အား ဒုက္ခသက်ရောက်မည် မဟုတ်တော့ပေ။ ငါသည် ယုံကြည်သူများအတွက် သတိပေးနှိုးဆော်သူနှင့် သတင်းကောင်းပေးသူသာဖြစ်သည်။ ) စူရဟ် အအ်ရာဖ် : အာယသ် ( ၁၈၈ )
ထို့ပြင် အရှင်မြတ်မိန့်ကြားတော်မူသည်မှာ - ((အို- တမန်တော်) အသင် ပြောလိုက်ပါ- အမှန်စင်စစ် ငါသည် အသင်တို့၏ ဒုက္ခရောက်စေခြင်းကိုလည်းကောင်း၊ လမ်းမှန်ပေါ် ရောက်စေခြင်းကိုလည်းကောင်း မည်သည့်အရာမျှ တတ်စွမ်းနိုင်ခြင်း မရှိပေ။ (အို- တမန်တော်) အသင် ပြောလိုက်ပါ- အမှန်စင်စစ် (ငါသည် အလ္လာဟ်အရှင်မြတ်အား ဖီဆန်ခဲ့လျှင်) မည်သူမျှ ငါ့ကို အလ္လာဟ်အရှင်မြတ်မှ ကာကွယ်နိုင်မည် မဟုတ်ပေ။ ထို့ပြင် ငါသည် အရှင်မြတ်ထံတော်မှလွဲ၍ မည်သည့် ခိုလှုံရာနေရာကိုမျှလည်း တွေ့မည်မဟုတ်ပေ။ ) စူရဟ် ဂျင်န် : အာယသ် ( ၂၁ -၂၂ )
ထို့ပြင် တမန်တော်များတွင် နာမကျန်းဖြစ်ခြင်း၊ ကွယ်လွန်သေဆုံးခြင်း၊ အစားအသောက်လိုအပ်ခြင်း စသည့်လူ့သဘာဝများ ရှိကြသည်။ အိဗ်ရာဟီးမ် (အလိုင်းဟိစ္စလာမ်)က မိမိအရှင်နှင့်ပတ်သက်၍ ဖော်ပြသည့်အကြောင်းအရာနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူသည်မှာ- (ထို့ပြင် အရှင်မြတ်သည်ပင် ကျွန်ုပ်အား ကျွေးမွေးတော်မူသည်။ ထို့ပြင် အရှင်မြတ်သည်ပင် ကျွန်ုပ်အား တိုက်ကျွေးတော်မူသည်။ ထို့ပြင် ကျွန်ုပ်သည် ရောဂါဖြစ်သည့်အခါ အရှင်မြတ်သည်ပင် ကျွန်ုပ်ကို ပျောက်ကင်းစေတော်မူသည်။ ထို့နောက် အရှင်မြတ်သည် ကျွန်ုပ်အား သေစေတော်မူသည်။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်အား ရှင်စေတော်မူမည်ဖြစ်သည်)။ စူရဟ် ရှိုအရာအ် : အာယသ် ( ၇၉-၈၁ )
တမန်တော်မြတ်(ﷺ )က - “ ငါကိုယ်တော်သည် အသင်တို့ကဲ့သို့ လူသားတစ်ဦးပင်ဖြစ်ပြီး အသင်တို့မေ့လျေ့ာသလို ငါကိုယ်တော်လည်း မေ့လျော့တတ်သည်။ သို့ဖြစ်ရာ ငါကိုယ်တော်မေ့လျေ့ာခဲ့သည်ရှိသော် အသင်တို့ ငါကိုယ်တော်အား သတိပေးကြလေကုန်ဟု မိန့်ကြားတော်မူခဲ့သည်။”
ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏ အမြင့်ဆုံး အဆင့်အတန်းနှင့် ၎င်းတို့အား ချီးမွမ်းရာတွင် ကျွန်ဖြစ်ခြင်းဟူသည့် ဂုဏ်အရည်းအချင်းကို ဖော်ပြခဲ့သည်။ နူးဟ် (အလိုင်းဟိစ္စလာမ်) နှင့်စပ်လျဉ်း၍ အရှင်မြတ်မိန့်ကြားတော်မူသည်မှာ - (အမှန်စင်စစ် ၎င်း(တမန်တော် နူးဟ်)သည် အလွန်ကျေးဇူး သိတတ်သော ကျွန်တစ်ဦးဖြစ်သည်)။ စူရဟ် အိစ်ရားအ် : အာယသ် ( ၃ ) ထို့ပြင်မုဟမ္မဒ် (ﷺ) နှင့်စပ်လျဉ်း၍ အရှင်မြတ်မိန့်ကြားတော်မူသည် - ( အကြင်အရှင်မြတ်သည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူပါသည်။ ထိုအရှင်မြတ်သည် အရှင်မြတ်၏ ကျွန်အပေါ်တွင် ထိုကျွန်အနေဖြင့် စကြဝဠာ အပေါင်းတို့အား သတိပေးနှိုးဆော်သူဖြစ်ရန်အတွက် အမှားအမှန် ခွဲခြားပေးသောအရာ (ကျမ်းဂန်ကု ရ်အာန်)ကို ချပေးတော်မူခဲ့သည်)။ စူရဟ် ဖုရ်ကားန် : အာယသ် ( ၁ )
အိဗ်ရာဟီးမ် (အလိုင်းဟိစ္စလာမ်)၊ အစ္စဟာက် (အလိုင်းဟိစ္စလာမ်)၊ ယအ်ကူဗ် (အလိုင်းဟိစ္စလာမ်)တို့နှင့်စပ်လျဉ်း၍ အရှင်မြတ်မိန့်ကြားခဲ့သည်မှာ - ( ထို့ပြင် အသင် (တမန်တော်)သည် ငါအရှင်မြတ်၏ ကျွန်များဖြစ်ကြသော စွမ်းရည် သတ္တိရှိသူများ၊ ဉာဏ်အမြော်အမြင် ရှိသူများ ဖြစ်ကြသော (တမန်တော်) အိဗ်ရာဟီးမ်၊ (တမန်တော်) အစ္စဟာက်နှင့် (တမန်တော်) ယအ်ကူဗ်တို့(၏ အကြောင်းများ)ကို သတိရပါ။ အမှန်စင်စစ် ငါအရှင်မြတ်သည် ၎င်းတို့အား (အာခိရသ်) အိမ်၏ သတိရမှုနှင့် သီးသန့် ရွေးချယ်တော်မူခဲ့သည်။ ထို့ပြင် အမှန်စင်စစ် ၎င်းတို့သည် ငါအရှင်မြတ်ထံတော်တွင် အကောင်းဆုံး ရွေးချယ်ခံခဲ့ကြရသည့် သူများထဲမှပင်ဖြစ်ကြသည်)။ စူရဟ် စွားဒ် : အာယသ် ( ၄၅-၄၇ )
အီစာ (အလိုင်းဟိစ္စလာမ်) နှင့်စပ်လျဉ်း၍ မိန့်ကြားတော်မူခဲ့သည်မှာ - ( ၎င်း(မရ်ယမ်၏ သား)သည် ကျွန်တစ်ပါးပင် ဖြစ်သည်။ ငါအရှင်မြတ်သည် ၎င်း၏အပေါ်တွင် ကျေးဇူးပြုတော်မူခဲ့သည့် အပြင် ၎င်းအား အစ္စရာအီလ် မျိုးနွယ်ဝင်များ အတွက် စံနမူနာတစ်ခု ပြုလုပ်တော်မူခဲ့သည်) ။ စူရဟ် ဇွခ်ရွဖ် : အာယသ် (၅၉ )
ရစူလ်တမန်တော်များအား သက်ဝင်ယုံကြည်ရာတွင် အချက်လေးချက်ပါဝင်သည်။
၁။ ၎င်းတို့၏ (ရိစာလသ်) ရစူလ်ဖြစ်ခြင်းသည် အမှန်တကယ်ပင် အရှင်မြတ်ဘက်တော်မှဖြစ်ကြောင်းကို သက်ဝင်ယုံကြည်ခြင်း။ သို့ဖြစ်၍ မည်သူမဆို၎င်း ရစူလ်တမန်တော်တို့အနက် တစ်ပါးပါးကို ငြင်းပယ်ပါက ရစူလ်တမန်တော်များအားလုံးကို ငြင်းပယ်ရာရောက်သည်။ အလ္လာဟ်အရှင်မြတ်သည် ဤသည်အတိုင်းပင်မိန့်ကြားတော်မူခဲ့သည် - ((တမန်တော်) နူးဟ်၏ အမျိုးသားများသည် တမန်တော်များအား မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်)။ စူရဟ် ရှုအရားအ် : အာယသ် (၁၀၅ ) ၎င်းတို့သည် တမန်တော်နူးဟ် (အလိုင်းဟိစ္စလာမ်)အား စွပ်စွဲငြင်းပယ်သည့်အချိန်၌ တမန်တော်နူးဟ် (အလိုင်းဟိစ္စလာမ်)မှလွဲ၍ အခြားမည်သည့်ရစူလ်မျှ မရှိခဲ့သော်လည်း အလ္လာဟ်အရှင်မြတ်က ၎င်းတို့အား ရစူလ်တမန်တော်များအားလုံးကို ငြင်းပယ်သူများဟု သတ်မှတ်တော်မူခဲ့သည်။ ဤသည်ကိုအခြေခံ၍ တမန်တော်မုဟမ္မဒ် (ﷺ)ကို ငြင်းပယ်ကာ နောက်လိုက်ခြင်းမရှိကြသော နဆွရာနီတို့သည် မရ်ယာမ်သခင်မ၏ သားတော် အီစာ (အလိုင်းဟိစ္စလာမ်)ကိုလည်း ငြင်းပယ်သူများဖြစ်ပြီး သူ၏လမ်းစဥ်ကို မလိုက်နာကြသူများဖြစ်သည်။ အထူးသဖြင့် အီစာ (အလိုင်းဟိစ္စလာမ်)သည် ၎င်းတို့အား တမန်တော်မုဟမ္မဒ် (ﷺ) ပွင့်ပေါ်မည့်အကြောင်း သတင်းကောင်းပေးခဲ့ပြီးဖြစ်သည်။ ထိုသတင်းကောင်းပေးခြင်း၏ အဓိပ္ပာယ်မှာ တမန်တော်မုဟမ္မဒ်(ﷺ)သည် ၎င်းတို့ထံသို့ စေလွှတ်ခြင်းခံရသော ရစူလ်တမန်တော်တစ်ပါးဖြစ်ပြီး အလ္လာဟ်အရှင်မြတ်သည် ထိုတမန်တော်အားဖြင့် ၎င်းတို့ကို လမ်းမှားမှ ကယ်တင်တော်မူကာ လမ်းမှန်တရားသို့ ညွှန်ကြားပြသတော်မူမည်ဖြစ်ကြောင်း ညွှန်ပြနေခြင်းသာဖြစ်သည်။
၂။ တမန်တော်များအနက် ကျွန်ုပ်တို့ အမည်သိရှိရသည့် တမန်တော်ကို အမည်နှင့်တကွ သက်ဝင်ယုံကြည်ခြင်း၊၊ ဥပမာ- မုဟမ္မဒ် (ﷺ)၊ အိဗ်ရာဟီးမ် (အလိုင်းဟိစ္စလာမ်)၊ မူစာ (အလိုင်းဟိစ္စလာမ်)၊ အီစာ (အလိုင်းဟိစ္စလာမ်)၊ နူးဟ် (အလိုင်းဟိစ္စလာမ်) တို့ဖြစ်သည်။ ဤတမန်တော် ငါးပါးသည် တမန်တော်များအနက် ဇွဲသတ္တိနှင့်ပြည့်စုံ ၍ စိတ်ဓာတ်ကြံ့ခိုင်ကြသူများဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ကျမ်းမြတ်ကုရ်အာန်၏ နေရာ ( ၂ ) ခုတွင် ၎င်းတို့နှင့်ပတ်သက်၍ မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည် - (ထို့ပြင် တစ်ခါတွင် ငါအရှင်မြတ်သည် တမန်တော်များထံမှ ကတိဝန်ခံချက်ကို ယူတော်မူခဲ့သည်။ (ထိုတမန်တော်များ ထဲတွင်) အသင်၏ထံမှ သာမက၊ (တမန်တော်များ ဖြစ်ကြသည့်) နူးဟ်၊ အိဗ်ရာဟီးမ်၊ မူစာ၊ မရ်ယမ်၏သား အီစာတို့ ထံမှလည်း (ကတိဝန်ခံချက် ယူတော်မူခဲ့ခြင်း ဖြစ်သည်)။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့ထံမှ ခိုင်မာသော ကတိဝန်ခံချက်ကို ယူတော်မူခဲ့သည်)။ စူရဟ် အဟ်ဇားဗ်: အာယသ် ( ၇ ) အရှင်မြတ် မိန့်တော်မူသည်- (အရှင်မြတ်သည် အသင်တို့အတွက် အကြင် သာသနာတော်ကိုပင် သတ်မှတ်ပြဋ္ဌာန်းပေးတော်မူခဲ့သည်။ ၎င်း(သာသနာတော်)ကိုပင် လိုက်နာရန် အရှင်မြတ်က (တမန်တော်) နူးဟ်ကို အမိန့်ပေးတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်း(သာသနာတော်)ကိုပင် အသင်၏ ထံသို့ ထုတ်ပြန်တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်း(သာသနာတော်)ကိုပင် လိုက်နာရန် (တမန်တော်) အိဗ်ရာဟီးမ်၊ (တမန်တော်) မူစာ၊ (တမန်တော်) အီစာတို့ အားလည်း အမိန့်ပေးတော်မူခဲ့သည်။ အသင်တို့သည် သာသနာတော်ကို ခိုင်မြဲစွာ တည်ဆောက်ကြပါ။ ထို့ပြင် အသင်တို့သည် ထိုသာသနာထဲတွင် အုပ်စုကွဲခြင်း မရှိကြနှင့်(ဟု အမိန့်ပေးတော်မူခဲ့သည်)။ မုရှ်ရိက်များအပေါ်တွင် အသင်သည် သူတို့အား ဖိတ်ခေါ်နေသည့် (သောင်ဟီဒ်) တရားတော်သည် အလွန်ကြီးလေး ခက်ခဲသည်။ အလ္လာဟ် အရှင်မြတ်သည် အရှင်မြတ် အလိုရှိတော်မူသောသူကို အရှင်မြတ် ထံတော်သို့ ရွေးချယ်တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အရှင်မြတ် ဘက်သို့ ပြန်လှည့်သည့် သူကိုလည်း လမ်းမှန် ညွှန်ကြားပြသတော်မူသည် )။ စူရဟ် ရှူးရာ : အာယသ် ( ၁၃ )
တမန်တော်များအနက် ကျွန်ုပ်တို့ အမည်မသိရသည့် နဗီတမန်တော်ကိုမူ ယေဘုယျအားဖြင့် ကျွန်ုပ်တို့ သက်ဝင်ယုံကြည်ကြသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည် - (ထို့ပြင် စင်စစ် ငါအရှင်မြတ်သည် အသင်(တမန်တော်)၏ မတိုင်မီ တမန်တော်များကို စေလွှတ်တော်မူခဲ့သည်။ သူတို့ထဲမှ အချို့၏ အကြောင်းကို ငါအရှင်မြတ်သည် အသင့်အား ပြောပြတော်မူခဲ့ပြီး အချို့၏ အကြောင်းကို ငါအရှင်မြတ်သည် အသင့်အား ပြောပြတော်မမူခဲ့ပေ)။ စူရဟ် ဂါဖိရ် : အာယသ် ( ၇၈ )
၃။ ထိုတမန်တော်များထံမှလာရှိသော မှန်ကန်သည့်အကြောင်းအရာများအား ထောက်ခံယုံကြည်ခြင်း။
၄။ တမန်တော်များအနက် ကျွန်ုပ်တို့ထံစေလွှတ်ခြင်းခံရေသာ တမန်တော်၏ တရားလမ်းစဉ်အား လိုက်နာကျင့်သုံးခြင်း။ ထိုတမန်တော်မှာ နောက်ဆုံးတမန်တော်ချုပ်ဖြစ်သည့် မုဟမ္မဒ် (ﷺ)ပင်ဖြစ်ပြီး၊ သူသည် လူသားထုတစ်ရပ်လုံးထံသို့ စေလွှတ်ခြင်းခံရသည့် ရစူလ်တမန်တော်လည်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည် - (သို့ဖြစ်ရာ အသင်(တမန်တော်)အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ကစမ် (အရှင်မြတ်အား တိုင်တည်ပြောဆိုမည်၊) သူတို့သည် သူတို့ အချင်းချင်း အငြင်းပွားခဲ့သော ပြဿနာနှင့် ပတ်သက်၍ အသင်(တမန်တော်)အား ခုံသမာဓိ တင်မြှောက်ပြီး သူတို့သည် အသင်စီရင်ချမှတ်ခဲ့သော ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ သူတို့၏ စိတ်ထဲတွင် မည်သည့်ကျဉ်းကျပ်မှုကိုမျှ မတွေ့ရှိကြသည့်အပြင် (ထိုဆုံးဖြတ်ချက်ကို) ပြည့်ဝ (ကြည်ဖြူ)စွာ လက်ခံနာယူခြင်း မရှိသမျှ သူတို့သည် အီမာန် ယုံကြည်သူများ မဖြစ်နိုင်ပေ )။ စူရဟ်ိနစာအ် : အာယသ် ( ၆၅ )
ရစူလ်တမန်တော်များအား သက်ဝင်ယုံကြည်ခြင်းတွင် ကြီးကျယ်လှသည့်အကျိုးကျေးဇူးများရှိသည်။ ၎င်းတို့အနက်အချို့မှာ -
၁။ မိမိ၏အဖန်ဆင်းခံ ကျေးကျွန်များအပေါ်ထားရှိသည့် အလ္လာဟ်အရှင်မြတ်၏ ရဟ်မသ်ကရုဏာတော်နှင့် ထိန်းသိမ်းစောင့်ရှောက်မှုအား သိရှိနားလည်ခြင်း။ အလ္လာဟ်အရှင်မြတ်သည် ကျေးကျွန်တို့အား လမ်းမှန်တရား ညွှန်ကြားပြသရန်နှင့် အရှင်မြတ်အား မည်သို့သို့ခဝပ်ကိုးကွယ်ရမည်ကို ရှင်းပြရန်အတွက် ၎င်းတို့ထံ ရစူလ်တမန်တော်များကို စေလွှတ်တော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာများကို လူ့အသိဉာဏ်သက်သက်ဖြင့် နားလည်ရန်မှာ မဖြစ်နိုင်ပေ။
၂ ။ ဤကြီးကျယ်လှသည့် နိအ်မသ်အပေါ် အရှင်မြတ်အား ကျေးဇူးတင်ခြင်း။
၃။ ရစူလ်တမန်တော်များအား ချစ်မြတ်နိုးခြင်း၊ ၎င်းတို့အား ဂုဏ်ပေးလေးစားခြင်း၊ ၎င်းတို့နှင့်ထိုက်တန်သည့်အတိုင်း ၎င်းတို့အားချီးမွမ်းထောပနာပြုခြင်းတို့ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်များဖြစ်ကြသည်။ ထို့ပြင် ၎င်းတို့သည် အရှင်မြတ်အား ခဝပ်ကိုးကွယ်ကြပြီး အရှင်မြတ်၏ သတင်းစကားများကို ပြန်လည်ပို့ချကာ အရှင်မြတ်၏ကျေးကျွန်များကို သတိပေးဆုံးမစကားများ ပြောကြားခဲ့ကြသည်။
ရစူလ်တမန်တော်များအား ရန်ငြိုးဖွဲ့ကြသူများက လူသားများသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် မဖြစ်နိုင်ဟုထင်မြင်ယူဆကာ မိမိတို့ထံစေလွှတ်ခံရသည့် ရစူလ်တမန်တော်များကို ငြင်းပယ်ခဲ့ကြသည်။ အလ္လာဟ်အရှင်မြတ်သည် ထိုထင်မြင်ယူဆချက်ကို ဖော်ပြပြီးနောက် ယင်းအား ချေဖျက်တော်မူခဲ့သည်။ အရှင်မြတ်မိန့်ကြားတော်မူသည်မှာ - (ထို့ပြင် လူများထံသို့ လမ်းမှန် ညွှန်ကြားပြသချက် ရောက်လာသောအခါ သူတို့က အလ္လာဟ်အရှင်မြတ်သည် တမန်တော်အဖြစ် လူသားတစ်ဦးကို စေလွှတ်တော်မူပါသလောဟု ပြောဆိုခဲ့ကြသည်မှလွဲ၍ မည်သည့် အရာကမျှ သူတို့၏ အီမာန်ယုံကြည်ခြင်းကို ပိတ်ပင်တားဆီးခဲ့သည် မဟုတ်ပေ။ (အို-တမန်တော်) အသင်ပြောလိုက်ပါ- အကယ်၍ မြေပထဝီတွင် ကောင်းကင် တမန်များသည် အတည်တကျ နေထိုင် သွားလာနေကြလျှင် အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့အပေါ် မိုးကောင်းကင်မှ ကောင်းကင်တမန် တစ်ပါးကို တမန်တော်အဖြစ် (စေလွှတ်) ချပေးတော်မူခဲ့မည်ဖြစ်သည်။) စူရဟ် အိစ်ရားအ် : အာယသ် ( ၉၄-၉၅ )
အလ္လာဟ်အရှင်မြတ်သည် ထိုယူဆချက်အား ရစူလ်တမန်တော်သည် လူသားပင်ဖြစ်ရမည်ဟူသော အကြောင်းပြချက်ဖြင့် ချေဖျက်တော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုရစူလ်တမန်တော်သည် ကမ္ဘာမြေပေါ်ရှိသူများထံသို့ စေလွှတ်ခံရသူဖြစ်ပြီး၊ ကမ္ဘာမြေပေါ်တွင်ရှိသူများမှာ လူသားများပင်ဖြစ်ကြသည်။ အကယ်၍ ကမ္ဘာမြေပေါ်တွင် ရှိသူများသည် ကောင်းကင်တမန်များဖြစ်ကြလျှင် မုချ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့နှင့်ကိုက်ညီမှုရှိစေရန် မိုးကောင်းကင်မှ ကောင်းကင်တမန်တစ်ပါးအား ရစူလ်တမန်တော်အဖြစ် ၎င်းတို့ထံ စေလွှတ်တော်မူမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ရစူလ်တမန်တော်များအားမဟုတ်မမှန် စွပ်စွဲငြင်းပယ်ခဲ့သူများ စကားကို ကျမ်းမြတ်ကုရ်အာန်၌ ဤသို့မိန့်ကြားတော်မူခဲ့သည်။ (သူတို့က ပြောဆိုကြသည် အသင်တို့သည် ကျွန်ုပ်တို့ကဲ့သို့ လူသားများပင် ဖြစ်ကြသည်။ အသင်တို့သည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ အဘ၊ ဘိုး၊ ဘေးများ ကိုးကွယ်နေခဲ့သည်များမှ တားဆီးရန် ကြံရွယ်ကြသည်။ သို့ဖြစ်ရာ အသင်တို့သည် ကျွန်ုပ်တို့ ထံသို့ ထင်ရှားသော တန်ခိုးတော်ကို ယူဆောင်လာခဲ့ကြပါ။ သူတို့ကို သူတို့၏တမန်တော်များက ပြောဆိုခဲ့ကြသည်- ငါတို့သည် အသင်တို့ကဲ့သို့ လူသားများသာ ဖြစ်ကြသည်။ သို့ရာတွင် အလ္လာဟ် အရှင်မြတ်သည် အရှင်မြတ်၏ ကျွန်များထဲမှ အရှင်မြတ်အလိုရှိတော်မူသောသူအပေါ် ကျေးဇူးပြုတော်မူလေ့ရှိသည်။ ထို့ပြင် ငါတို့အတွက် အလ္လာဟ် အရှင်မြတ်၏ ခွင့်ပြုချက်မရှိဘဲ အသင်တို့ထံသို့ တန်ခိုးတော် တစ်စုံတစ်ခု ယူဆောင်မလာနိုင်ကြပေ)။ စူရဟ် အိဗ်ရာဟီးမ် : အာယသ် ( ၁၀-၁၁ )
*
နောက်ဆုံးနေ့ကို သက်ဝင်ယုံကြည်ခြင်း
နောက်ဆုံးနေ့ဟူသည် ကိယာမသ်နေ့ပင်ဖြစ်သည်။ ထိုနေ့တွင် လူသားတို့သည် စာရင်းအင်းစစ်ဆေးရန်နှင့် အစားပေးခြင်းခံရရန်အတွက် ပြန်လည်ရှင်ပြန်ထရမည်ဖြစ်သည်။
နောက်ဆုံးနေ့ဟုခေါ်ဆိုရခြင်းမှာ ထိုနေ့ပြီးနောက် အခြားနေ့ရက်ဟူ၍ မရှိတော့ပေ။ ဂျန္နသုခဘုံသားများနှင့် ဂျဟန္နမ်ငရဲသားများသည် မိမိတို့နေထိုင်ရမည့်နေရာဌာနများတွင် အတည်တကျ နေထိုင်သွားရမည်ဖြစ်သည်။
နောက်ဆုံးနေ့အား သက်ဝင်ယုံကြည်ခြင်းတွင် အချက်သုံးချက် ပါရှိသည်။
၁။ ပြန်လည်ရှင်ပြန်ထရမည်ကို သက်ဝင်ယုံကြည်ခြင်း။ ဒုတိယအကြိမ် စူရ်ခရာမှုတ်သည့်အခါ သေသူများအားလုံးကို ပြန်လည်ရှင်ပြန်ထစေမည်ဖြစ်ပြီး ၎င်းတို့သည် ခန္ဓာကိုယ်၌ အဝတ်အစားကင်းမဲ့ကာ ခြေထောက်တွင်ဖိနပ်မပါဘဲ အရေပြားလှီးဖြတ်ထားခြင်းမရှိသူများအဖြစ် စကြာဝဠာခပ်သိမ်းကို ဖန်ဆင်းမွေးမြူတော်မူသည့်အရှင်မြတ်၏ ရှေ့တော်မှောက်တွင်ရပ်ကြရမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည် - (ငါအရှင်မြတ်သည် အရာအားလုံးတို့အား ပထမအကြိမ် စတင် ဖန်ဆင်း တော်မူသကဲ့သို့် ထိုအရာကိုပင် ထပ်မံ၍ ပြုလုပ် ဖန်ဆင်းတော်မူမည် ဖြစ်သည်။ (ဤသည်) ငါအရှင်မြတ်အပေါ်တွင် ကတိပြုထားမှု ဖြစ်သည့် အတွက် အမှန်စင်စစ် ငါအရှင်မြတ်သည် (ငါအရှင်မြတ် ကတိပြုတော်မူထားသည့် အတိုင်း) ပြုလုပ်တော်မူမည့် အရှင်မြတ်ပင်ဖြစ်တော်မူသည်)။ စူရဟ်အန်ဗီယာအ်: အာယသ် ( ၁၀၄ )
ပြန်လည်ရှင်ပြန်ထခြင်းမှာ အမှန်ပင်ဖြစ်ပြီး ထိုအပေါ် ကုရ်အာန်ကျမ်းမြတ်၊ စွန္နသ်တော်နှင့် မွတ်စ်လင်မ်ထုတစ်ရပ်လုံး၏ အိဂျ်မာအ်က ညွှန်ပြနေသည်။
အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်- (ထို့ပြင် အမှန်စင်စစ် အသင်တို့သည် ထို့နောက်တွင် အမှန်ပင် သေဆုံးကြရမည့်သူများ ဖြစ်သည်။ ထို့နောက် အမှန်စင်စစ် အသင်တို့သည် ကိယာမသ်နေ့တွင် ရှင်ပြန်ထကြရဦးမည် ဖြစ်သည်)။ စူရဟ်မိုအ်မီနူးန် : အာယသ် (၁၅-၁၆)
ထို့ပြင် တမန်တော်မြတ် (ﷺ)မိန့်ကြားတော်မူသည် ။ “ကိယာမသ်နေ့၌ လူသားများသည် ဖိနပ်ဗလာ၊ အဝတ်ဗလာ၊ ခသ်နဟ်ပြုလုပ်ထားခြင်းမရှိသူများအဖြစ်စုရုံးကြရမည်။” ( ဗုခါရီကျမ်း၊ မွတ်စ်လင်မ်ကျမ်း )
မွတ်စ်လင်မ်ထုတစ်ရပ်သည် ပြန်လည်ရှင်ပြန်ထခြင်း မှန်ကန်ကြောင်း တစ်ညီတစ်ညွတ်တည်း လက်ခံယုံကြည်ကြသည်။ ထိုပြန်လည်ရှင်ပြန်ထခြင်းသည် ဟိက်မသ် အမြော်မြင်နှင့် ကိုက်ညီသည့်ကိစ္စလည်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် အဖန်ဆင်းခံတို့အတွက် ပြန်လည်ရှင်ပြန်ထရမည့်နေ့ကို ပြုလုပ်ရန် ဥာဏ်အမြော်မြင်က တောင်းဆိုနေသည်။ ထိုနေ့တွင် အလ္လာဟ်အရှင်မြတ်သည် မိမိရစူလ်တမန်တော်များကို စေလွှတ်၍ အဖန်ဆင်းခံတို့အပေါ် သတ်မှတ်ပြဌာန်းခဲ့သော် တရားလမ်းစဥ်များအပေါ်မူတည်၍ ၎င်းတို့အား အစားပေးတော်မူမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည် - (အသင်တို့သည် အသင်တို့အား ငါအရှင်မြတ်က အကျိုးမဲ့ ဖန်ဆင်းတော်မူခဲ့သည်ဟု၊ ထို့ပြင် အသင်တို့သည် ငါအရှင်မြတ်ထံတော်သို့ ပြန်လည်ရောက်ရှိကြရမည် မဟုတ်ပေဟု ထင်မှတ်ခဲ့ကြသလော။) စူရဟ်မိုအ်မီနူးန် : အာယသ် (၁၁၅) အရှင်မြတ်သည် မိမိ၏နဗီတမန်တော်(ﷺ)အား မိန့်ကြားတော်မူခဲ့သည်မှာ - (အမှန်စင်စစ် အသင်(တမန်တော်)၏ အပေါ်တွင် ကုရ်အာန်ကျမ်းတော်မြတ်ကို ပြဋ္ဌာန်းပေးတော်မူခဲ့သော အရှင်မြတ်သည် အသင့်အား (အသင် ၏) ဇာတိနေရပ်သို့ အမှန်ပင် ပြန်ပို့ပေးတော်မူမည့်အရှင် ဖြစ်တော်မူသည်)။ စူရဟ် ကစွတ်စ် : အာယသ် (၈၅ )
၂။ စာရင်းစစ်ဆေးခြင်း၊ အစားပေးခြင်းတို့အပေါ် သက်ဝင်ယုံကြည်ခြင်း။လူသားသည် မိမိ၏အမလ် လုပ်ဆောင်ချက်များကို စာရင်းစစ်ဆေးခြင်းခံရမည်ဖြစ်ပြီး ထိုအပေါ် အစားပေးခြင်းခံရမည်ဖြစ်သည်။ ၎င်းနှင့်စပ်လျဥ်း၍ ကုရ်အာန်ကျမ်းမြတ်၊ စွန္နသ်တော်နှင့် မွတ်စ်လင်မ်ထုတစ်ရပ်လုံး၏ အိဂျ်မာအ် (ညီညွှတ်မှု)က ညွှန်ပြနေသည်။
အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်- (အမှန်စင်စစ် သူတို့၏ပြန်လည်ရောက်ရှိရာသည် ငါအရှင်မြတ်ထံတော်သို့ပင်ဖြစ်သည်။ ထို့နောက် အမှန်စင်စစ် သူတို့အား စစ်ဆေးမေးမြန်းမှုသည် ငါအရှင်မြတ်၏ အပေါ်တွင် တာဝန်ဖြစ်သည်)။ စူရဟ် ဂါရှိယဟ်: အာယသ် ( ၂၅-၂၆ ) အရှင်မြတ် မိန့်တော်မူသည်မှာ - (မည်သူမဆို ကောင်းမှုကို ယူဆောင်ခဲ့လျှင် ထိုသူသည် ထိုကောင်းမှု၏ ဆယ်ဆကို ရရှိမည်။ ၎င်းပြင် မည်သူမဆို မကောင်းမှုကို ယူဆောင်လာခဲ့လျှင် ထိုသူသည် ၎င်း(မကောင်းမှု)နှင့် ဆတူ အညီအမျှ အစားပေးခြင်းခံရမည်။ ၎င်းပြင် သူတို့သည် မတရားနှိပ်စက်ခြင်းခံကြရမည် မဟုတ်ပေ)။ စူရဟ် အန်အားမ် : အာယသ် ( ၁၆၀ ) အရှင်မြတ် မိန့်တော်မူသည် - (ထို့ပြင် ငါအရှင်မြတ်သည် ကိယာမသ်နေ့တွင် မျှတသော ချိန်ခွင်များကို ထားတော်မူမည်။ သို့ဖြစ်ရာ မည်သူမျှ အနည်းငယ်မျှပင် မတရားနှိပ်စက်ခြင်းကိုခံရမည် မဟုတ်ပေ။ ထို့ပြင် အကယ်၍ (တစ်စုံတစ်ဦးတွင်) မုန်ညင်းစေ့ခန့် အလေးချိန်ရှိ (သော ကောင်းမှုရှိ) လျှင်လည်း ငါအရှင်မြတ်သည် ၎င်း (မုန်ညင်းစေ့ခန့် ကောင်းမှု)ကိုလည်း (ရှေ့၌) ယူဆောင်လာမည်ဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်ပင် စစ်ဆေးသည့်သူအဖြစ် လုံလောက်တော်မူသည်)။ စူရဟ် အန်ဗီယားအ်: အာယသ် ( ၄၇ )
အိဗ်နုအုမရ်(رضی الله عنه) ထံမှဆင့်ပြန်လာရှိသည်။ တမန်တော်မြတ် (ﷺ) မိန့်ကြားတော်မူခဲ့သည်။ “မုချဧကန် အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်အား (ကိယာမသ်နေ့၌) မိမိ၏အနီးသို့ ခေါ်တော်မူ၍ ၎င်းအပေါ်မိမိ၏ကန့်လန်ကာအား ချတော်မူလိုက်ပေမည်။ ထို့နောက် (ဟရှရ်ကွင်းပြင်၌စုရုံးနေကြသည့် အဖန်ဆင်းခံတို့၏အမြင်မှ) ထိုမုအ်မင်န်အား ဖုံးကွယ်တော်မူပြီးနောက် ၎င်းအား အသင် ဤအပြစ်များကို မှတ်မိလေသလော၊ အသင်ဤအပြစ်များကို မှတ်မိလေသလောဟု မေးမြန်းတော်မူပေမည်။ ထိုအခါ ၎င်းမုအ်မင်န်သည် ဟုတ်ကဲ့ ကျွန်တော်မျိုးမှတ်မိပါသည် အို အရှင်ဟုလျှောက်ထားတော်မူပေမည်။ အဆုံးတွင် ၎င်းသည်အလ္လာဟ်အရှင်မြတ်ထံမိမိ၏အပြစ်များအားလုံးကို ဝန်ခံလိုက်ပြီးနောက် ၎င်းသည် မိမိကိုယ်ကိုပျက်စီးဆုံးရှုံးသွားပြီဟု ထင်မြင်ယူဆခဲ့သည်။ ထိုအခါ အရှင်မြတ်က ၎င်းအား ငါအရှင်မြတ်သည် လောကတွင်လည်း အသင့်အပေါ်၌ ထိုအပြစ်များအား ဖုံးကွယ်ပေးတော်မူခဲ့သည်။ ယခု ဤ(စာရင်းစစ်ဆေးသည့်)နေ့တွင်လည်း ထိုအပြစ်များအား အသင့်အဖို့ ခွှင့်လွှတ်တော်မူလိုက်လေပြီဟု မိန့်တော်မူပေမည်။ ထို့နောက် ၎င်းသည် ကောင်းမှုများ ရေးမှတ်ထားသော စာရင်းစာအုပ်ကို ပေးအပ်ခြင်းခံရမည်ဖြစ်သည်။ မုနာဖိက်များနှင့် ကာဖိရ်များကိုမူ အရှင်မြတ်သည် ၎င်းတို့အား အဖန်ဆင်းခံများအားလုံးရှေ့၌ ခေါ်တော်မူကာ ဤသူတို့သည် မိမိတို့အား ဖန်ဆင်းသည့်အရှင်အပေါ် လိမ်လည်ယိုးစွပ်ခဲ့ကျသူများဖြစ်သည်ဟု မိန့်ကြားတော်မူပေမည်။ သတိထားပြုကြလော့။ မတရားသူများအပေါ်တွင် အလ္လာဟ်အရှင်မြတ်၏ လအ်နသ်ကျရောက်မည်ဖြစ်သည်။” (ဗုခါရီကျမ်း၊ မွတ်စ်လင်ကျမ်း )
တမန်တော်မြတ်(ﷺ)ထံတော်မှ မှန်ကန်သည့် ဆင့်ပြန်ချက်ဖြင့်လာရှိထားသည့် သြဝါဒတော်၌ ဖော်ပြထားသည်မှာ- “မည်သူမဆို ကောင်းမှုတစ်စုံတစ်ရာအား ရည်ရွယ်ခဲ့မည်။ ထို့နောက် ၎င်းအားလုပ်ဆောင်ခဲ့သည်ဆိုပါက အလ္လာဟ်အရှင်မြတ်သည် ထိုကောင်းမှုအားမိမိထံ၌ ဆယ်ဆမှအဆပေါင်းခုနှစ်ရာ၊ ထိုမှတစ်ဆင့် အဆပေါင်းမြောက်များစွာအထိ ရေးမှတ်တော်မူသည်။ ထို့ပြင်မည်သူမဆို မကောင်းမှုတစ်စုံတစ်ရာအား လုပ်ဆောင်ရန်ရည်ရွယ်ခဲ့မည်။ ထို့နောက် ထိုမကောင်းမှုအား လုပ်ဆောင်ခဲ့ပါက အရှင်မြတ်သည် ထိုမကောင်းမှုအား မကောင်းမှုတစ်ခုအဖြစ်သာ ရေးမှတ်တော်မူမည်ဖြစ်သည်။”
အမလ်ဆောင်ရွက်ချက်များအပေါ် စာရင်းစစ်ဆေးခြင်းနှင့် အစားပေးခြင်းတို့အား မွတ်စ်လင်များအားလုံး တညီတညွှတ်တည်း လက်ခံယုံကြည်ကြသည်။ ၎င်းသည် ဟိက်မသ် အမြော်မြင်နှင့် ကိုက်ညီသည့် ကိစ္စလည်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ကျမ်းဂန်များအား ချပေးတော်မူပြီး ရစူလ်တမန်တော်များကို စေလွှတ်တော်မူခဲ့သည်။ ထို့နောက် ထိုရစူလ်တမန်တော်များယူဆောင်လာသည့်အရာများကို လက်ခံရန်နှင့် လိုက်နာကျင့်သုံးရန် သတ်မှတ်ထားသော အရာများကို လိုက်နာကျင့်သုံးရန် ဖရ်ဿွ်အဖြစ် သတ်မှတ်တော်မူခဲ့သည်။ ထို့ပြင် မိမိအား ဆန့်ကျင်သူများကို စစ်မက်ပြိုင်တိုက်ခိုက်ရန် ဝါဂျိဗ်အဖြစ်သတ်မှတ်ခဲ့ပြီး ၎င်းတို့၏သွေးများ၊ သားသမီးများ၊ ဇနီးသည်များနှင့် ဥစ္စာပစ္စည်းများအား ဟလာလ်အဖြစ် သတ်မှတ်တော်မူခဲ့သည်။ အကယ်၍ စာရင်းစစ်ဆေးခြင်းနှင့် အစားပေးခြင်းတို့မရှိပါက ထိုအမိန့်တော်များသည် အချည်းနှီးသာ ဖြစ်သွားလိမ့်မည်။ စကြာဝဠာအား စိုးပိုင်တော်မူသောအရှင်၊ ဟိက်မသ် အမြော်မြင်နှင့် ပြည့်စုံတော်မူသောအရှင်သည် အချည်းနှီးကိစ္စများမှ ကင်းစင်တော်မူသည်။ သို့ဖြစ်၍ အလ္လာဟ်အရှင်မြတ်သည် ထိုအကြောင်းကို မိမိဘက်သို့ ရည်ညွှန်း၍ မိန့်ကြားတော်မူခဲ့သည်မှာ - (၎င်းပြင် ငါအရှင်မြတ်သည် တမန်တော်များ စေလွှတ်ခြင်း ခံခဲ့ကြရသော သူ(လူမျိုးအုပ်စု)များအား အမှန်ပင် စစ်ဆေးမေးမြန်းတော်မူမည်။ ၎င်းပြင် ငါအရှင်မြတ်သည် တမန်တော်များအားလည်း အမှန်ပင် စစ်ဆေး မေးမြန်းတော်မူမည်။ ထို့နောက် ငါအရှင်မြတ်သည် သူတို့ရှေ့၌ (သူတို့၏ အခြေအနေများကို ကိုယ်တိုင်) သိရှိထားတော်မူသည့် အတိုင်း (အမှန်) ပြောပြတော်မူမည်။ ၎င်းပြင် ငါအရှင်မြတ်သည် (ဖြစ်ပျက်သမျှ မသိရဘဲ) ပျောက်ကွယ်နေခဲ့သည် မဟုတ်ပေ)။ စူရဒ်အအ်ရာဖ် : အာယသ် ( ၆-၇ )
၃။ ဂျန္နသ်သုခဘုံနှင့် ဂျဟန္နမ်ငရဲဘုံတည်ရှိမှုအပေါ် သက်ဝင်ယုံကြည်ခြင်း။ ထိုဂျန္နသ်နှင့် ဂျဟန္နမ်သည် အဖန်ဆင်းခံများ အမြဲထာဝရ နေထိုင်ရမည့် နေရာဖြစ်ကြောင်း သက်ဝင်ယုံကြည်ခြင်း။
ဂျန္နသ်သုခဘုံသည် စည်းစိမ်ခံစားရာနေရာဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ဂျန္နသ်ကို အမိန့်နာခံကာ အပြစ်ရှောင်ကြဥ်သည့် မုအ်မင်န်များအတွက် အသင့်ပြုလုပ် ထားတော်မူသည်။ ထိုမုအ်မင်န်များသည် အလ္လာဟ်အရှင်မြတ်က ၎င်းတို့အပေါ် သက်ဝင်ယုံကြည်ရန် သတ်မှတ်ထားသည့် အရာများကို သက်ဝင်ယုံကြည်ခဲ့ကြပြီး အလ္လာဟ်အရှင်မြတ်အတွက်သာ ရည်စူး၍ အိဗာဒသ်ပြုကြသူများ၊ အရှင့်ရစူလ်တမန်တော်ကို နောက်လိုက်ကြသူများဖြစ်သည်။ ဂျန္နသ်သုခဘုံတွင် “မည်သည့်မျက်စိကမျှမမြင်တွေ့ဘူးသော၊ မည်သည့်နားကမျှ မကြားဘူးသော၊ မည်သည့်လူသားတစ်ယောက်၏ စိတ်နှလုံးသား၌ မစဥ်းစားဘူးသော” နိအ်မသ် စည်းစိမ်အမျိုးမျိုးရှိသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည် - (အမှန်စင်စစ် အီမာန် ယုံကြည်ပြီး ကောင်းမြတ်သော လုပ်ရပ်များကို ပြုလုပ်ခဲ့ကြသော သူများကမူ အဖန်ဆင်းခံများထဲတွင် အကောင်းဆုံး သူများပင် ဖြစ်ကြသည်။ သူတို့၏ အကျိုးကမူ သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်တွင် အမြဲနေကြရမည့် ဥယျာဉ်များပင် ဖြစ်ကြသည်။ ယင်း(ဥယျာဉ်များ)၏ အောက်မှ စမ်းရေချောင်းများ စီးဆင်းနေမည်။ (သူတို့သည်) ယင်း(ဥယျာဉ်များ)ထဲတွင် အမြဲနေကြရသူများ ဖြစ်လျက်ရှိမည်။ အလ္လာဟ်အရှင်မြတ်သည်လည်း သူတို့အား ကျေနပ်တော်မူမည်။ သူတို့သည်လည်း အရှင်မြတ်အား ကျေနပ်ကြမည်။ ၎င်း(ကျေနပ်မှု)သည် အကြင်သူအတွက်ဖြစ်သည်၊ ထိုသူသည် သူ့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်ကို ကြောက်ရွံ့ခဲ့သည်)။ စူရဟ် ဗိုင်ယ်ယိနဟ် : အာယသ် ( ၇-၈ ) အရှင်မြတ်မိန့်ကြားတော်မူသည်မှာ - (ထို့ပြင် သူတို့အတွက် သူတို့ ပြုလုပ်ခဲ့ကြသည့် လုပ်ရပ်များ၏ အကျိုးကျေးဇူးအဖြစ် လျှို့ဝှက်ထားသော မျက်စိအေးမြကြည်လင်မှုကို မည်သူမျှမသိပေ)။ စူရဟ် စဂျ်ဒဟ် : အာယသ် ( ၁၇ )
ဂျဟန္နမ်ငရဲဘုံသည် အဇားဗ်ပြစ်ဒဏ်ခံရမည့်နေရာဖြစ်ပြီး ၎င်းအား အလ္လာဟ်အရှင်မြတ်သည် မတရားမှုကျူးလွန်သည့် ကာဖိရ်များအတွက် အသင့်ပြုလုပ်ထားတော်မူသည်။ ထိုကာဖိရ်များသည် အရှင်မြတ်အား သွေဖည်ငြင်းပယ်ခဲ့ကြပြီး အရှင်မြတ်၏ရစူလ်တမန်တော်များ၏ အမိန့်ကို ဖီဆန်ခဲ့ကြသည်။ ထိုငရဲဘုံ၌ စိတ်နှလုံးသားများက လုံးဝမခန့်မှန်းနိုင်သည့် အမျိုးမျိုးသော အဇားဗ်ပြစ်ဒဏ်များရှိသည်။ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည် -(ထို့ပြင် အသင်တို့သည် ကာဖိရ် ငြင်းပယ်သူများအတွက် အသင့်ပြင်ဆင်ထားသော(ငရဲ)မီးမှ ရှောင်ကြဉ်ကြပါ)။ စူရဟ် အာလိအင်မ်ရားမ် : အာယသ် (၁၃၁) အရှင်မြတ်မိန့်တော်မူသည် - (ထို့ပြင် (အို- တမန်တော်) အသင် ပြောလိုက်ပါ- အမှန်တရားသည် အသင်တို့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ် ထံတော်မှ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်ရာ မည်သူမဆို ယုံကြည်လိုလျှင် ယုံကြည်နိုင်သည်။ ၎င်းနောက် ငြင်းပယ်လိုလျှင် ငြင်းပယ်နိုင်သည်။ အမှန်စင်စစ် ငါအရှင်မြတ်သည် မတရား ကျူးလွန်သူများ အတွက် (ငရဲ)မီးကို အသင့် ပြုလုပ်ထားတော်မူသည်။ ထိုမီး၏ တံတိုင်းများသည် သူတို့အား ဝန်းရံထားလိမ့်မည်။ ထို့ပြင် အကယ်၍ သူတို့သည် ရေတောင်းကြလျှင် မျက်နှာများကို လောင်ကျွမ်းမည့် ခဲရည်ပူကဲ့သို့ ရေကို ပေးခြင်းခံရမည်။ ထိုရေသည် အဘယ်မျှ ဆိုးရွားသော သောက်စရာ ဖြစ်လိုက်သနည်း။ ထို့ပြင် ထိုငရဲဘုံသည်လည်း အလွန်ဆိုးဝါးလှသော ခိုနားရာနေရာဖြစ်သည်) ။ စူရဟ်ကဟဖ် : အာယသ် ( ၂၉ ) အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်- (အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်များအား ကရုဏာတော်မှ ကင်းဝေးစေတော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် သူတို့အတွက် မီးတောက်မီးလျှံကို အဆင်သင့် ပြုလုပ်ထားတော်မူသည်။ သူတို့သည် ထိုမီးထဲတွင် အမြဲနေကြရမည်။ သူတို့သည် မည်သည့် စောင့်ရှောက်သူကိုမျှ တွေ့ရမည်မဟုတ်ပေ။ မည်သည့် ကာကွယ်သော သူကိုမျှလည်း တွေ့ရမည်မဟုတ်ပေ။ သူတို့၏ မျက်နှာများသည် မီးထဲတွင် (အနေအထား အမျိုးမျိုးဖြင့်) လှည့်ပြောင်း ခံကြရသောနေ့တွင် သူတို့က ပြောဆိုကြမည်- “သြော်- ကျွန်ုပ်တို့သည် အလ္လာဟ် အရှင်မြတ်၏ အမိန့်တော်ကို လိုက်နာခဲ့ကြလျှင်၊ ထို့ပြင် ကျွန်ုပ်တို့သည် တမန်တော်၏ အမိန့်တော်ကို လိုက်နာခဲ့ကြလျှင် အဘယ်မျှ ကောင်းလိုက်မည်နည်း။) စူရဟ် အဟ်ဇားဗ် : အာယသ် ( ၆၄-၆၆ )
နောက်ဆုံးနေ့အား သက်ဝင်ယုံကြည်ခြင်းတွင် ကြီးကျယ်လှသည့်အကျိုးကျေးဇူးများရှိသည်။ ၎င်းတို့အနက်အချို့မှာ -
၁။ ထိုနေ့တွင်ရရှိမည့် အကျိုးစဝါးဗ်များကို မျှော်ကိုးလျက် ကောင်းမှုပြုလုပ်ချင်စိတ်များ ပေါ်ပေါက်လာခြင်း၊ ကောင်းမှုပြုရန် စိတ်အားထက်သန်လာခြင်း။
၂။ ထိုနေ့တွင်တွေ့ကြုံရမည့် ပြစ်ဒဏ်အားကြောက်ရွံ့ကာ ပြစ်မှုဒုစရိုက်ကျူးလွန်ခြင်းနှင့် ပြစ်မှုဒုစရိုက်အား နှစ်သက်ခြင်းတို့မှ ရှောင်ကြဥ်ခြင်း။
၃။ ထိုယုံကြည်ချက်က မုအ်မင်န်အား အာခိရသ်စည်းစိမ်နှင့် အကျိုးစဝါးဗ်အား မျှော်လင့်မှုကြောင့် လောကီတွင် လက်လွှတ်ခဲ့ရသည့်အရာများနှင့်ပတ်သက်၍ နှစ်သိမ့်မှုပေးခြင်း။
ကာဖိရ်များက သေပြီးနောက် ပြန်လည်ရှင်ပြန်ထခြင်းမှာ မဖြစ်နိုင်ဟုယူဆကာ ငြင်းပယ်ခဲ့ကြသည်။
ထိုယူဆချက်မှာ မှားယွင်းသည်။ ထိုယူဆချက် မှားယွင်းကြောင်းကို ရှရီအဟ် တရားတော်၊ လက်တွေ့အတွေ့အကြုံနှင့် အသိဉာဏ်တို့က ညွှန်ပြနေသည်။
တရားတော်လာ အထောက်အထားမှာ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည် - (ကာဖိရ်များက သူတို့သည် မည်သည့်အခါမျှ ရှင်ပြန်ထကြရမည် မဟုတ်ပေဟု ထင်မြင်ယူဆ(၍ အခိုင်အမာ) ပြောဆိုခဲ့ကြသည်။ (အို- တမန်တော်) အသင် ပြောလိုက်ပါ။ အဘယ်ကြောင့် မဟုတ်ရမည်နည်း။ ငါ့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်ကို တိုင်တည်ပြီး (ပြောမည်)၊ အမှန်ပင် အသင်တို့သည် ရှင်ပြန်ထကြရမည် ဖြစ်သည်။ ထို့နောက် အမှန်စင်စစ် အသင်တို့သည် အသင်တို့ ပြုလုပ်ခဲ့သမျှတို့ကို အသိပေးခြင်းခံကြရမည်။ ထို့ပြင် ၎င်းသည် အလ္လာဟ်အရှင်မြတ် အတွက် အလွန်လွယ်ကူသည်။) စူရဟ် သဂါဗွန် : အာယသ် ( ၇ ) ထို့အတူ ကောင်းကင်ကျ ကျမ်းများအားလုံးသည် သေပြီးနောက် ပြန်လည်ရှင်ပြန်ထရမည့်အပေါ် ညီညွတ်ခဲ့ကြသည်။
လက်တွေ့အတွေ့အကြုံဆိုင်ရာ အထောက်အထားမှာ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျေးကျွန်များအား ဤလောက၌ပင် သေသူများအား ပြန်ရှင်သန်စေခြင်းကို ပြသတော်မူခဲ့သည်။ စူရဟ် ဘကရဟ်တွင် ဤအကြောင်းနှင့်ပတ်သက်၍ ပမာငါးခုပါရှိသည်။ ၎င်းတို့မှာ -
ပထမ ဥပမာ - မူစာ(အလိုင်းဟိစ္စလာမ်)၏ အမျိုးသားများက ၎င်းအားဤသို့ပြောဆိုခဲ့ကြသည် (ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား မျက်ဝါး ထင်ထင် မဖူးမြင်ရမချင်း ကျွန်ုပ်တို့သည် အသင့်ကို လုံးဝယုံကြည်ကြမည် မဟုတ်ပေ)။ စူရဟ် ဘကရဟ်: အာယသ် ( ၅၅ ) ထိုအခါ အလ္လာဟ်အရှင်မြတ်က ၎င်းတို့အားသေစေတော်မူခဲ့သည်။ ထို့နောက် ၎င်းတို့အား ပြန်လည်ရှင်စေတော်မူခဲ့သည်။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်က ဗနီအိစ္စရာအီလ်တို့အား မိန့်ကြားတော်မူသည်မှာ - (ထို့ပြင် တစ်ခါတွင် အသင်တို့က ပြောဆိုခဲ့ကြသည်- “အို-မူစာ၊ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား မျက်ဝါးထင်ထင် မဖူးမြင်ရမချင်း ကျွန်ုပ်တို့သည် အသင့်ကို လုံးဝယုံကြည်ကြမည် မဟုတ်ပေ။” ထို(သို့ ပြောဆိုကြသည့်အတွက်)ကြောင့် အသင်တို့အား မိုးကြိုးလောင်မီးက ဖမ်းဆီးခဲ့သည်။ အသင်တို့သည်လည်း (ထိုအရာကို) တွေ့မြင်လျက် ရှိခဲ့ကြသည်။ ထို့နောက် ငါအရှင်မြတ်သည် အသင်တို့ သေပြီးသည့် နောက်မှပင် အသင်တို့ ကျေးဇူးသိတတ်ကြရန် အသင်တို့အား တစ်ဖန် ရှင်ပြန်ထစေတော်မူခဲ့သည်)။ စူရဟ် ဘကရဟ် : အာယသ် ( ၅၅-၅၆ )
ဒုတိယ ဥပမာ - ဗနီအိစ္စရာအီလ်တို့တွင် အငြင်းပွားခဲ့ကြသော လူသတ်မှုကိစ္စဖြစ်သည်။ အသတ်ခံရသူက သူ့အား မည်သူသတ်ကြောင်း အသိပေးရန်အတွက် အလ္လာဟ်အရှင်မြတ်က ၎င်းတို့အား နွားမတစ်ကောင်ကို လှီးဖြတ်၍ ထိုနွားမ၏အချို့သော အစိတ်အပိုင်းဖြင့် အသတ်ခံရသူအား ရိုက်ရန် အမိန့်ပေးတော်မူသည်။ ဤအကြောင်းနှင့် စပ်လျဥ်း၍ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ - (ထို့ပြင် တစ်ခါတွင် အသင်တို့သည် လူတစ်ဦးအား သတ်ခဲ့ပြီးနောက် ၎င်း(လူသတ်မှု)နှင့် ပတ်သက်၍ အသင်တို့ အချင်းချင်း တစ်ဦးကိုတစ်ဦး စွပ်စွဲခဲ့ကြသည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ထိမ်ချန် လျှို့ဝှက်ထားသည့် ကိစ္စကို ဖွင့်ထုတ်ဖော်ပြမည့်အရှင် ဖြစ်တော်မူသည်။ ထို့နောက် ငါအရှင်မြတ်သည် မိန့်ကြားတော်မူခဲ့သည်- အသင်တို့သည် ထိုသူ(သေ)ကို ထို(နွားမ)၏ အချို့ (အစိတ်အပိုင်း)ဖြင့် ရိုက်ခတ်လိုက်ကြပါ။ အလ္လာဟ်အရှင်မြတ်သည် ထိုကဲ့သို့ပင် သေသူများကို ရှင်စေတော်မူမည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့ နားလည်ကြရန်အတွက် အရှင်မြတ်၏ သက်သေ လက္ခဏာများကို အသင်တို့အား ပြသတော်မူသည်)။ စူရဟ် ဘကရဟ် : အာယသ် ( ၇၂-၇၃ )
တတိယ ဥပမာ - သေခြင်းတရားမှ လွတ်မြောက်ရန်အတွက် မိမိတို့၏အိုးအိမ်များမှ ထွက်ခွါလာကြသော ထောင်ပေါင်းများစွာသော သူတို့၏အကြောင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အားလုံးကို သေစေတော်မူခဲ့သည်။ ထို့နောက် ၎င်းတို့အားပြန်လည်၍ ရှင်စေတော်မူခဲ့သည်။ ဤအကြောင်းနှင့် စပ်လျဥ်း၍ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ - (အသင် (တမန်တော်)သည် ထောင်ပေါင်းများစွာ ရှိကြလျက်နှင့် သေရမည်ကို ကြောက်၍ သူတို့၏ အိမ်များမှ ထွက်သွားခဲ့ကြသည့် သူများကို မသိမြင်ခဲ့ပါသလော။ ထို့အတွက်ကြောင့် အလ္လာဟ်အရှင်မြတ်သည် သူတို့အား“အသင်တို့ သေကြလော့”ဟု မိန့်ကြားတော်မူလိုက်သည်။ (ထိုအခါ သူတို့သည် သေသွားကြသည်။) ထို့နောက် အရှင်မြတ်သည် သူတို့အား ရှင်ပြန်ထစေတော်မူခဲ့သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လူများအပေါ်၌ ကျေးဇူးပြုတော်မူသောအရှင် ဖြစ်တော်မူသည်။ သို့ရာတွင် လူများထဲမှ အများစုသည် ကျေးဇူးမသိတတ်ကြပေ)။ စူရဟ် ဘကရဟ် : အာယသ် ( ၂၄၃ )
စတုတ္ထ ဥပမာ - ပျက်စီးယိုယွင်းနေသော ရွာတစ်ရွာအနီးမှ ဖြတ်သန်းသွားသူ၏အကြောင်းဖြစ်သည်။ ထိုသူက အလ္လာဟ်အရှင်မြတ်သည် ထိုပျက်စီးယိုယွင်းနေသောရွာအား ပြန်လည်ရှင်သန်အောင်ပြုရန်မှာ ဝေးကွာလွန်းလှသည်ဟု ထင်မြင်ယူဆခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် ၎င်းအားနှစ်ပေါင်းတစ်ရာတိတိ သေစေတော်မူပြီးနောက် တစ်ဖန် ပြန်လည်ရှင်စေတော်မူခဲ့သည်။ ဤအကြောင်းနှင့် စပ်လျဥ်း၍ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ - (သို့မဟုတ် (အသင် တမန်တော်သည်) အကြင်သူကို (မသိမြင်ခဲ့ပါသလော၊) ထိုသူသည် မြို့ရွာတစ်ရွာကို ဖြတ်သန်းသွားခဲ့သည်။ ထိုရွာရှိ အိမ်များသည် (ခေါင်မိုးများ ပြိုကျပြီး နံရံများသည်လည်း) ပြိုကျပျက်စီးလျက်ရှိသည်။ (ထိုအချင်းအရာကို တွေ့ပြီး) ၎င်းက ပြောသည်၊ အလ္လာဟ်အရှင်မြတ်သည် ဤမြို့ရွာအား ပျက်စီးပြီးနောက် မည်သည့်နည်းဖြင့် ပြန်လည်ရှင်စေ (ထူထောင်)တော်မူပါမည်နည်း။ ထို(ကဲ့သို့ ပြောသည့်အတွက်)ကြောင့် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား နှစ်ပေါင်းတစ်ရာ သေစေတော်မူခဲ့သည်။ ထို့နောက် အရှင်မြတ်သည် ၎င်းအား ပြန်ရှင်စေတော်မူ၍ မေးမြန်းတော်မူသည်၊ “အသင်သည် မည်မျှကြာညောင်းစွာ (ဤနေရာ၌)နေခဲ့သနည်း။” ၎င်းက ပြန်ဖြေသည်၊ “ကျွန်ုပ်သည် တစ်နေ့ သို့မဟုတ် နေ့၏ တစ်စိတ်တစ်ပိုင်း နေခဲ့ပါသည်။” အရှင်မြတ်က အမိန့်ရှိတော်မူသည်၊ “ထိုသို့မဟုတ်ပေ၊ အမှန်စင်စစ် အသင်သည် နှစ်ပေါင်းတစ်ရာ နေခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ အသင်သည် အသင်၏ စားဖွယ်၊ သောက်ဖွယ်များကို ကြည့်ပါ။ ထိုစားဖွယ်များသည် (ဤမျှ နှစ်ကြာသည့်တိုင်) ပုပ်သိုး နံစော်ခြင်း မရှိပေ။ ထို့နောက် (အသင် စီးနင်းလာသည့်) အသင်၏ မြည်းတိရစ္ဆာန်ကို(လည်း) ကြည့်ပါ။ ထို့နောက် ငါအရှင်မြတ်သည် အသင့်အား လူများအတွက် သက်သေ လက္ခဏာတစ်ခုအဖြစ် ပြုလုပ်တော်မူရန် ဖြစ်သည်။ ထို့နောက် (အသင် စီးလာသည့်မြည်း၏) အရိုးများကို ငါအရှင်မြတ်သည် မည်ကဲ့သို့ ဆက်စပ်တော်မူပြီး အသားဖြင့် ဖုံးအုပ်တော်မူသည် ဆိုသည်ကိုလည်း အသင်ကြည့်ပါ။” ထို့နောက် ၎င်းအတွက် ထိုအရာများ ထင်ရှားလာသည့်အခါ ၎င်းက “အမှန်စင်စစ် အလ္လာဟ် အရှင်မြတ်သည် အရာအားလုံးအပေါ် အလွန် စွမ်းဆောင် နိုင်တော်မူသောအရှင် ဖြစ်တော်မူသည်ကို ကျွန်ုပ်သိရှိ (ယုံကြည်)ပါပြီ”ဟု ပြောဆိုခဲ့သည် )။ စူရဟ် ဘကရဟ် : အာယသ် ( ၂၅၉ )
ပဉ္စမ ဥပမာ - အိဗ်ရာဟီးမ် (အလိုင်းဟိစ္စလာမ်)၏ အကြောင်းအရာဖြစ်သည်။ ၎င်းက အလ္လာဟ်အရှင်မြတ်သည် သေသူများကို မည်သို့ ပြန်လည်ရှင်စေတော်မူကြောင်းကို မိမိအား ပြသရန် တောင်းဆိုခဲ့သည်။ ထိုအခါ အရှင်မြတ်က ၎င်းအား ငှက်လေးကောင်အား ဇဗဟ်လုပ်ပြီး အပိုင်းပိုင်းပြုလုပ်ကာ မိမိအနီးရှိတောင်များပေါ်၌ တစ်ပိုင်းစီ ထားရန်မိန့်ကြားတော်မူခဲ့သည်။ ထို့နောက် အရှင်မြတ်က သူ့အား ထိုငှက်များအား အသံပေး၍ခေါ်ရန် အမိန့်ပေးတော်မူခဲ့သည်။ ထိုအခါ ငှက်များ၏ အစိတ်အပိုင်းများသည် တခုနှင့်တခုပေါင်းစပ်သွားကာ ပြန်လည်အသက်ရှင်သန်လာပြီး အိဗ်ရာဟီးမ် (အလိုင်းဟိစ္စလာမ်) ထံသို့ ပြေးလာကြသည်။ ဤအကြောင်းနှင့် စပ်လျဥ်း၍ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ - (ထို့ပြင် တစ်ခါတွင် (တမန်တော်) အိဗ်ရာဟီးမ်သည် ပြောဆိုခဲ့သည်၊ အို-ကျွန်ုပ်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်၊ အရှင်မြတ်သည် သေသူများကို မည်သည့်နည်းဖြင့် ရှင်အောင် ပြုလုပ်တော်မူသည်ကို ကျွန်ုပ်အား ပြသတော်မူပါ။ အရှင်မြတ်က အမိန့်ရှိတော်မူသည်၊ အသင် (တမန်တော်)သည် (ထိုအရာကို) မယုံကြည်ပါသလော။ ၎င်း(တမန်တော်)က ပြောဆိုသည်၊ အဘယ်ကြောင့် မယုံရပါမည်နည်း၊ အမှန်ပင် ယုံကြည်ပါသည်။ သို့ရာတွင် ကျွန်ုပ်စိတ်ကျေနပ် (တင်းတိမ်)ရန် အတွက်ပင် (မေးရခြင်း) ဖြစ်ပါသည်။ (အရှင်မြတ် ဖန်ဆင်းနိုင်ကြောင်းကို မမြင်ရဘဲနှင့် မှန်ကန်သည်ဟု သိရှိယုံကြည်လိုက်ခြင်းဖြင့်လည်း အီမာန်အတွက် လုံလောက်ပြီး ဖြစ်သည်။) (ထိုအခါ) အရှင်မြတ်က မိန့်တော်မူသည်၊ သို့ဖြစ်လျှင် အသင်သည် ငှက်လေးကောင်ကို ယူပြီးနောက် အသင့်ထံတွင် သူတို့အား (ဇဗဟ်လုပ်ပြီး) အပိုင်းပိုင်း ဖြတ်တောက်လိုက်ပါ။ ထို့နောက် ထိုထဲမှ တစ်ပိုင်းစီကို တောင်တစ်ခုစီအပေါ် တင်ထားလိုက်ပါ။ ထို့နောက် အသင်သည် ထိုငှက်များကို ဟစ်ခေါ်လိုက်ပါ။ ထိုငှက်များသည် (ပြန်ရှင်ပြီး) အသင့်ထံသို့ ပြေးလာကြလိမ့်မည်။ ထို့နောက် စင်စစ် အလ္လာဟ်အရှင်မြတ်သည် တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသော အရှင်၊ ပညာဉာဏ် အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသော အရှင် ဖြစ်တော်မူသည်ကို အသင်သိလိုက်ပါ)။ စူရဟ် ဘကရဟ် : အာယသ် ( ၂၆၀ )
ဤသည် သေဆုံးပြီးသူများအား ပြန်လည်ရှင်ပြန်ထစေခြင်းမှာ ဖြစ်နိုင်ကြောင်း ညွှန်ပြနေသော လက်တွေ့ဥပမာများပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် မရ်ယာမ်၏ သားတော် အီစာ (အလိုင်းဟိစ္စလာမ်)အား ချီးမြှင့်ခဲ့သည့် တန်ခိုးတော်များအနက်တစ်ခုမှာ အီစာ (အလိုင်းဟိစ္စလာမ်)သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဖြင့် သေသူများကို ပြန်လည်ရှင်စေကာ မိမိတို့၏ကဗရ်သင်္ချိုင်းများမှ ထွက်စေတော်မူကြောင်းကို ရှေ့တွင် တင်ပြခဲ့ပြီးဖြစ်သည်။
အသိဉာဏ်ဆိုင်ရာ အထောက်အထားနှင့် ပတ်သက်၍ ရှုထောင့်နှစ်မျိုးရှိသည်။
၁။ မုချအလ္လာဟ်အရှင်မြတ်သည် မိုးကောင်ကင်များ၊ မြေပထဝီနှင့် ထိုအရာနှစ်ခုတွင်ရှိသည့် အရာများအား ဖန်ဆင်းတော်မူသောအရှင်ဖြစ်သလို ထိုအရာနှစ်ခုအား စတင်ဖန်ဆင်းသည့် အရှင်လည်းဖြစ်သည်။ သို့ဖြစ်၍ မရှိရာမှ ရှိရာသို့ စတင်ဖန်ဆင်းရန် စွမ်းဆောင်နိုင်သောအရှင်သည် ပြန်လည်ဖန်ဆင်းခြင်းကို မတတ်စွမ်းနိုင်စရာအကြောင်းမရှိပေ။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်။ (အမှန်သော်ကား ထိုအရှင်မြတ်သည်ပင် အဖန်ဆင်းခံတို့အား စတင်ဖန်ဆင်းတော်မူ၏။ ထို့နောက် ထိုအရှင်မြတ်သည်ပင် ယင်းအဖန်ဆင်းခံတို့ကို ထပ်မံ၍ ဖန်ဆင်းတော်မူမည်။ စင်စစ်သော်ကား ဤသည် ထိုအရှင်မြတ်အဖို့သာ၍ပင် လွယ်ကူလှပေသည်)။ စူရဟ် ရူးမ် : အာယသ် (၂၇) အရှင်မြတ်မိန့်တော်မူသည် - (ငါအရှင်မြတ်သည် အရာအားလုံးတို့အား ပထမအကြိမ် စတင်ဖန်ဆင်းတော်မူသကဲ့သို့် ထိုအရာကိုပင် ထပ်မံ၍ ပြုလုပ် ဖန်ဆင်းတော်မူမည်ဖြစ်သည်။ (ဤသည်) ငါအရှင်မြတ်အပေါ်တွင် ကတိပြုထားမှု ဖြစ်သည့်အတွက် အမှန်စင်စစ် ငါအရှင်မြတ်သည် (ငါအရှင်မြတ် ကတိပြုတော်မူထားသည့်အတိုင်း) ပြုလုပ်တော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူသည်)။ စူရဟ်အန်ဗီယာအ် : အာယသ် (၁၀၄ ) ဆွေးမြေ့နေသည့် အရိုးများအား ပြန်ရှင်စေတော်မူခြင်းကို ငြင်းပယ်သည့်သူများအပေါ် တုံ့ပြန်ချေပရန် အမိန့်ပေးသည့်အနေဖြင့် အရှင်မြတ်မိန့်ကြားတော်မူသည်မှာ - ((အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) ပထမအကြိမ် ယင်းအရိုးများကို ဖန်ဆင်းတော်မူခဲ့သော အရှင်မြတ်သည်ပင်လျှင် ယင်းအရိုးများကို ရှင်(ပြန်)စေတော်မူမည်။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် အလုံးစုံသောဖန်ဆင်းပုံ ဖန်ဆင်းနည်းတို့ကို ကောင်းစွာ သိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏)။ စူရဟ် ယာစီးန် : အာယသ် ( ၇၉ )
၂။ မြေကြီးသည် ခြောက်သွေ့၍ သေကြေပျက်စီးကာ စိမ်းလန်းသော အပင်တစ်ပင်မျှ မရှိတော့ပေ။ ထိုအခါအရှင်မြတ်သည် ထိုမြေပေါ်သို့ မိုးကိုရွာသွန်းစေတော်မူရာ အပင်များမှာ ရှင်သန်စိမ်းလန်းစိုပြေလာကာ ထိုမြေပေါ်၌ လှပသောအပင်အမျိုးအမျိုး ပေါက်ရောက်ရှင်သန်လာကြသည်။ သို့ဖြစ်ရာ ခြောက်သွေ့၍ သေနေသောမြေကြီးအား ပြန်လည်ရှင်သန်စေနိုင်သောအရှင်သည် သူသေများအား ပြန်ရှင်စေနိုင်သောအရှင် ဖြစ်တော်မူသည်။ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည် - (ထိုမှတစ်ပါး (ဤသည်လည်း) ထိုအရှင်မြတ်၏သက်သေလက္ခဏာတော်တို့ အနက်မှပင်ဖြစ်၏။ အသင်သည်ပထဝီမြေကို အခြေအနေညံ့ဖျင်းစွာ တွေ့မြင်ရ၏။ ထို့နောက်ငါအရှင်မြတ်သည် ပထဝီမြေ၏အပေါ်၌ ရေကို ရွာသွန်းစေတော်မူသောအခါ၊ ယင်းပထဝီမြေမှာ တိုးတက်ထွန်းကား စိမ်းစို၍လည်းကောင်း၊ (သစ်ပင်အစရှိသည်တို့)ပေါက်ရောက် ဖွံ့ဖြိုး၍လည်း ကောင်း၊ လာလေသည်။ (သို့ဖြစ်ပေရာ) ဧကန်မလွဲ ယင်းပထဝီမြေကို ရှင်စေတော်မူသော အရှင်မြတ်သည်ပင်လျှင်ဧကန်အမှန် သူသေတို့အား ရှင်စေတော်မူမည့်အရှင် ဖြစ်တော်မူ၏။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကိုစွမ်းနိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း)။ စူရဟ် ဖွသ်စွေလသ် : အာယသ် ( ၃၉ ) ထို့ပြင်အရှင်မြတ် မိန့်တော်မူသည်မှာ - (ထို့နောက် ငါအရှင်မြတ်သည် မိုးကောင်းကင်မှ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော (မိုး) ရေကို ရွာသွန်းစေတော်မူခဲ့သည်။ ထို့ပြင် ၎င်း(ရေ)ဖြင့် ငါအရှင်မြတ်သည် ဥယျာဉ်များနှင့် ရိတ်သိမ်းဖြတ်ယူရမည့် ကောက်ပဲသီးနှံပင်များကို ပေါက်ရောက်စေတော်မူခဲ့သည်။ ထို့ပြင် မြင့်မားသော စွန်ပလွံပင်များကို(လည်း ပေါက်ရောက်စေတော်မူခဲ့သည့် အတွက်) ထိုစွန်ပလွံပင်များတွင် ပြွတ်သိပ်ပြီး သီးနေသော အခိုင်များ ရှိနေသည်။ ကျွန်များအတွက် စားနပ်ရိက္ခာအဖြစ် (ပေါက် ရောက်စေခဲ့ခြင်း ဖြစ်သည်)။ ထို့ပြင် ငါအရှင်မြတ်သည် သေနေသည့် မြေကို ၎င်း(မိုးရေ)ဖြင့် ရှင်စေတော်မူခဲ့သည်။ (လူများ သင်းချိုင်းထဲမှ ရှင်ပြီး) ပြန်ထွက်ခြင်းသည်လည်း ထိုသို့ပင် ဖြစ်လိမ့်မည် )။ စူရဟ် ကားဖ် : အာယသ် ( ၉-၁၁ )
နောက်ဆုံးနေ့အား သက်ဝင်ယုံကြည်ခြင်းတွင် သေဆုံးကွယ်လွန်ပြီးနောက် ဖြစ်လာမည့်အရာအားလုံးကို သက်ဝင်ယုံကြည်ခြင်းလည်း ပါဝင်သည်။ ဥပမာ -
(က) ကဗရ်၌ စစ်ဆေးမေးမြန်းမှု။ ဤသည်ကွယ်လွန်သူအား မြေမြုပ်ပြီးနောက် ၎င်းအား မိမိ၏ဖန်ဆင်းရှင်၊ မိမိ၏သာသနာ၊ မိမိ၏နဗီတမန်တော်တို့နှင့်ပတ်သက်၍ မေးမြန်းခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် အီမာန် ယုံကြည်သူများအား တည်တံ့ခိုင်မြဲသော စကားဖြစ်သည့် ကလိမဟ် ရှဟာဒသ်အားဖြင့် တည်တံ့ခိုင်မြဲစေတော်မူမည်ဖြစ်သည်။ ထိုအခါ ကဗရ်တွင်း၌ရှိသူက ကျွန်ုပ်၏အရှင်မှာ အလ္လာဟ်ဖြစ်သည်။ ကျွန်ုပ်၏သာသနာမှာ အစ္စလာမ်ဖြစ်သည်။ ကျွန်ုပ်၏နဗီမှာ မုဟမ္မဒ် (ﷺ)ဖြစ်သည်ဟု ဖြေကြားမည်ဖြစ်သည်။ ၎င်းနောက် အလ္လာဟ်အရှင်မြတ်သည် မတရားပြုသူများကို လမ်းလွဲစေတော်မူမည်ဖြစ်သည်။ သို့ဖြစ်ရာ ကာဖိရ်သွေဖည်ငြင်းပယ်သူမှာ ဝမ်းနည်းလေစွ၊ အို ဝမ်းနည်းလေစွ၊ ကျွန်ုပ်မသိပါဟု ပြောဆိုလိမ့်မည်။ မုနာဖိက် အယောင်ဆောင် မွတ်စ်လင်မ်နှင့် အရှင်မြတ်အပေါ် သံသယဝင်ခဲ့သူတို့ကမူ ကျွန်ုပ်မသိပါ၊ လူတွေပြောဆိုကြသည့်အရာကို ကျွန်တော်ကြားပြီး ထိုအတိုင်း ပြောခဲ့ခြင်းဖြစ်သည်ဟု ပြောကြားမည်ဖြစ်သည်။
(ခ) ကဗရ်၏ အဇားဗ်ပြစ်ဒဏ်နှင့် စည်းစိမ်ချမ်းသာ။ ကဗရ်၏ အဇားဗ်ပြစ်ဒဏ်သည် မုနာဖိက်များ၊ ကာဖိရ်သွေဖည်ငြင်းပယ်သူများ စသည့်မတရားကျူးလွန်သူများအတွက်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည် - ( အကယ်၍ အသင်(တမန်တော်)သည် အကြင်အခါ၌ တွေ့မြင်နိုင်လျှင် ကောင်းလေစွပင်၊ ထိုအခါ၌ မတရားလုပ်သူများသည် သေခြင်း၏ ပြင်းထန်(စွာ ခံစားရ)မှုများတွင် ရှိနေကြလိမ့်မည်။ ထို့ပြင် ကောင်းကင် တမန်များသည် သူတို့၏ လက်များကိုဖြန့်လျက် (ဤသို့ ပြောကြမည်) “အသင်တို့သည် အသင်တို့၏ အသက်များအား ထုတ်(ပေး)ကြပါ။ ယနေ့၌မူ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မဟုတ်မမှန် လုပ်ကြံ ပြောဆိုကြသည် သာမက အရှင်မြတ်၏ သက်သေလက္ခဏာများမှ မာန ထောင်လွှားနေခဲ့ကြသည့် အတွက်ကြောင့် သေးသိမ်စေသော ပြစ်ဒဏ်ကို အစားပေးခြင်းခံကြရမည်)။ စူရဟ် အန်အားမ် : အာယသ် ( ၉၃ )
အလ္လာဟ်အရှင်မြတ်က ဖိရ်အောင်၏နောက်လိုက်တို့နှင့် ပတ်သက်၍ မိန့်ကြားတော်မူသည်မှာ - (သူတို့သည် မီး၏ ရှေ့၌ နံနက်နှင့် ညနေတွင် ထုတ်ဖော် ပြသခြင်းခံကြရသည်။ ထို့ပြင် ကိယာမသ်နေ့ ရောက်သည့်အခါ (အရှင်မြတ်က ကောင်းကင် တမန်များအား မိန့်တော်မူမည်) အသင်တို့သည် ဖိရ်အောင်န်၏ အခြွေအရံများအား ပြင်းထန်သော ပြစ်ဒဏ်တွင် သွတ်သွင်းလိုက်ကြပါ)။ စူရဟ် ဂါဖိရ် : အာယသ် ( ၄၆ )
ဆွဟီးဟ်မွတ်စ်လင်ကျမ်းတွင် ဇိုင်ဘင်န် စာဗိသ် ( رضی الله عنه )၏ ဆင့်ပြန်ချက်လာရှိသည်။ တမန်တော်မြတ်(ﷺ )က မိန့်ကြားတော်မူသည်မှာ - “အကယ်၍ အသင်တို့အချင်းချင်း ဒဖန်ပြုမြှုပ်နှံခြင်း မပြုကြတော့မည်ကို မစိုးရိမ်ပါက ငါကိုယ်တော်သည် မိမိကြားရသည့် ကဗရ်အဇားဗ်(အသံ)ကို အသင်တို့အားကြားသိစေရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် မုချဒုအာပြုတော်မူမည်ဖြစ်သည်။ ထို့နောက်တွင် တမန်တော်မြတ်သည် (ဆွဟာဗဟ်များဘက်သို့ ) မျက်နှာမူကာ အသင်တို့ အလ္လာဟ်အရှင်မြတ်ထံတော်၌ ဂျဟန္နမ်ငရဲမီးမှ ခိုလှုံခွင့်တောင်းခံကြပါဟု မိန့်ကြားတော်မူသည်။ ဆွဟာဗဟ်များက ကျွန်တော်မျိုးတို့ အလ္လာဟ်အရှင်မြတ်ထံတော်၌ ဂျဟန္နမ်ငရဲမီးမှ ခိုလှုံခွင့်တောင်းခံပါသည်ဟု လျှောက်ထားကြသည်။ ထို့နောက် တမန်တော်မြတ်က အသင်တို့ အလ္လာဟ်အရှင်မြတ်ထံတော်၌ ကဗရ်အဇားဗ်မှ ခိုလှုံခွင့်တောင်းခံကြပါဟု မိန့်ကြားတော်မူသည်။ ဆွဟာဗဟ်များက ကျွန်တော်မျိုးတို့ အလ္လာဟ်အရှင်မြတ်ထံတော်၌ ကဗရ်အဇားဗ်မှ ခိုလှုံခွင့်တောင်းခံပါသည်ဟု လျှောက်ထားကြသည်။ ထို့နောက် တမန်တော်မြတ်က အသင်တို့ အလ္လာဟ်အရှင်မြတ်ထံတော်၌ ပေါ်လွင်ထင်ရှားသည့် စမ်းသပ်မှုများနှင့် ဖုံးကွယ်နေသည့် စမ်းသပ်မှုများမှ ခိုလှုံခွင့်တောင်းခံကြပါဟု မိန့်ကြားတော်မူသည်။ ဆွဟာဗဟ်များက ကျွန်တော်မျိုးတို့ အလ္လာဟ်အရှင်မြတ်ထံတော်၌ ပေါ်လွင်ထင်ရှားသည့်စမ်းသပ်မှုများနှင့် ဖုံးကွယ်နေသည့်စမ်းသပ်မှုများမှ ခိုလှုံခွင့်တောင်းခံပါသည်ဟုလျှောက်ထားကြသည်။ ထို့နောက် တမန်တော်မြတ်က အသင်တို့ ဒဂျ်ဂျာလ်၏ ဖိသ်နဟ် (စမ်းသပ်မှု)မှ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခွင့်တောင်းခံကြပါဟု မိန့်ကြားတော်မူသည်။ ဆွဟာဗဟ်များက ကျွန်တော်မျိုးတို့ ဒဂျ်ဂျာလ်၏ ဖိသ်နဟ် (စမ်းသပ်မှု)မှ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခွင့်တောင်းခံပါသည် လျှောက်ထားခဲ့ကြသည်။”
ကဗရ်၏ စည်းစိမ်မှာသည် စစ်မှန်သည့် မုအ်မင်န်များအတွက်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ - (အမှန်စင်စစ် အကြင်သူတို့သည် “ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အလ္လာဟ် အရှင်မြတ် ဖြစ်တော်မူသည်”ဟု ပြောဆိုခဲ့ကြ၍ (ထိုယုံကြည်ချက်ပေါ်၌ပင်) စွဲဲမြဲစွာ ရပ်တည်ခဲ့ကြသည်။ ကောင်းကင်တမန်များသည် ထိုသူများထံသို့ ဆင်းသက်လာပြီး ဤသို့ပြောဆိုကြမည်- “အသင်တို့သည် မစိုးရိမ်ကြပါနှင့်၊ မပူဆွေးကြပါနှင့်၊ ထို့ပြင် အသင်တို့သည် အသင်တို့ ကတိပေးခြင်းခံခဲ့ကြရသော ဂျန္နသ်သုခဘုံ ရရှိသည့်အတွက် ဝမ်းမြောက် ပျော်ရွှင်ကြပါ)။ စူရဟ် ဖွတ်စ်စွိလသ် : အာယသ် ( ၃၀ )
အရှင်မြတ်မိန့်ကြားတော်မူသည် - (သို့ဖြစ်လျှင် (အသက်ဝိညာဉ်သည်) လည်မျိုသို့ ရောက်ရှိလာသည့်အခါ အသင်တို့သည် အဘယ်ကြောင့် (မဟုတ်မမှန်ဟု ငြင်းပယ်ခြင်း) မပြုကြတော့သနည်း။ ထိုအချိန်တွင် အသင်တို့သည် ကြည့်နေလျက်ရှိကြသည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့ထက် ပို၍ပင် ထိုသူနှင့် နီးကပ်လျက် ရှိနေတော်မူသည်။ သို့ရာတွင် အသင်တို့သည် မြင်ကြသည် မဟုတ်ပေ။ ထို့ပြင် အသင်တို့သည် အစားပေးခြင်းခံရမည့်သူများ မဟုတ်ကြလျှင်၊ အသင်တို့သည် အမှန်ပြောဆိုသူများဖြစ်ကြလျှင်၊ အဘယ်ကြောင့် ၎င်း(အသက်ဝိညာဉ်)ကို ပြန်သွင်း မထားလိုက်ကြသနည်း။ (ပြန်လည် ယူမထားလိုက်ကြသနည်း။) ထို့နောက် မည်သို့ပင်ဖြစ်စေ၊ အကယ်၍ (သေဆုံး)သူသည် နီးကပ်သူများထဲမှဖြစ်ခဲ့လျှင်၊ သို့ဖြစ်လျှင် (သူ့အတွက်) သက်သာအနားရမှု၊ အမွှေးအကြိုင်နှင့် စည်းစိမ်ပြည့်ဝသောနေရာ ဂျန္နသ် ရှိလိမ့်မည်)။ စူရဟ် ဝါကိအဟ် : အာယသ် ( ၈၃-၈၉ )
ဗရာအ်ဘင်န် အာဇိဗ် (رضی الله عنه )ထံမှ ဆင့်ပြန်ချက်လာရှိသည်။ မိမိ၏ကဗရ်၌ ကောင်းကင်တမန်နှစ်ပါး(၏ မေးခွန်းများကို) အဖြေပေးခဲ့သည့် မုအ်မင်န် နှင့်ပတ်သက်၍ တမန်တော်မြတ် (ﷺ)က မိန့်ကြားတော်မူသည်မှာ- “ မိုးကောင်ကင်မှ ဟစ်အော်ပြောဆိုသူတစ်ဦးမှ ပြောဆိုသည်မှာ ငါအရှင်မြတ်၏ ကျွန်သည် မှန်ကန်စွာဖြေဆိုခဲ့သည်။ သို့ဖြစ်၍ အသင်တို့ ၎င်းအတွက် ဂျန္နသ်မှအခင်း ခင်းပေးကြလော့။ ဂျန္နသ်မှ အဝတ်အစားများ ဆင်မြန်းပေးကြလော့။ ၎င်းအတွက် ဂျန္နသ်ဘက်သို့ တံခါးတပေါက်အား ဖွင့်ပေးကြလော့။ ဆင့်ပြန်သူက ဆက်လက်ပြောကြားသည်မှာ ထိုအခါ ၎င်းသူထံသို့ ဂျန္နသ်၏ သင်းပျံ့သည့်ရနံ့နှင့် လေပြေလေညှင်းများ ရောက်ရှိလာမည်ဖြစ်သည်။ ထို့နောက် ၎င်း၏ကဗရ်သည် မျက်စိတဆုံး ကျယ်ဝန်းသွားမည်ဖြစ်သည်။” အိမာမ်အဟ်မဒ်နှင့် အိမာမ်အဗူဒါဝူးဒ်က ဤဟဒီးဆ်အား ရှည်လျားသည့် ဟဒီးဆ်တော်တရပ်၌ တင်ပြထားသည်။
အမှန်တရားမှ သွေဖည်သူများအနက် အုပ်စုတစ်စုသည် လမ်းလွဲသွားကြသည်။ ၎င်းတို့က ကဗရ်၏ အဇားဗ်ပြစ်ဒဏ်နှင့် စည်းစိမ်တို့မှာ လက်တွေ့နှင့် ဆန့်ကျင်သည်ဟု ယူဆကာ ငြင်းပယ်ခဲ့ကြသည်။၎င်းတို့က အကယ်၍ ကဗရ်ကိုပြန်လည်တူးဖော်ပြီး သေသူအားကြည့်မည်ဆိုလျှင် ၎င်းအားမြုပ်နှံထားစဉ်က အတိုင်းတွေ့ရမည်သာဖြစ်ပြီး၊ ကဗရ်သည် ကျယ်သွားခြင်း၊ ကျဉ်းမြောင်းသွားခြင်းစသည့် မည်သည့်ပြောင်းလဲမှုမျှ တွေ့ရမည်မဟုတ်ဟု ပြောဆိုခဲ့ကြသည်။
ဤယူဆချက်သည် တရားတော်အရဖြစ်စေ၊ လက်တွေ့အတွေ့အကြုံအရဖြစ်စေနှင့် အသိဉာဏ်အရဖြစ်စေ မှားယွင်းနေသည်။
တရားတော်နှင့်ပတ်သက်၍ ကဗရ်၏ အဇားဗ်ပြစ်ဒဏ်နှင့် စည်းစိမ်များရှိကြောင်းညွှန်ပြနေသည့် အာယသ်တော်များနှင့် ဟဒီးဆ်တော်များကို ရှေ့တွင်တင်ပြခဲ့ပြီးဖြစ်သည်။
ဆွဟီးဟ် ဗုခါရီကျမ်းတွင် အိဗ်နုအဗ္ဗားစ် (رضی الله عنهما )၏ ဆင့်ပြန်ချက်လာရှိသည်။ ၎င်းကပြောသည်မှာ - “တမန်တော်မြတ်(ﷺ)သည် မဒီနဟ်မြို့တော်၏ ဥယာဉ်အချို့မှ ထွက်လာတော်မူစဉ် မိမိတို့၏ကဗရ်၌ အဇားဗ်ပေးခြင်းခံနေရသည့် ပုဂ္ဂိုလ်နှစ်ဦး၏အသံကို ကြားတော်မူခဲ့သည်။” ထို့နောက် ဆင့်ပြန်သူက ဟဒီးဆ်တော်အား ပြောပြခဲ့သည်။ ၎င်းတို့နှစ်ဦးအနက် တစ်ဦးမှာ ဆီးစက်များမှ အကာအကွယ်မပြုသည့်အတွက်ဖြစ်သည်။ အခြားဆင့်ပြန်ချက်တစ်ခုတွင် " မိမိ၏ဆီးစက်များမှ "ဟု လာရှိသည်။ နောက်တစ်ဦးမှာ ကုန်းချောလေ့ရှိသည့်အတွက်ဖြစ်သည်။ မွတ်စ်ကျမ်း၌ ဆင့်ပြန်ချက်တွင် " ၎င်းသည်ဆီးစက်များမှ မရှောင်ကြဥ်ခဲ့ပေ" ဟုလာရှိသည်။
လက်တွေ့အတွေ့အကြုံနှင့် ပတ်သက်၍ အိပ်ပျော်နေသူသည် မိမိ၏အိပ်မက်၌ မိမိသည် အလွန်သာယာနာပျော်ဖွယ်ကောင်းပြီး ကျယ်ဝန်းသည့် နေရာတစ်ခုတွင်ရှိနေပြီး ထိုနေရာ၌ စည်းစိမ်များခံစားလျက်ရှိသည်ကို မြင်မက်တတ်သည်။ သို့မဟုတ် ကျဉ်းမြောင်းသည့်နေရာတစ်ခုတွင် ပူဆွေးသောက ရောက်နေသည်ကို မြင်မက်တတ်သည်။ တစ်ခါတစ်ရံ အိပ်မက်မက်သူသည် အိပ်မက်မှ လန့်နိုးသွားတတ်သည်။ ထိုအခါ ၎င်းသည် မိမိအခန်းထဲရှိ အိပ်ယာပေါ် ၌သာ လှဲလျောင်းလျက် ရှိနေသည်။ ထို့ပြင် အိပ်ခြင်းသည် သေခြင်း၏ညီအစ်ကိုပင်ဖြစ်သည်။ ထို့ကြောင့်ပင် အလ္လာဟ်အရှင်မြတ်သည် အိပ်စက်ခြင်းအား ဝဖားသ် (သေခြင်း)ဟု အမည်ပေးတော်မူခဲ့ခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်ကြားတော်မူသည်မှာ - (အလ္လာဟ် အရှင်မြတ်သည်ပင် အသက်ဝိညာဉ်များကို သူတို့သေဆုံးချိန်တွင် နှုတ်သိမ်းတော်မူသည်။ ထို့ပြင် သေဆုံးချိန် မရောက်သေးသော အသက် ဝိညာဉ်များကိုလည်း သူတို့အိပ်စက်သည့် အခါတွင် (နှုတ်သိမ်းထားတော်မူသည်)။ ထို့နောက် သေဆုံးရန် စီရင်ဆုံးဖြတ်တော်မူခဲ့သော အသက်ဝိညာဉ်များအား အရှင်မြတ်က တားဆီးထားလိုက်တော်မူသည်။ ထို့ပြင် ကျန်အသက်ဝိညာဉ်များကိုမူ သတ်မှတ်ချိန်ရောက်သည်ထိ လွှတ်ထားတော်မူသည်)။ စူရဟ် ဇုမရ် : အာယသ်( ၄၂ )
အသိဉာဏ်နှင့်ပတ်သက်၍ အိပ်နေသူသည် မိမိ၏အိပ်မက်ထဲတွင် လက်တွေ့ဖြစ်ရပ်နှင့် ကိုက်ညီသော မှန်ကန်သည့်အိပ်မက်ကို မြင်မက်တတ်သည်။ တစ်ခါတစ်ရံ တမန်တော်မြတ် (صلی الله علیه وسلم )အား ကိုယ်တော်၏ ရုပ်ဆင်းသဏ္ဍန်အတိုင်း အိပ်မက်၌မြင်မက်တတ်သည်။ မည်သူမဆို တမန်တော်မြတ်အား ကိုယ်တော်၏ ရုပ်ဆင်းသဏ္ဍန်အတိုင်းအိပ်မက်၌ မြင်မက်ပါက ထိုသူသည်တမန်တော်မြတ်အား အမှန်တကယ် မြင်တွေ့ခဲ့ခြင်းပင်ဖြစ်သည်။ ထိုသို့ဖြစ်သော်ငြားလည်း အိပ်နေသူသည် မိမိအခန်းထဲရှိ အိပ်ယာပေါ်၌ပင်ရှိနေပြီး မိမိမြင်မက်သည့်အရာ၏ အဝေး၌ပင် ရှိနေသည်။ လောက၏ အခြေအနေများနှင့်ပတ်သက်၍ပင် ဤသို့ဖြစ်နိုင်သည်ဆိုလျှင် အာခိရသ်၏ အခြေနေများတွင် အဘယ်ကြောင့် မဖြစ်နိုင်ရမည်နည်း။
၎င်းတို့ အကိုးအကားအဖြစ် တင်ပြကြသည့် ကဗရ်ကိုပြန်လည်တူးဖော်ပြီး သေသူအားကြည့်မည်ဆိုလျှင် ၎င်းအားမြုပ်နှံထားစဉ်က အတိုင်းတွေ့ရမည်သာဖြစ်ပြီး၊ ကဗရ်သည် ကျယ်သွားခြင်း၊ ကျဉ်းမြောင်းသွားခြင်းစသည့်ဖြင့် မည်သည့်ပြောင်းလဲမှုမျှ တွေ့ရမည်မဟုတ်ဟူသော စောဒကနှင့်ပတ်သတ်၍ အဖြေအမျိုးမျိုးရှိသည်။ ၎င်းတို့မှာ -
၁။ ဤကဲ့သို့ အခြေအမြစ်မရှိ မှားယွင်းသော စောဒကများဖြင့် တရားတော်လာအကြောင်းအရာများကို ဆန့်ကျင်ခြင်း မပိုင်ပါ။ ထိုသို့စောဒကတက်သူများသည် တရားတော်လာအကြောင်းအရာများကို အလေးအနက်ထား စဉ်းစားမည်ဆိုပါက ထိုစောဒကများ မှားယွင်းနေကြောင်း သိရှိသွားမည်ဖြစ်သည်။ ထို့ကြောင့်ပင် ဆိုရိုးစကားတစ်ခုရှိသည်။
" မှန်ကန်သည့်စကားကို အပြစ်တင်သူတွေ ဘယ်လောက်တောင် များလိုက်သလဲ။
တကယ်တော့ သူတို့ရဲ့ အဓိကပြသနာက နားလည်မှု နုံချာခြင်းပင်ဖြစ်သည်။ "
၂။ စင်စစ် ဗရ်ဇခ် (ကွယ်လွန်ပြီးနောက် ရှင်ပြန်ထရမည့်နေ့တိုင်အောင်နေကြရမည့်) ကြားစခန်း၏ အခြေနေများမှာ အကွယ်အကြောင်းအရာဖြစ်ပြီး ယင်းအား အသိတရားဖြင့် ခံစားသိရှိနိုင်မည်မဟုတ်ပါ။ အကယ်၍ အသိတရားဖြင့် ခံစားသိရှိနိုင်ပါက အကွယ်အား သက်ဝင်ယုံကြည်ခြင်းမှာ အချည်းနှီးပင်ဖြစ်သွားပြီး၊ အကွယ်အား သက်ဝင်ယုံကြည်သူ မုအ်မင်န်များနှင့် အကွယ်ကို ငြင်းပယ်သူများမှာ အတူတူပင်ဖြစ်သွားမည်ဖြစ်သည်။
၃။ အဇားဗ်ပြစ်ဒဏ်၊ နိအ်မသ်စည်းစိမ်၊ ကဗရ်၏ ကျယ်ဝန်းမှု၊ ကျဉ်းမြောင်းမှု စသည်တို့အား ကွယ်လွန်သူမှအပ မည်သူမျှမသိနိုင်ပေ။ ဤသည် အိပ်နေသူတစ်ဦးက အိပ်မက်၌ မိမိကိုယ်မိမိ ထိတ်လန့်ဖွယ်ကောင်း၍ ကျဉ်းမြောင်းသည့်နေရာတစ်ခုတွင် ရှိနေသည် သို့မဟုတ် ကျယ်ဝန်း၍ သာယာနာပျော်ဖွယ်ကောင်းသည့် နေရာတွင် ရှိနေသည်ဟု မြင်မက်သကဲ့သို့ပင်ဖြစ်သည်။ သို့သော် ၎င်း၏ဘေးတွင်ရှိနေသူများသည် ထိုအရာအား မမြင်နိုင်သလို၊ ခံစားသိရှိနိုင်မည်လည်း မဟုတ်ပေ။ ထို့ပြင် တမန်တော်မြတ်(ﷺ)သည် မိမိ၏ဆွဟာဗဟ်များနှင့် အတူရှိစဉ် တမန်တော်မြတ်ထံ ဝဟီကျရောက်လာတတ်သည်။ တမန်တော်မြတ်သည် ဝဟီအမိန့်တော်ကို ကြားရသော်လည်း ဆွဟာဗဟ်များမှာ မကြားကြပေ။ တစ်ခါတစ်ရံတွင် ကောင်းကင်တမန် (ဂျိဗ်ရီလ်)သည် လူသားအသွင်ဖြင့်လာရောက်ကာ တမန်တော်မြတ်နှင့် စကားပြောဆိုတတ်သည်။သို့သော် ဆွဟာဗဟ်များသည် ကောင်းကင်တမန်ကို မြင်တွေ့ဖူးခြင်းမရှိကြသလို၊ အသံကိုလည်း မကြားဖူးကြပေ။
၄။ အဖန်ဆင်းခံတို့၏ သိမြင်နိုင်စွမ်းမှာ ကန့်သတ်ခံထားရပြီး ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်က စွမ်းပေးထားသည့် အတိုင်းအတာအထိသာ သိမြင်နိုင်သည်။ သို့ဖြစ်၍ ၎င်းတို့သည် အရာခပ်သိမ်းကို သိမြင်နိုင်ခြင်းမရှိပေ။ မိုးခုနှစ်ထပ်၊ မြေပထဝီနှင့် ထိုမိုးခုနှစ်ထပ်နှင့် မြေပထဝီကြားတွင်ရှိသမျှ အရာခပ်သိမ်းသည် အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းမှုနှင့်တကွ အရှင်မြတ်စင်ကြယ်သန့်ရှင်းကြောင်းကို အမှန်တကယ် မြွက်ဆိုလျက်ရှိနေကြသည်။ ထိုသို့မြွက်ဆိုမှုကို အလ္လာဟ်အရှင်မြတ်က အဖန်ဆင်းခံတို့အနက် မိမိအလိုရှိသူအား တစ်ခါတစ်ရံ ကြားစေတော်မူသည်။ သို့ပါလျက် ထိုအကြောင်းအရာများအားလုံးသည် ကျွန်ုပ်တို့၏ အမြင်အာရုံမှ ဖုံးကွယ်လျက်ရှိနေသည်။ ထိုအကြောင်းအရာနှင့် စပ်လျဉ်း၍အလ္လာဟ်အရှင်မြတ်မိန့်ကြားတော်မူသည် - (မိုးခုနစ်ထပ်နှင့် မြေပထဝီသာမက ထိုမိုးများနှင့် မြေပထဝီတွင် ရှိသူများသည် အရှင်မြတ် စင်ကြယ်တော်မူကြောင်း ရွတ်ဆိုနေကြသည်။ ထို့ပြင် အရာအားလုံးသည် အရှင်မြတ်အား ချီးမွမ်းမှုနှင့်တကွ စင်ကြယ်တော်မူကြောင်း ရွတ်ဆိုလျက်ပင်ရှိကြသည်။ သို့ရာတွင် အသင်တို့သည် သူတို့၏ ရွတ်ဆိုမှုကို နားမလည်ကြပေ)။ စူရဟ် အိစ်ရားအ် : အာယသ် ( ၄၄ ) ဤအတိုင်းပင် ဂျင်န်နှင့် ရှိုင်သွာန်မိစ္ဆာကောင်များသည် မြေပထဝီတွင် ဟိုဒီသွားလာလှုပ်ရှားလျက်ရှိနေကြသည်။ ထို့ပြင် အချို့ဂျင်န်တို့သည် တမန်တော်မြတ် (صلی الله علی وسلم)ထံ လာရောက်၍ တမန်တော်မြတ်၏ ကုရ်အာန်ဖတ်ရွတ်မှုကို အာရုံစူးစိုက်မှုအပြည့်ဖြင့် တိတ်ဆိတ်စွာ နားထောင်ခဲ့ကြသည်။ ထို့နောက် ၎င်းတို့သည် မိမိတို့အုပ်စုထံ သတိပေးနှိုးဆော်သူများအဖြစ် ပြန်သွားခဲ့ကြသည်။ သို့သော်လည်း ထိုဂျင်န်တို့သည် ကျွန်ုပ်တို့၏ အမြင်အာရုံမှ ဖုံးကွယ်လျက်ရှိနေကြသည်။ ဤအကြောင်းနှင့် စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည် - ( အို- အာဒမ်၏ သားသမီး အပေါင်းတို့၊ အမှန်စင်စစ် ရှိုင်သွာန်သည် အသင်တို့၏ မိဘနှစ်ပါး (အာဒမ်နှင့် ဟောင်ဝါအ်)ကို ၎င်းတို့ နှစ်ဦးသည် ၎င်းတို့၏ အရှက်ကို မြင်နိုင်စေရန် ၎င်းတို့(၏ ခန္ဓာကိုယ်)မှ ၎င်းတို့၏ အဝတ်အစားများကို ချွတ်ပြီး ဂျန္နသ်မှ ထွက်စေခဲ့သကဲ့သို့ အသင်တို့အားလည်း လမ်းမှားဘက် သွေးဆောင်ခြင်းမဖြစ်စေနှင့်။ အမှန်မှာ ထိုရှိုင်သွာန်နှင့် သူ၏မျိုးနွယ်များသည် အသင်တို့ကို အသင်တို့ သူတို့အား မမြင်နိုင်သော နည်းဖြင့်မြင်ကြသည်။ အမှန်စင်စစ် ငါအရှင်မြတ်သည် ရှိုင်သွာန်များကို အီမာန် ယုံကြည်မှု မရှိသောသူများ၏ မိတ်ဆွေများအဖြစ် ပြုလုပ်တော်မူခဲ့သည်)။ စူရဟ် အအ်ရာဖ် : အာယသ် ( ၂၇ ) သို့ဖြစ်၍ အဖန်ဆင်းခံတို့သည် အရာအားလုံးကို သိမြင်နိုင်စွမ်းမရှိပါက မိမိတို့ မသိမြင်နိုင်သော ခိုင်လုံစွာအတည်ပြုထားသည့် အကွယ်ကိစ္စရပ်များကို ငြင်းပယ်ခွင့်မရှိပါ။
*
သက္ကဒီရ်သတ်မှတ်ချက်အား သက်ဝင်ယုံကြည်ခြင်း
သက္ကဒီရ်ဆိုသည်မှာ အလ္လာဟ်အရှင်မြတ်သည် မိမိ၏အိလ်မ်ဖြင့် ကြိုတင်သိရှိတော်မူသည့်အတိုင်း အဖန်ဆင်းခံအားလုံးအတွက် သတ်မှတ်တော်မူခြင်းဖြစ်သည်။
သက္ကဒီရ်အား သက်ဝင်ယုံကြည်ရာတွင် အချက်လေးချက်ပါဝင်သည်။
၁။ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်း အလုံးစုံအား ခြုံငုံ၍ဖြစ်စေ၊ အသေးစိတ်ဖြစ်စေ၊ မိမိ၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ဖြစ်စေ၊ အဖန်ဆင်းခံတို့၏လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ဖြစ်စေ အစအဆုံးမရှိ အကြွင်းမဲ့သိရှိတော်မူသော အရှင်ဖြစ်ကြောင်း သက်ဝင်ယုံကြည်ခြင်း။
၂။ အလ္လာဟ်အရှင်မြတ်သည် ထိုသက္ကဒီရ်သတ်မှတ်ချက်အား လောင်ဟေမဟ်ဖူးဇ် (မှတ်တမ်းသင်ပုန်း)၌ ရေးမှတ်ထားတော်မူပြီးဖြစ်ကြောင်း သက်ဝင်ယုံကြည်ခြင်း။ ဤအချက်နှစ်ချက်နှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်မိန့်ကြားတော်မူသည် - (အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်တွင်ရှိသမျှနှင့် မြေပထဝီတွင်ရှိသမျှအား သိတော်မူသည်ကို အသင်မသိသလော။ အမှန်စင်စစ် ထိုအရာများသည် မှတ်တမ်းတွင်ရှိသည်။ အမှန်စင်စစ် ထိုအရာသည် အလ္လာဟ်အရှင်မြတ်အတွက် လွယ်ကူသည်)။ စူရဟ်ဟဂျ် : အာယသ် (၇၀)
ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်းတွင် အဗ်ဒုလ္လာဟ်ဘင်န် အမရ်ဘင်န် အားစွ် (رضی الله عنه) ထံမှ ဆင့်ပြန်ချက်လာရှိသည်။ ၎င်းကပြောကြားသည်မှာ ကျွန်ုပ်သည်တမန်တော်မြတ် (ﷺ) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ “အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီအား မဖန်ဆင်းမီ နှစ်ပေါင်း (၅၀၀၀၀) အလျင်ကပင် အဖန်ဆင်းခံတို့၏ သက္ကဒီရ်သတ်မှတ်ချက်များကို ရေးဆွဲတော်မူခဲ့သည်။”
၃။ အဖန်ဆင်းခံများအားလုံးသည် အလ္လာဟ်အရှင်မြတ်၏အလိုတော်အတိုင်းသာ ဖြစ်ပေါ်လာကြောင်း သက်ဝင်ယုံကြည်ခြင်း။ အရှင်မြတ်၏ လုပ်ဆောင်ချက်ဖြစ်စေ၊ အဖန်ဆင်းခံတို့ ၏လုပ်ဆောင်ချက်ဖြစ်စေ အားလုံးသည် အရှင်မြတ်၏အလိုတော်အတိုင်းသာ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်က မိမိ၏လုပ်ဆောင်မှုနှင့်ပတ်သက်၍ မိန့်ကြားတော်မူသည် - (ထို့ပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အရှင်မြတ် အလိုရှိတော်မူသောအရာကို ဖန်ဆင်းတော်မူပြီး ရွေးချယ်တော်မူသည်)။ စူရဟ်ကစွတ်စ် : အာယသ် (၆၈) အရှင်မြတ်ကမိန့်ကြားတော်မူသည်မှာ -(ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိတော်မူသည်ကို ပြုလုပ်တော်မူသည် )။ စူရဟ် အိဗ်ရာဟီးမ် : အာယသ် ( ၂၇ ) အရှင်မြတ်မိန့်ကြားတော်မူသည် - (ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသည့်အတိုင်း (မိခင်များ၏) သားအိမ်များထဲတွင် အသင်တို့၏ ရုပ်ဆင်း သဏ္ဌာန်များကို ပြုလုပ် ဖန်ဆင်းတော်မူသည်)။ စူရဟ် အာလိအင်မ်ရားန် : အာယသ် (၆) ထို့ပြင်အရှင်မြတ်သည် အဖန်ဆင်းခံတို့၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ မိန့်ကြားတော်မူသည်မှာ - (ထို့ပြင် အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူခဲ့လျှင် အမှန်စင်စစ် သူတို့အား အသင်တို့အပေါ်တွင် နိုင်နင်းစေတော်မူခဲ့မည်။ သို့ဖြစ်လျှင် အမှန်ပင်သူတို့သည် အသင်တို့အား တိုက်ခိုက်ခဲ့ကြပေလိမ့်မည်)။ စူရဟ် နိစာအ် : အာယသ် (၉၀) ဆက်လက်၍ အရှင်မြတ်မိန့်ကြားတော်မူသည်မှာ - (ထို့ပြင် အကယ်၍ အသင်(တမန်တော်)အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ် အလိုရှိတော်မူလျှင် ၎င်း(ရှိုင်သွာန်)တို့သည် ထိုသို့ ပြုလုပ်နိုင်ကြမည် မဟုတ်ပေ။ သို့ဖြစ်ရာ အသင်သည် သူတို့နှင့် သူတို့လုပ်ကြံ လိမ်လည် ပြောဆိုသည်များကို စွန့်ထားလိုက်ပါ)။ စူရဟ် အန်အားမ် : အာယသ် (၁၁၂)
၄။ စကြာဝဠာအတွင်းရှိ အရာခပ်သိမ်းအလုံးစုံ၏ မူလသဘာဝ၊ ဂုဏ်အရည်အချင်းများနှင့် လှုပ်ရှားမှုများအားလုံးသည် အလ္လာဟ်အရှင်မြတ်၏အဖန်ဆင်းခံများသာဖြစ်ကြသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်- (အလ္လာဟ်အရှင်မြတ်သည်ပင် အရာအားလုံးကို ဖန်ဆင်းတော်မူသော အရှင်ဖြစ်သည့်အပြင် အရှင်မြတ်သည်ပင် အရာအားလုံးအပေါ်တွင် ထိန်းသိမ်းတော်မူသောအရှင်လည်း ဖြစ်တော်မူသည်)။ စူရဟ် ဇုမရ် : အာယသ် (၆၂) အရှင်မြတ်မိန့်ကြားတော်မူသည်မှာ - (ထို့ပြင် အရှင်မြတ်သည် အရာအားလုံးကို ဖန်ဆင်းတော်မူ၍ ထိုအရာများကို တိုင်းဆထားခဲ့သည်)။ စူရဟ် ဖုရ်ကားန် : အာယသ် ( ၂ ) ထို့ပြင်အရှင်မြတ်သည် မိမိ၏နဗီတမန်တော် အိဗ်ရာဟီးမ် (အလိုင်းဟိစ္စလာမ်)နှင့် ပတ်သက်၍ မိန့်ကြားတော်မူခဲ့သည်။ ၎င်းက မိမိ၏အမျိုးသားများအား ပြောကြားခဲ့သည်မှာ - (ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့နှင့် အသင်တို့ ပြုလုပ်သော အရာများအား ဖန်ဆင်းတော်မူခဲ့သည်)။ စူရဟ် စွားဖ်ဖားသ် : အာယသ် (၉၆)
အထက်တွင် ကျွန်ုပ်ဖော်ပြခဲ့သည့်အတိုင်း သက္ကဒီရ်အား သက်ဝင်ယုံကြည်ခြင်းသည် ဗန္ဒဟ်ကျေးကျွန်အနေဖြင့် မိမိလုပ်ဆောင်ချက်များနှင့်ပတ်သက်၍ အလိုဆန္ဒထားခြင်း၊ ရွေးချယ်ခွင့်ရှိခြင်း၊ တတ်စွမ်းနိုင်ခြင်းတို့နှင့် မဆန့်ကျင်ပါ။ အဘယ်ကြောင့်ဆိုသော် ရှရီအသ်တရားတော်နှင့် လက်တွေ့ဖြစ်ရပ်နှစ်ခုစလုံးက ထိုအချက်သည် လူသားအတွက်ဖြစ်နိုင်ကြောင်း အတည်ပြုထားသည်။
ရှရီအသ်တရားတော်ဆိုင်ရာ အထောက်အထားမှာ - အလ္လာဟ်အရှင်မြတ်က ဗန္ဒဟ်ကျေးကျွန်၏ အလိုဆန္ဒနှင့် ပတ်သက်၍ မိန့်ကြားတော်မူသည်။ (သို့ဖြစ်ရာ အလိုရှိသည့်သူသည် သူ့အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်တွင် (သူ့အတွက်) ပြန်လည်ရာဌာန (အသင့်)ပြုလုပ်ထားရမည်ဖြစ်သည်)။ စူရဟ် နဗအ် : အာယသ် ( ၃၉ ) ထို့ပြင် အရှင်မြတ်မိန့်ကြားတော်မူသည် - (သို့ဖြစ်ရာ အသင်တို့သည် အသင်တို့၏ လယ်ယာ(များ)ကို အသင်တို့ ကြိုက်သည့်နည်းဖြင့် (ထွန်ယက် စိုက်ပျိုး) သွားလာကြပါ)။ စူရဟ် ဘကရဟ် : အာယသ် ( ၂၂၃ ) တတ်စွမ်းနိုင်မှုနှင့် ပတ်သက်၍ အရှင်မြတ်မိန့်ကြားတော်မူသည်မှာ - (သို့ဖြစ်ရာ အသင်တို့သည် အသင်တို့ တတ်နိုင်သမျှ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်)။ စူရဟ် သဂါဗွန် : အာယသ် ( ၁၆ ) ထို့ပြင် အရှင်မြတ်မိန့်တော်မူသည် - (အလ္လာဟ်အရှင်မြတ်သည် မည်သူ့ကိုမျှ သူတတ်နိုင်သည်ထက်ပိုပြီး တာဝန်ပေးတော်မမူပေ။ သူရှာဖွေ ဆည်းပူးခဲ့သည့် (ကောင်းသည့်)အရာများသည် သူ့အတွက်ပင်ဖြစ်ပြီး သူရှာဖွေ ဆည်းပူးခဲ့သည့် (မကောင်းသည့်) အရာများသည်လည်း သူ၏အပေါ်၌ပင် တင်ရှိမည်ဖြစ်သည်)။ စူရဟ် ဘကရဟ် : အာယသ် ( ၂၈၆ )
လက်တွေ့ဖြစ်ရပ်ဆိုင်ရာ အထောက်အထားမှာ - လူသားတိုင်းသည် မိမိတို့တွင် အလိုဆန္ဒနှင့် တတ်စွမ်းနိုင်မှုရှိကြောင်း သိရှိကြပြီး ထိုအရာနှစ်ခုဖြင့်ပင် လုပ်ဆောင်ခြင်း၊ စွန့်လွှတ်ခြင်းတို့ကို ပြုလုပ်ကြသည်။ ထို့ပြင် လူသားသည် လမ်းလျှောက်ခြင်းကဲ့သို့ မိမိဆန္ဒအရဖြစ်ပေါ်လာသည့်အရာနှင့် တုန်ရီခြင်းကဲ့သို့ မိမိဆန္ဒမပါဘဲ ဖြစ်ပေါ်လာသည့်အရာတို့ကို ခွဲခြားတတ်ကြသည်။ သို့သော် ဗန္ဒဟ်ကျေးကျွန်၏ အလိုဆန္ဒနှင့် တတ်စွမ်းနိုင်မှုတို့မှာ အလ္လာဟ်အရှင်မြတ်၏ အလိုတော်နှင့် အရှင်မြတ်၏ စွမ်းအားတော် အောက်တွင်သာ ဖြစ်ပေါ်နိုင်မည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ - ((အထူးသဖြင့်) အသင်တို့ထဲမှ ဖြောင့်မတ်စွာ သွားလိုသည့်သူများအတွက် ဖြစ်သည်။ ထို့ပြင် စကြဝဠာအားလုံးအား ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူမှပင် အသင်တို့သည် အလိုရှိနိုင်ကြမည် ဖြစ်သည်)။ စူရဟ် သက်ဝီးရ် : အာယသ် ( ၂၈-၂၉ ) ထို့ပြင် စကြာဝဠာတစ်ခုလုံးသည် အလ္လာဟ်အရှင်မြတ် စိုးပိုင်သည့်အရာဖြစ်သည်။ ထို့ကြောင့် အရှင်မြတ်၏စိုးပိုင်မှုတွင် အရှင်မြတ်မသိဘဲ၊ အရှင်မြတ်၏ အလိုတော်မပါဘဲ မည်သည့်အရာမျှ ဖြစ်ပေါ်လာနိုင်မည်မဟုတ်ပါ။
ကျွန်ုပ်ဖော်ပြခဲ့သည့်အတိုင်း သက္ကဒီရ်အား သက်ဝင်ယုံကြည်ခြင်းသည် ဗန္ဒဟ်ကျေးကျွန်အား မိမိစွန့်လွှတ်ခဲ့သော ဝါဂျိဗ်တာဝန်များ ၊ မိမိကျူးလွန်ခဲ့သော အပြစ်အကုသိုလ်များအတွက် ဆင်ခြေပေးခွင့် မရရှိစေပါ။ ထိုလုပ်ရပ်များအတွက် သက္ကဒီရ်အား အကြောင်းပြချက် ပေးခြင်းသည် အကြောင်းအမျိုးမျိုးကြောင့် မှားယွင်းသည်။
၁။ အရှင်မြတ်၏ မိန့်ကြားတော်မူသည်မှာ - (ရှိရ်က် တုဖက်ကိုးကွယ်သူများက မကြာမီပြောဆိုကြမည် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် ကျွန်ုပ်တို့နှင့်ကျွန်ုပ်တို့၏ အဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့သည် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ပြီး ကိုးကွယ်နိုင်ခဲ့ကြမည် မဟုတ်ပေ။ ၎င်းပြင် ကျွန်ုပ်တို့သည် မည်သည့်အရာကိုမျှ ဟရာမ်ဟုလည်း တားမြစ်နိုင်ခဲ့ကြမည် မဟုတ်ပေ။ ထိုသို့ပင် သူတို့မတိုင်မီက သူများသည်လည်း (တမန်တော်များကို) မဟုတ်မမှန်ဟု စွပ်စွဲ ငြင်းပယ်ခဲ့ကြသည်။ နောက်ဆုံးတွင် သူတို့သည် ငါအရှင်မြတ်၏ အပြစ်ဒဏ်ကို မြည်းစမ်းခဲ့ကြရသည်။ (အို- တမန်တော်) အသင်ပြောလိုက်ပါ- အသင်တို့ ထံတွင် (အသင်တို့ ထင်မြင်ယူဆ ပြောဆိုသည်မှာ မှန်ကန်ကြောင်း) သက်သေသာဓက တစ်စုံတစ်ခုရှိသလော။ သို့ဖြစ်လျှင် ငါတို့အား ၎င်း(သက်သေသာဓက)ကို ထုတ်ဖော်တင်ပြကြပါ။ အသင်တို့သည် (သက်သေ သာဓက မရှိဘဲ အသင်တို့၏) ထင်မြင်ယူဆချက်ကိုသာ လိုက်နာကြခြင်းဖြစ်သည်။ ၎င်းပြင် အသင်တို့သည် ရမ်းဆပြောဆို နေကြသည်သာ ဖြစ်သည်)။ စူရဟ် အန်အားမ် : အာယသ် ( ၁၄၈ ) အကယ်၍သာ သက္ကဒီရ်သည်သာ ၎င်းတို့အတွက် အကြောင်းပြချက်ဖြစ်ခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အားပြစ်ဒဏ်ကို မြည်းစမ်းစေလိမ့်မည်မဟုတ်ပေ။
၂။ အရှင်မြတ်မိန့်ကြားတော်မူသည် - ((ငါအရှင်မြတ်သည်) ရစူလ်တမန်တော်များကို ဝမ်းမြောက်ဖွယ်ရာ သတင်းပေးသူများအဖြစ်နှင့် သတိပေးနှိုးဆော်သူများအဖြစ် (စေလွှတ်တော်မူခဲ့သည်။ ထိုကဲ့သို့ စေလွှတ်တော်မူခဲ့ခြင်းသည်) တမန်တော်များ ရောက်ရှိလာကြပြီးနောက် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်၌ လူများအတွက် အကြောင်းပြချက် မရှိစေရန်ပင် ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် တန်ခိုးတော်နှင့် အလွန် လွှမ်းမိုးတော်မူသောအရှင်၊ ပညာဉာဏ် အမြော်အမြင်နှင့် အလွန် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်)။ စူရဟ် နိစာအ် : အာယသ် ( ၁၆၅ ) အကယ်၍ သက္ကဒီရ် သတ်မှတ်ချက်သည် အမိန့်ဖီဆန်သူများအတွက် အကြောင်းပြချက်ဖြစ်ခဲ့လျှင် ရစူလ်တမန်တော်များ စေလွှတ်ခဲ့ခြင်းကြောင့် ထိုအကြောင်းပြချက်မှာ ပပျောက်သွားမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ရစူလ်တမန်တော်များစေလွှတ်ပြီးနောက်တွင်လည်း ဖြစ်ပေါ်လာသော အမိန့်ဖီဆန်မှုတို့သည် အရှင်မြတ်၏ သက္ကဒီရ် သတ် မှတ်ချက်အရသာ ဖြစ်ပေါ်နေသောကြောင့်ဖြစ်သည်။
၃။ အိမာမ် ဗုခါရီနှင့် အိမာမ် မွတ်စ်လင်မ်တို့က အလီ (رضی الله عنه) ထံမှဆင့်ပြန်ခဲ့သည့် ဟဒီးဆ်တော်တွင် လာရှိသည်မှာ- တမန်တော်မြတ် (ﷺ) မိန့်ကြားတော်မူသည်။ “ အသင်တို့အနက် လူတိုင်း၏ နေရာထိုင်ခင်းအား အလ္လာဟ်အရှင်မြတ်က ဂျန္နသ် သို့မဟုတ် ဂျဟန္နမ်တွင် ရေးဆွဲသတ်မှတ်ခဲ့ပြီးဖြစ်သည်။ ထိုအခါ ဆွဟာဗဟ်များအနက် တစ်ဦးက ကျွန်တော်တို့ (ထိုသက္ကဒီရ်အပေါ် ၌သာ) မှီခိုအားထားလို့မရဘူးလားဟု လျှောက်ထားမေးမြန်းရာ တမန်တော်မြတ်က " မရပါ " အသင်တို့အမလ်ပြုလုပ်ကြ၊ လူတိုင်းအတွက် လွယ်ကူအောင်ပြုလုပ်ပေးခြင်းခံထားရသည်ဟု မိန့်ကြားတော်မူခဲ့သည်။” ထို့နောက်တဖန် တမန်တော်မြတ်က ဤအာယသ်တော် ရွတ်ဖတ်တော်မူခဲ့သည်။ ( فأما من أعطی واتقی ) အဓိပ္ပါယ် - (သို့ဖြစ်ရာ မည်သို့ပင် ဖြစ်စေ၊ အကြင်သူသည် ပေးကမ်းလှူဒါန်းသည်။ ထို့ပြင် သူသည် (အလ္လာဟ် အရှင်မြတ်အား) ကြောက်ရွံ့သည်)။ စူရဟ် လိုင်းလ် : အာယသ် ( ၅ ) (ဤသည်ဗုခါရီကျမ်း၏ ဟဒီးဆ်စာသားဖြစ်သည်။) မွတ်စ်လင်မ်ကျမ်၏ စာသားတွင် “လူတိုင်းသည် မိမိဖန်ဆင်းခြင်းခံရသည့်အရာအတွက် လွယ်ကူအောင်ပြုလုပ်ပေးခြင်းခံရသည်”ဟု လာရှိသည်။ ထို့ကြောင့်ပင် တမန်တော်မြတ်(ﷺ)သည် အမလ်လုပ်ရန် အမိန့်ပေးတော်မူခဲ့ပြီး သက္ကဒီရ်အပေါ်တွင် မှီခိုနေခြင်းကို တားမြစ်တော်မူခဲ့ခြင်းဖြစ်သည်။
၄။ အလ္လာဟ်အရှင်မြတ်သည် ဗန္ဒဟ်ကျေးကျွန်အား အမိန့်ပေးစေခိုင်းထားသောအရာများ ရှိသကဲ့သို့ တားမြစ်သော အရာများလည်းရှိသည်။ ထို့ပြင် အရှင်မြတ်သည် ၎င်းတို့တတ်စွမ်းနိုင်သည်ထပ်ပို၍ တာဝန်မပေးခဲ့ပေ။ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ - (သို့ဖြစ်ရာ အသင်တို့သည် အသင်တို့တတ်နိုင်သမျှ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပြီး အရှင်မြတ်၏အမိန့်အားနာခံကြပါ။ ထို့ပြင် အသင်တို့ အရှင်မြတ်၏အမိန့်အား လိုက်နာကြပါလေ)။ စူရဟ် သဂါဗွန် : အာယသ်(၁၆) ထို့ပြင် အရှင်မြတ်မိန့်တော်မူသည်- (အလ္လာဟ် အရှင်မြတ်သည် မည်သူ့ကိုမျှ သူတတ်နိုင်သည်ထက် ပိုပြီး တာဝန်ပေးတော်မမူပေ)။ စူရဟ် ဘကရဟ် : အာယသ် (၂၈၆) အကယ်၍ ဗန္ဒဟ်ကျေးကျွန်သည် မည်သည့်အလုပ်ကိုမဆို အတင်းအကြပ်စေခိုင်းခြင်းခံရသူဖြစ်လျှင် ၎င်းသည် မိမိလွတ်မြောက်ရန် မစွမ်းနိုင်သောအရာကို တာဝန်ပေးခံရသူ ဖြစ်သွားလိမ့်မည်။ ဤသည် မှန်ကန်မှုမရှိပေ။ ထို့ကြောင့်ပင် ဗန္ဒဟ်ကျေးကျွန်သည် မသိနားမလည်၍ဖြစ်စေ၊ မေ့လျော့၍ဖြစ်စေ၊ အတင်းအကြပ်စေခိုင်းခြင်းခံရသောကြောင့်ဖြစ်စေ အပြစ်တစ်စုံတစ်ရာ ကျူးလွန်မိခဲ့လျှင် ၎င်းအပေါ် အပြစ်ထိုက်လိမ့်မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် (မအ်ဇူးရ်) အကြောင်းပြချက်ခိုင်လုံသောကြောင့် ခွင့်လွှတ်ခြင်းခံရသူဖြစ်သည်။
၅။ စင်စစ် အလ္လာဟ်အရှင်မြတ်၏ သက္ကဒီရ်သတ်မှတ်ချက်သည် လျှို့ဝှက်ဖုံးကွယ်ထားသောအရာဖြစ်ပြီး သတ်မှတ်ထားသည့်အတိုင်း ဖြစ်ပေါ် ပြီးမှသာ သိရှိနိုင်သည်။ လူသား၏ ရည်ရွယ်မှုသည် ၎င်း၏လုပ်ရပ်ထက် အလျင်ဖြစ်ပေါ်သည်။ သို့ဖြစ်၍ လူသားအနေဖြင့် တစ်စုံတစ်ရာ ပြုလုပ်ရန် ရည်ရွယ်ခြင်းသည် ၎င်းအနေဖြင့် အလ္လာဟ်အရှင်မြတ်၏ သက္ကဒီရ်သတ်မှတ်ချက်ကို သိရှိခြင်းအပေါ် မူတည်မှုမရှိသည့်အတွက် သက္ကဒီရ်သတ်မှတ်ချက်ကြောင့် ဖြစ်သွားပါသည်ဟူသည့် အကြောင်းပြချက်မှာလည်း ပျက်ပြယ်သွားပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတစ်ဦးသည် မိမိ မသိသောအရာကို အကြောင်းပြချက်အဖြစ် တင်ပြခွင့်မရှိပါ။
၆။ ကျွန်ုပ်တို့တွေ့မြင်တွေ့နေရသည်မှာ လူသားသည် မိမိ၏လောကီအကျိုးစီးပွားအနက် မိမိနှင့် သင့်လျော်သည့်အရာအပေါ် အလိုဆန္ဒပြင်းပြမှုထားကာ ထိုအရာကို ရရှိစေရန်နှင့် မိမိနှင့် သင့်လျော်သည့်အရာမှ အခြားဘက်သို့ လှည့်သွားခြင်းမရှိစေရန် ဆောင်ရွက်လေ့ရှိသည်။ ထို့ပြင် လှည့်သွားလျှင်လည်း သက္ကဒီရ်ကို အကြောင်းမပြပေ။ ဤသို့ဆိုလျှင် သာသနာရေးကိစ္စများနှင့်ပတ်သက်၍ မိမိအားအကျိုးပြုမည့်အရာမှ ဆိုးကျိုးဖြစ်စေသည့်အရာဘက်သို့ လှည့်သွားပြီး ထိုအပေါ် သက္ကဒီရ်ကို အဘယ်ကြောင့်အကြောင်းပြချက်အနေဖြင့် တင်ပြနေပါသနည်း။ ထိုနှစ်ခု၏ အခြေအနေမှာ အတူတူပင် မဟုတ်ပါလော။
ထိုကိစ္စအား ရှင်းလင်းစွာ နားလည်စေရန် ကျွန်တော် ဥပမာတစ်ခုတင်ပြမည်။
လူတစ်ဦး၏ရှေ့၌ လမ်းနှစ်လမ်းရှိပြီး တစ်လမ်းမှာ သတ်ဖြတ်ခြင်း၊ လုယက်ခြင်း၊ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခြင်း၊ ကြောက်ရွံ့မှု၊ ငတ်မွတ်မှုတို့ဖြင့် ပြည့်နှက်နေသော မြို့တစ်မြို့တွင် အဆုံးသတ်မည်။ နောက်တစ်လမ်းမှာ စနစ်ကျခြင်း၊ တည်ငြိမ်အေးချမ်း၍ လုံခြုံမှုရှိခြင်း၊ သာယာဝပြောသော ဘဝ၊ လူ့အသက်နှင့် ဂုဏ်သိက္ခာနှင့် ဥစ္စာပစ္စည်းတို့ကို လေးစားမှုရှိသည့် မြို့တစ်မြို့တွင်အဆုံးသတ်မည်ဆိုပါက ၎င်းအနေဖြင့် မည်သည့်လမ်းကို ရွေးချယ်လျှောက်လှမ်းမည်နည်း။
မုချ ထိုလူသည် စနစ်ကျပြီး တည်ငြိမ်အေးချမ်းမှုရှိသည့် မြို့တွင်အဆုံးသတ်မည့် လမ်းကိုသာ ရွေးချယ်မည်ဖြစ်သည်။ ထို့ပြင် မည်သည့်အသိဉာဏ်ရှသူကမျှ ကြောက်ရွံ့မှု၊ ပျက်စီးမှုများရှိနေသည့် လမ်းအားရွေးချယ်လျှောက်လမ်းပြီး သက္ကဒီရ် သတ်မှတ်ချက်ကို အကြောင်းပြလိမ့်မည် မဟုတ်ပေ။ ဤသို့ဆိုလျှင် အာခိရသ်အရေးကိစ္စနှင့် ပတ်သက်၍ ဂျန္နသ်သို့သွားသည့်လမ်းအား မလျှောက်လှမ်းဘဲ ဂျဟန္နမ်ငရဲသို့ သွားသည့်လမ်းအား လျှောက်လမ်းကာ အဘယ်ကြောင့် သက္ကဒီရ်ကို အကြောင်းပြချက် ပေးနေကြပါသနည်း။
နောက်ထပ် ဥပမာတစ်ခုမှာ မကျန်းမာသူတစ်ဦးသည် ဆေးသောက်ရန် အမိန့်ပေးခံရသည့်အခါ သူ၏စိတ်က ဆေးမသောက်ချင်သော်လည်းသောက်လိုက်ပြီး သူ့အားဆိုးကျိုးဖြစ်စေမည့် အစားအစာကို မစားရန်တားမြစ်ခံရပါက ထိုအစားအစာအား စားချင်သော်လည်း မစားဘဲ စွန့်လွှတ်လိုက်သည်ကို ကျွန်ုပ်တို့တွေ့မြင်ကြရသည်။ ၎င်းသည် ထိုအရာအားလုံးအား သက်သာပျောက်ကင်းမှုရရန်အတွက် လုပ်ဆောင်နေနေင်းဖြစ်ပြီး သက္ကဒီရ်ကိုအကြောင်းပြချက်ပေးကာ ဆေးမသောက်ဘဲ မနေသလို မိမိအား ဆိုးကျိုးဖြစ်စေမည့် အစားအသောက်ကို စားဖို့ဆိုသည်မှာလည်း မဖြစ်နိုင်ပေ။ ဤသို့ဆိုလျှင် အဘယ်ကြောင့်လူသားသည် သက္ကဒီရ်ကို အကြောင်းပြကာအလ္လာဟ်အရှင်မြတ် အမိန့်ပေးထားသည့်အရာများကို စွန့်လွှတ်ပြီး တားမြစ်ထားသည့်အရာများကို ပြုလုပ်နေပါသနည်း။
၇။ သက္ကဒီရ်ကို အကြောင်းပြချက်ပေးကာ မိမိပျက်ကွက်ခဲ့သော ဝါဂျိဗ်တာဝန်များ သို့မဟုတ် ကျူးလွန်ခဲ့သော အပြစ်အကုသိုလ်များအတွက် ဆင်ခြေပေးသူသည် အကယ်၍ တစ်စုံတစ်ဦးက သူ့အား ရန်ပြုကာ သူ၏ ဥစ္စာပစ္စည်းများကို လုယူသွားခြင်း သို့မဟုတ် ၎င်း၏ဂုဏ်သိက္ခာအား ထိပါးစော်ကားခြင်းပြုလုပ်ပြီးနောက် သက္ကဒီရ်ကို အကြောင်းပြကာ အသင်ကျွန်ုပ်အားအပြစ်မတင်နှင့်။ ကျွန်ုပ်၏ကျူးလွန်မှုသည် အလ္လာဟ်အရှင်မြတ်၏ သက္ကဒီရ် သတ်မှတ်ချက်ကြောင့်ဖြစ်သည်ဟု ပြောဆိုပါက ထိုသူသည် ၎င်း၏အကြောင်းပြချက်ကို လက်ခံလိမ့်မည်မဟုတ်ပေ။ ထိုသို့ဆိုလျှင်အလ္လာဟ်အရှင်မြတ်၏ တာဝန်များကို ချိုးဖောက်မှုအတွက် သက္ကဒီရ်ကို အကြောင်းပြချက်ပေးသူသည် မိမိအား အခြားသူက ကျူးလွန်သည့်အခါ သက္ကဒီရ်ကို အကြောင်းပြချက်အဖြစ် အဘယ်ကြောင့် လက်မခံပါသနည်း။
ဤအကြောင်းအရာနှင့် စပ်လျဉ်း၍ ဖြစ်ရပ်တစ်ခုအား တင်ပြထားသည်။ မုအ်မင်န်တို့၏ ခေါင်းဆောင် အုမရ်( رضي الله عنه ) ရှေ့မှောက်သို့ လက်ဖြတ်ခံရမည့် သူခိုးတစ်ဦးကို ခေါ်ဆောင်လာသည်။ အုမရ်( رضي الله عنه )က သူခိုးအားလက်ဖြတ်ရန် အမိန့်ပေးခဲ့သည်။ ထိုအခါ ခိုးသူက အို မုအ်မင်န်တို့၏ခေါင်းဆောင် အလျင်စလိုမဆုံးဖြတ်ပါနှင့် ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ သက္ကဒီရ်သတ်မှတ်ချက်အရသာ ခိုးခဲ့ခြင်းဖြစ်ပါသည်ဟု ပြောဆိုခဲ့သည်။ ထိုအခါ အုမရ်( رضي الله عنه )က ကျွန်ုပ်တို့လည်း အလ္လာဟ်အရှင်မြတ်၏ သက္ကဒီရ်သတ်မှတ်ချက်အရသာ လက်ဖြတ်နေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
သက္ကဒီရ်အား သက်ဝင်ယုံကြည်ခြင်းတွင် ကြီးကျယ်လှသည့် အကျိုးကျေးဇူးများရှိသည်။ ၎င်းတို့အနက်အချို့မှာ -
၁။ အကြောင်းခံများအား ကိုင်တွယ်ရာတွင် အလ္လာဟ်အရှင်မြတ်အပေါ်၌သာ ယုံပုံအားထားပြီး ထိုအကြောင်းခံများအပေါ် ယုံပုံအားထားမှု မရှိတော့ခြင်း။ အဘယ်ကြောင့်ဆိုသော် အရာရာတိုင်းသည် အလ္လာဟ်အရှင်မြတ်၏သက္ကဒီရ် သတ်မှတ်ချက်တိုင်းသာ ဖြစ်ပေါ်လာသည်။
၂။ လူသားသည် မိမိရည်မှန်းချက်ကို ရရှိသည့်အခါ မိမိကိုယ်မိမိ စိတ်ကြီးဝင်ခြင်းမရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ရရှိခြင်းသည် အလ္လာဟ်အရှင်မြတ်၏ နိအ်မသ် ကျေးဇူးတော်ဖြစ်ပြီး၊ ထိုကျေးဇူးတော်ကို အရှင်မြတ်က ကောင်းမြတ်သည့် အကြောင်းခံများ၊ အောင်မြင်မှု၏ အကြောင်းခံများဖြင့် စီမံသတ်မှတ်တော်မူခဲ့ခြင်းကြောင့်ဖြစ်သည်။သို့ဖြစ်၍ မိမိကိုယ်မိမိ အထင်ကြီးခြင်းသည် ၎င်းအား ထိုနိအ်မသ်တော်အား ကျေးဇူးတင်ခြင်းကို မေ့လျော့စေသည်။
၃။ မိမိအပေါ် အလ္လာဟ်အရှင်မြတ် သတ်မှတ်လိုက်သည့် သက္ကဒီရ်ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ စိတ်တည်မှုရှိခြင်း၊ စိတ်အေးချမ်းမှုရှိခြင်း၊ မိမိနှစ်သက်ဖွယ်ရာတစ်ခု လက်လွှတ်ဆုံးရှုံးရသည်ဖြစ်စေ၊ မနှစ်မြို့ဖွယ်ရာတစ်ခု ဖြစ်ပေါ်လာသည်ဖြစ်စေ ဝမ်းနည်းပူဆွေးနေမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာသည် မိုးကောင်ကင်များနှင့် မြေပထဝီကို စိုးပိုင်တော်မူသော အလ္လာဟ်အရှင်မြတ်၏ သတ်မှတ်ချက်ဖြစ်၍ ဧကန်မလွဲဖြစ်ပေါ်လာမည်သာဖြစ်သည်။ ဤအကြောင်းနှင့်စပ်လျဉ်း၍ အရှင်မြတ်မိန့်တော်မူသည်မှာ - (ကမ္ဘာမြေနှင့် အသင်တို့ကိုယ်တွင် မည်သည့်ဒုက္ခမျှ ကျရောက်မလာပေ၊ သို့ရာတွင် ငါအရှင်မြတ်သည် ထိုဒုက္ခကို ကမ္ဘာမြေနှင့် အသင်တို့၏ အသက်များကို မဖန်ဆင်းမီကတည်းက မှတ်တမ်းစာအုပ်တွင် (ရေးသားထားတော်မူပြီး ဖြစ်သည်)။ အမှန်စင်စစ် ၎င်းသည် အလ္လာဟ်အရှင်မြတ်အပေါ်တွင် အလွန်လွယ်ကူသည်။ အသင်တို့သည် အသင်တို့ထံမှ လွတ်သွားသည့်အရာနှင့် ပတ်သက်၍ပူဆွေးခြင်း မရှိကြရန် အတွက်နှင့် အသင်တို့အား အရှင်မြတ်က ပေးသနားတော်မူသောအရာနှင့် ပတ်သက်၍ ဂုဏ်ယူမော်ကြွားခြင်း မပြုကြရန်အတွက် (အရှင်မြတ်သည် ဤသည်ကို အသိပေးတော်မူလိုက်ခြင်း ဖြစ်သည်။) ထို့ပြင် အလ္လာဟ် အရှင်မြတ်သည် မည်သည့် မာနထောင်သူ၊ ဂုဏ်မောက်သူကိုမျှ နှစ်သက်တော်မမူပေ)။ စူရဟ် ဟဒီးဒ် : အာယသ် ( ၂၂-၂၃ ) တမန်တော်မြတ်(ﷺ) မိန့်တော်မူသည်။ " မုအ်မင်န်၏ အရေးကိစ္စမှာ အဘယ်မျှအံ့ဩဖွယ်ဖြစ်ပါသနည်း။ ဧကန်အမှန်ပင် ၎င်း၏အရေးကိစ္စတိုင်းသည် အကောင်းချည်းသာဖြစ်သည်။ ဤသည် မုအ်မင်န်မှအပ အခြားမည်သူတစ်ဦးတစ်ယောက်အတွက်မျှ မဖြစ်နိုင်ပေ။ အကယ်၍ ၎င်းမုအ်မင်န်သည် ပျော်ရွှင်ဖွယ်ရာကိစ္စဖြင့် ကြုံရသည့်အခါ အရှင်မြတ်အား ကျေးဇူးတင်သည်။ ဤသည် ၎င်းအဖို့ အကောင်းပင်ဖြစ်သည်။ အကယ်၍ ၎င်းသည်ပြင်းထန်သော ဒုက္ခအခက်ခဲနှင့် ကြုံရပါက သည်းခံသည်။ ဤသည်လည်း ၎င်းအဖို့ အကောင်းပင်ဖြစ်သည်။ "
သက္ကဒီရ်နှင့်ပတ်သက်၍ အုပ်စုနှစ်စုမှာ လမ်းလွဲသွားကြသည်။
တစ်စုမှာ - ဂျဗရီရဟ်ဂိုဏ်းဝင်များဖြစ်ပြီး ၎င်းတို့က ဗန္ဒဟ်ကျေးကျွန်သည်မိမိ၏လုပ်ရပ်နှင့်ပတ်သက်၍ အတင်းအကြပ် ပြုလုပ်ခံရသူသာဖြစ်ပြီး ၎င်းတွင် ထိုလုပ်ရပ်နှင့်ပတ်သက်၍ ကိုယ်ပိုင်ဆန္ဒထားခြင်း၊ စွမ်းဆောင်နိုင်ခြင်းတို့မရှိဟု ဆိုကြသည်။
နောက်တစ်အုပ်စုမှာ- ကဒ်ရီရဟ်ဂိုဏ်းဝင်များဖြစ်ပြီး ၎င်းတို့က ဗန္ဒဟ်ကျေးကျွန်သည် မိမိ၏လုပ်ရပ်နှင့်ပတ်သက်၍ လွတ်လပ်သည့်ဆန္ဒနှင့် စွမ်းဆောင်နိုင်စွမ်းရှိပြီး ထိုလုပ်ရပ်အပေါ် အလ္လာဟ်အရှင်မြတ်၏ အလိုတော်နှင့် အရှင်မြတ်၏ စွမ်းအားတော် သက်ရောက်မှုအလျဥ်းမရှိဟု ဆိုကြသည်။
ပထမအုပ်စုဖြစ်သည့် ဂျဗရီရဟ်ဂိုဏ်းဝင်များအား ရှရီအဟ် တရားတော်နှင့် လက်တွေ့ဖြစ်ရပ်တို့ဖြင့် ပြန်လည်ချေပခြင်း။
တရားတော်အရချေပခြင်း - အလ္လာဟ်အရှင်မြတ်က လူသားတွင် ရည်ရွယ်ချက်ထားခြင်း၊ အလိုဆန္ဒထားခြင်းတို့ရှိကြောင်း အတည်ပြုထားသည်။ ထို့ပြင် သူတို့၏လုပ်ရပ်များကို သူတို့ထံသို့သာ ပြန်လည်ဆက်နွယ်ပေးထားသည်။ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည် - (အသင်တို့ထဲတွင် အချို့သည် လောကီ(အကျိုး)ကို အလိုရှိကြသည်။ အသင်တို့အထဲမှ အချို့ကမူ တမလွန်ဘဝ၏ (အကျိုး)ကို အလိုရှိကြသည် )။ စူရဟ် အာလိအင်မ်ရားန် : အာယသ် (၁၅၂ ) အခြားတစ်နေရာတွင် အရှင်မြတ်မိန့်ကြားတော်မူသည်မှာ- (ထို့ပြင် (အို- တမန်တော်) အသင်ပြောလိုက်ပါ အမှန်တရားသည် အသင်တို့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သို့ဖြစ်ရာ မည်သူမဆို ယုံကြည်လိုလျှင် ယုံကြည်နိုင်သည်။ ၎င်းနောက် ငြင်းပယ်လိုလျှင် ငြင်းပယ်နိုင်သည်။ အမှန်စင်စစ် ငါအရှင်မြတ်သည် မတရားကျူးလွန်သူများအတွက် (ငရဲ)မီးကို အသင့်ပြုလုပ်ထားတော်မူသည်။ ထိုမီး၏ တံတိုင်းများသည် သူတို့အား ဝန်းရံထားလိမ့်မည်)။ စူရဟ် ကဟဖ် : အာယသ် ( ၂၉ ) အရှင်မြတ်မိန့်ကြားတော်မူသည်- (မည်သူမဆို ကောင်းမြတ်သောအကျင့်သီလကိုကျင့်မူဆောက်တည်ပါလျှင် မိမိအကျိုးငှာကျင့်မူ ဆောက်တည်ခြင်းပင် ဖြစ်ပေသည်။ ထိုနည်းတူစွာ မည်သူမဆို မကောင်းမှုကိုပြုလုပ်သည်ရှိသော်(ယင်းမကောင်းမှု၏ဆိုးကျိုးမှာ) ၎င်း၏အပေါ်၌ သာကျရောက်မည်ဖြစ်၏။ အမှန်စင်စစ်သော်ကား အသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည်ကျေးကျွန်တို့အပေါ်ဝယ် နှိပ်စက်တော်မူသော အရှင်လုံးဝမဟုတ်ပေ)။ စူရဟ် ဖွသ်စ်စွိလသ် : အာယသ် (၄၆ )
လက်တွေ့ဖြစ်ရပ်ဖြင့် ချေပခြင်း - လူသားတိုင်းသည် မိမိဆန္ဒအလျောက်ပြုလုပ်သောကိစ္စများဖြစ်သည့် စားခြင်း၊ သောက်ခြင်း၊ ရောင်းဝယ် ဖောက်ကားခြင်းတို့နှင့် မိမိဆန္ဒမပါဘဲ ဖြစ်လာသောကိစ္စများဖြစ်သည့် ဖျားနာခြင်းကြောင့် တုန်ရီခြင်း၊ အမြင့်မှပြုတ်ကျခြင်း စသည်တို့၏ ကွာခြားချက်ကို ကောင်းစွာသိနားလည်ကြသည်။ ပထမအမျိုးအစားတွင် လူသားသည် မိမိဆန္ဒဖြင့်ရွေးချယ်ပြုလုပ်သူဖြစ်ပြီး ဒုတိယအမျိုးအစားတွင် လူသားသည် ထိုဖြစ်ရပ်များအတွက် ဆန္ဒထားသူ၊ ရွေးချယ်ခဲ့သူမဟုတ်ပေ။
ဒုတိယအုပ်စုဖြစ်သည့် ကဒရီရဟ် ဂိုဏ်းဝင်များအား ရှရီအဟ် တရားတော်နှင့် အသိဥာဏ်တို့အရ ပြန်လည်ချေပခြင်း။
တရားတော်အရချေပခြင်း - အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်ပြီး အရာခပ်သိမ်းသည် အရှင်မြတ်၏အလိုတော်အရသာ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်က မိမိ၏ကျမ်းတော်၌ ကျေးကျွန်များ၏ လုပ်ဆောင်မှုများသည် မိမိ၏အလိုတော်ဖြင့်သာ ဖြစ်ပေါ်လျက်ရှိကြောင်းကို ရှင်းလင်းမိန့်ကြားတော်မူထားသည်။ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည် - (ထို့ပြင် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူခဲ့လျှင် ထိုတမန်တော်များ၏ နောက်တွင် ရှိခဲ့ကြသူများသည် သူတို့ထံကို ထင်ရှားသည့် သက်သေ လက္ခဏာများ ရောက်ရှိခဲ့ပြီးသည့်နောက် အချင်းချင်း သတ်ဖြတ်ကြမည် မဟုတ်ပေ။ သို့ရာတွင် သူတို့သည် အချင်းချင်း ကွဲလွဲခဲ့ကြသည့်အတွက် သူတို့ထဲမှ အချို့သည် အီမာန်ယုံကြည်ခဲ့ကြပြီး အချို့သည် ကုဖ်ရ် ငြင်းပယ်ခဲ့ကြသည်။ ထို့ပြင် အကယ်၍ အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူခဲ့လျှင် သူတို့သည် အချင်းချင်း သတ်ဖြတ်ခဲ့ကြမည် မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ် အရှင်မြတ်သည် အရှင်မြတ် အလိုရှိတော်မူသည်ကို ပြုလုပ်တော်မူသည် )။ စူရဟ် ဘကရဟ် : အာယသ် ( ၂၅၃ ) အရှင်မြတ်မိန့်ကြားတော်မူသည် - (ထို့ပြင် အကယ်၍ ငါအရှင်မြတ် အလိုရှိတော်မူခဲ့လျှင် လူတိုင်းကို သူတို့၏ လမ်းမှန်ညွှန်ကြားပြသချက်ကို အမှန်ပင် ပေးတော်မူခဲ့မည်ဖြစ်သည်။ သို့ရာတွင် အမှန်စင်စစ် ငါအရှင်မြတ်သည် ဂျဟန္နမ် ငရဲဘုံကို ဂျင်န်များ၊ လူများဖြင့် စုပေါင်းပြီး ဖြည့်တော်မူမည်ဟု ငါအရှင်မြတ်ထံမှ အမိန့်တော်သည် စင်စစ် အတည်ဖြစ်သွားခဲ့ပြီ ဖြစ်သည်။) စူရဟ် စဂျ်ဒဟ် : အာယသ် ( ၁၃ )
အသိဥာဏ်အရ ချေပခြင်း - စကြာဝဠာတစ်ခုလုံးကို အလ္လာဟ်အရှင်မြတ်ကသာ စိုးပိုင်တော်မူသည်။ လူသားသည် ဤစကြာဝဠာအတွင်း၌ပင် ရှိနေသည့်အတွက် ၎င်းသည် အရှင်မြတ် ပိုင်ဆိုင်သည့်အရာသာဖြစ်သည်။ သို့ဖြစ်၍ ပိုင်ဆိုင်ခြင်းခံရသူသည် ပိုင်ရှင်၏ ခွင့်ပြုချက်နှင့် အလိုတူမှုမရှိဘဲ ပိုင်ရှင်၏ စိုးမိူးအုပ်ချုပ်မှုအတွင်း၌ မိမိအလိုရှိသလို လုပ်ဆောင်ရန်မှာ မဖြစ်နိုင်ပေ။
*
အစ္စလာမ့်ယုံကြည်ချက်၏ ရည်မှန်းချက်ပန်းတိုင်များ
"ဟဒဖ်"ဟူသော စကားလုံး၏ ဝေါဟာရအဓိပ္ပါယ်မှာ ပစ်ခတ်ရန် စိုက်ထူထားသော ပစ်မှတ်၊ ရည်ရွယ်ခြင်းခံရသည့် အရာတိုင်း စသည်ဖြင့်ဖြစ်သည်။
အစ္စလာမ့်ယုံကြည်ချက်၏ ရည်မှန်းချက်ပန်းတိုင်များမှာ အစ္စလာမ့်ယုံကြည်ချက်၏ မြင့်မြတ်သည့် ရည်ရွယ်ချက်များနှင့် ထိုယုံကြည်ချက်အား စွဲမြဲစွာ ဆုပ်ကိုင်ထားခြင်းကြောင့် ရရှိလာသော အကျိုးကျေးဇူးများဖြစ်သည်။ ထိုရည်မှန်းချက်ပန်းတိုင်များမှာ များပြားပြီး အမျိုးအစား စုံလင်လှသည်။ ၎င်းတို့အနက်အချို့မှာ -
၁။ နီယသ် ရည်စူးချက်နှင့် အိဗာဒသ် ခဝပ်ကိုးကွယ်မှုတို့အား အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းအတွက်သာ ပြုလုပ်ခြင်း။ အဘယ်ကြောင့်ဆိုသော် ထိုအရှင်မြတ်သာလျှင် ဖန်ဆင်းရှင်ဖြစ်တော်မူပြီး ထိုအရှင်နှင့်ဖက်စပ်ယှဉ်တွဲကိုးကွယ်ရာအရှင်ဟူ၍ အလျင်းမရှိပေ။ ထို့ကြောင့် နီယသ် ရည်စူးချက်နှင့် အိဗာဒသ် ခဝပ်ကိုးကွယ်မှုအလုံးစုံသည် ထိုအရှင်မြတ်တစ်ဆူတည်းအတွက်သာ ဖြစ်ရမည်။
၂။ ဤအစ္စလာမ့်ယုံကြည်ချက်များ ကင်းမဲ့နေသည့် စိတ်နှလုံးသားမှ ဖြစ်ပေါ်လာသော ရောထွေးမှားယွင်းနေသည့် အတွေးအခေါ်အယူအဆများမှ အသိဥာဏ်နှင့် စဥ်းစားတွေးခေါ်မှုကို လွတ်မြောက်စေခြင်း။ အဘယ်ကြောင့်ဆိုသော် အကြင်သူ၏ စိတ်နှလုံးသားတွင် အစ္စလာမ့်ယုံကြည်ချက် ကင်းမဲ့နေပါက ထိုသူ၏စိတ်နှလုံးသည် မည်သည့်ယုံကြည်ချက်မျှမရှိဘဲ ဗလာဖြစ်နေသူ၊ ရုပ်ဝတ္ထုပစ္စည်းများကို ကိုးကွယ်သူဖြစ်မည် သို့မဟုတ် မှားယွင်းသော ယုံကြည်ချက်များ၊ အယူသီးမှုများ၏ ဝဲဂယက်တွင် တဝဲဝဲလည်နေသူဖြစ်လိမ့်မည်။
၃။ စိတ်ပိုင်းဆိုင်ရာ အေးချမ်းမှုနှင့် အတွေးအခေါ်ဆိုင်ရာ ငြိမ်းချမ်းမှုတို့ကို ဖြစ်ပေါ်စေခြင်း။ ထို့ကြောင့် စိတ်နှလုံး မတည်ငြိမ်မှုနှင့် အတွေးအခေါ်ရှုပ်ထွေးမှုများ မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် ဤယုံကြည်ချက်များသည် မုအ်မင်န်အား သူ၏ဖန်ဆင်းရှင်နှင့် ဆက်သွယ်ပေးသည်။ သို့ဖြစ်၍ မုအ်မင်န်သည် အရှင်မြတ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ စီမံခန့်ခွဲတော်မူသောအရှင်၊ အုပ်ချုပ်တော်မူသောအရှင်၊ တရားလမ်းစဉ် ပြဌာန်းတော်မူသောအရှင်အဖြစ် ကျေနပ်လက်ခံလိုက်သည်။ ထို့ကြောင့် သူ၏စိတ်နှလုံးသည် အရှင်မြတ်၏ သက္ကဒီရ် သတ်မှတ်ချက်အပေါ် ကျေနပ်လက်ခံပြီး သူ၏ရင်ဘတ်သည် အစ္စလာမ်သာသနာအတွက် ကျယ်ပြန့်သွားသည်။ သို့ဖြစ်၍ ၎င်းသည် အစ္စလာမ်သာသနာမှတစ်ပါး အခြားမည်သည့် အစားထိုးမှုကိုမျှ မရှာဖွေတော့ပေ။
၄။ အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်ရာတွင်လည်းကောင်း၊ အဖန်ဆင်းခံများနှင့် ဆက်ဆံရာတွင်လည်းကောင်း ရည်ရွယ်ချက်နှင့် လုပ်ဆောင်ချက်များ မှားယွင်းခြင်းမှ ဘေးကင်းမှုရှိခြင်း။ အဘယ်ကြောင့်ဆိုသော် အစ္စလာမ့်ယုံကြည်ချက်များ၏ အခြေခံအုတ်မြစ်များတွင် ရစူလ်တမန်တော်များအား သက်ဝင်ယုံကြည်ခြင်းလည်းပါဝင်ပြီး ထိုယုံကြည်ချက်တွင် ရည်ရွယ်ချက်နှင့် လုပ်ဆောင်ချက်များတွင် အမှားအယွင်းကင်းသော ထိုရစူလ်တမန်တော်များ၏ လမ်းစဥ်ကို လိုက်နာကျင့်သုံးခြင်းပါဝင်သည်။
၅။ ကိစ္စတိုင်းတွင် စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် ကြိုးစားအားထုတ်မှုရှိခြင်း။ ထိုသို့စိတ်ဓာတ်ရှိသူသည် မည်သည့်ကောင်းမှုပြုလုပ်ရန် အခွင့်အရေးကိုမျှလက်လွှတ်မခံဘဲ အကျိုးကုသိုလ်ကို မျှော်လင့်လျက် ထိုအခွင့်အရေးကို အသုံးချမည်ဖြစ်သည်။ ထို့အတူ အပြစ်အကုသိုလ်ကျူးလွန်သည့် နေရာတစ်ခုအား မြင်တွေ့ပါက အဇားဗ်ပြစ်ဒဏ်ကို ကြောက်ရွံ့ကာ ထိုနေရာမှ ရှောင်ကြဥ်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အစ္စလာမ့်ယုံကြည်ချက်များ၏ အခြေခံအုတ်မြစ်များတွင် သေဆုံးပြီးနောက် ပြန်လည်ရှင်ပြန်ထခြင်းနှင့် လုပ်ရပ်များအပေါ် အစားပေးခံရခြင်းကို သက်ဝင်ယုံကြည်ခြင်းလည်းပါဝင်သည်။
အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည် - (ထို့ပြင် (ဂျင်န်နှင့် လူ)အားလုံးတွင် သူတို့၏ အပြုအမူများနှင့်အညီ အဆင့်အတန်းများရှိသည်။ ၎င်းပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် သူတို့၏ အပြုအမူများကို မေ့လျော့တော်မူသောအရှင် မဟုတ်ပေ)။ စူရဟ် အန်အားမ် : အာယသ် ( ၁၃၂ ) တမန်တော်မြတ်(ﷺ)သည် မိမိ၏သြဝါဒတော်၌ ဤရည်ရွယ်ချက်ကို ထည့်သွင်း နှိုးဆော်ထားသည်။ တမန်တော်မြတ်(ﷺ)က မိန့်ကြားတော်မူသည် “အားကောင်းသည့် မုအ်မင်န်သည် အားအင်ချည့်နဲ့သည့် မုအ်မင်န်ထက် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ပို၍ကောင်းမြတ်ပြီး ပို၍နှစ်သက်ခြင်းခံရသည်။ မုအ်မင်န်တိုင်းတွင် ကောင်းခြင်းရှိသည်။ အသင့်အားအကျိုးပြုမည့်အရာကို လိုလားပါ။ အလ္လာဟ်အရှင်မြတ်ထံတော်တွင် အကူအညီတောင်းခံပါ။ မတတ်စွမ်းနိုင်သူ မဖြစ်လေနှင့်။ အကယ်၍ သင့်ထံ တစ်စုံတစ်ရာ ဆိုက်ရောက်လာပါက အကယ်၍ ငါသာ ဒီလိုလုပ်ခဲ့ရင် ဒီလို ဒီလို ဖြစ်ခဲ့မည်ဟူ၍ မပြောဆိုလေနှင့်။ သို့သော် အလ္လာဟ်အရှင်မြတ် သတ်မှတ်စီရင်တော်မူခဲ့ပြီးဖြစ်သည်။ အရှင်မြတ်သည် မိမိအလိုရှိသည်ကို ပြုလုပ်တော်မူခဲ့သည်ဟုသာ ပြောဆိုပါ။ အဘယ်ကြောင့်ဆိုသော် (အကယ်၍)ဟူသော စကားလုံးသည် ရှိုင်သွာန်၏ လုပ်ရပ်ကို ဖွင့်ပေးလိုက်သည်။” (မွတ်စ်လင်မ်ကျမ်း)
၆။ မိမိတို့၏သာသနာနှင့် သာသနာ့အခြေခံအုတ်မြစ်များ တည်တံ့ခိုင်မာစေရန်အတွက် တန်ဖိုးကြီးသည်ဖြစ်စေ၊ တန်ဖိုးနည်းသည်ဖြစ်စေ အရာရာတိုင်းကို သုံးစွဲပြီး ဤလမ်းစဥ်တွင် ကြုံတွေ့ရသည့် ဒုက္ခအခက်အခဲကို ဂရုမစိုက်သော အင်အားခိုင်မာတောင့်တင်းသည့် အွမ္မသ်ထုတစ်ရပ် ဖွဲ့စည်းခြင်း။ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည် - (အကြင်သူများပင် မုအ်မင်န် ယုံကြည်သူများ ဖြစ်ကြသည်။ ထိုသူများသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်တော်ကို (စိတ်ထဲမှလည်း) ယုံကြည်ခဲ့ကြသည်။ ထို့ပြင် သူတို့သည် သံသယ မဖြစ်ခဲ့ကြပေ။ ထို့ပြင် သူတို့သည် သူတို့၏ပစ္စည်းဥစ္စာများနှင့် အသက်ဝိညာဉ်များဖြင့် အလ္လာဟ်အရှင်မြတ်၏လမ်းတွင် သက်စွန့် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည်။ ထိုသူများပင် မှန်ကန်သူများဖြစ်ကြသည်)။ စူရဟ် ဟုဂျုရားသ် : အာယသ် (၁၅)
၇။ ပုဂ္ဂိုလ်တစ်ဦးချင်းစီနှင့် လူ့အသိုင်းအဝိုင်းများကို ကောင်းမွန်အောင်ပြုပြင်တည်ဆောက်ကာ လောကီနှင့် လောကုတ္တရာနှစ်ဌာနစလုံးတွင် ပျော်ရွှင်မှု၊ အကျိုးကုသိုလ်နှင့် ဂုဏ်သိက္ခာများကို ရရှိစေခြင်း။ ဤအကြောင်းနှင့်စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (မည်သူမဆို ယောကျ်ားဖြစ်စေ မိန်းမဖြစ်စေ သူသည် ယုံကြည်သူ ဖြစ်လျက် ကောင်းမြတ်သော လုပ်ရပ်များကို ပြုလုပ်ခဲ့လျှင် အမှန်စင်စစ် ငါအရှင်မြတ်သည် ထိုသူကို သန့်ရှင်းစင်ကြယ်သော အသက်ရှင်ခြင်းမျိုးနှင့် အသက်ရှင်စေတော်မူမည်။ ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ထိုသူများအား သူတို့ ပြုလုပ်ခဲ့သော လုပ်ရပ်များထက် ကောင်းမွန်သော ကုသိုလ်အကျိုးကို ပေးသနားတော်မူမည်ဖြစ်သည်)။ စူရဟ် နဟလ် : အာယသ် ( ၉၇ )
ဤသည် အစ္စလာမ့်ယုံကြည်ချက်များ၏ ရည်မှန်းချက်ပန်းတိုင်အချို့ဖြစ်သည်။ ဤရည်မှန်းချက်ပန်းတိုင်များအား ကျွန်တော်မျိုးတို့နှင့်တကွ မွတ်စ်လင်မ်ထုတစ်ရပ်လုံးကို လက်တွေ့အကောင်အထည် ဖော်နိုင်စွမ်း ချီးမြှင့်ပေးသနားတော်မူရန် အလ္လာဟ်အရှင်မြတ်ထံတော်၌ ကျွန်တော်မျိုးတို့ မျှော်လင့်တောင်းခံအပ်ပါသည်။ ဧကန်အမှန်ပင် ထိုအရှင်မြတ်သည် အလွန်တရာ ရက်ရောတော်မူသောအရှင် ဖြစ်တော်မူသည်။ ချီးမွမ်းခြင်းအပေါင်းသည် စကြဝဠာခပ်သိမ်းကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်အတွက်သာ ဖြစ်တော်မူသည်။
ကျွန်ုပ်တို့၏ နဗီတမန်တော် မုဟမ္မဒ်အပေါ် သို့လည်းကောင်း၊ ကိုယ်တော်၏ အိမ်သူ အိမ်သားများနှင့် သာဝကတော် အားလုံးအပေါ်သို့ လည်းကောင်း အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ငြိမ်းချမ်းသာယာမှုနှင့် ကောင်းချီးမင်္ဂလာ အဖြာဖြာ ကျရောက်ပါစေ။
ပြုစုသူ
မုဟမ္မဒ် ဗင်န် ဆွာလိဟ် အလ်အိုစိုင်မီးန်
Related books
All books
သစ်လွင်မွတ်စ်လင်မ်တို့အတွက် လမ်းညွှန်ချက်အကျဉ်း။32 languagesသစ်လွင်မွတ်စ်လင်မ်တို့အတွက် လမ်းညွှန်ချက်အကျဉ်း။
စုစည်းတင်ပြသူ မုဟမ္မဒ် အလ်ရှဟ်ရီး ၁၄၄၁ -၂၀၂၀ အနန္တကရုဏာတော်ရှင် ဖြစ်တော်မူသော အလွန်သနား ကြင်နာတော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် (အစပြုပါ၏။) စကားချီး
ثلاثة الأصول وأدلتها73 languagesالأصولثلاثة الأصول وأدلتها
هذا الكتاب هو متن صغير أساسي يبين فيه التوحيد والدين والنبوة، يبين هذه المعاني الثلاثة الأساسية المهمة في فهم العقيدة، وفي دراستها دراسة سليمة وصحيحة. وهو كتاب مختصر، لكنه كتاب مبارك؛ لأنه سهل العبارة ومركز وموجه، وليس فيه أي تعقيد أو إشكالات. فالإنسان بمجرد أن يقرأ الكتاب يستطيع أن يفهمه، ويستطيع أن يعرف المعاني المتضمنة فيه. هذا الكتاب قبل أن يبدأ الشيخ في الأصول الثلاثة قدم لذلك بأربعة مسائل، ثم بعد ذلك بثلاثة مسائل أخرى، ثم شرع في الأصول الثلاثة، وهي التي يجب على كل مسلم أن يتعلمها، وهي التي يسأل عنها العبد في قبره: من ربك؟ وما دينك؟ ومن نبيك؟ ألفها رحمه الله للمبتدئين واجتهد في تسهيلها واختصارها حتى خرجت بأحسن حلة وأعظم فائدة؛ يفهم بها الصغير، ولا يستغني عنها الكبير فعم نفعها، وكثر خيرها؛ لعظم قدر موضوعاتها وشرف محتواها.
အစ္စလာမ်သည်ပွင့်လေသမျှသော ရစူလ်တမန်တော်အပေါင်း၏ သာသနာ ဖြစ်သည်။85 languagesအစ္စလာမ်သည်ပွင့်လေသမျှသော ရစူလ်တမန်တော်အပေါင်း၏ သာသနာ ဖြစ်သည်။
အစ္စလာမ်ဟူသည် လောကစကြာဝဠာအပေါင်းကို ဖန်ဆင်းတော်မူသော စီမံခန့်ခွဲတော်မူသော အလ္လာဟ်အရှင်တစ်ပါးတည်းထံသို့ယုံကြည်အပ်နှင်းခြင်းနှင့် ထိုအရှင်၏ကြီးကျယ်မြင့်မြတ်မှုကို နှလုံးသွင်းကာ ချစ်မြတ်နိုးခြင်းအတိဖြင့်နာခံသစ္စာပြုခြင်းဖြစ်သည်။ အစ္စလာမ်၏အဓိကပင်မအုတ်မြစ်မှာ-အလ္လာဟ်အရှင်မြတ်ကို သက်ဝင် ယုံကြည်ခြင်း၊ အရှင်မြတ်သည်သာ အရာခပ်သိမ်းကို ဖန်ဆင်းတော်မူပြီး အလ္လာဟ်မှအပအခြားသောခပ်သိမ်းကုန်သည် ဖန်ဆင်းခံများသာဖြစ်ကြောင်း သက်ဝင်ယုံကြည်ခြင်းဖြစ်သည်။အရှင်မြတ်တစ်ပါးတည်းသာ ခပ်ဝပ်ကိုးကွယ်ဆည်းကပ်မှုအစုစုကို အကြွင်းမဲ့ခံထိုက်တော်မူသည်။ ထိုအရှင်နှင့်တုဖက်ယှဉ်ဖက်ဟူ၍အလျှင်းမရှိပေ။…
الدروس المهمة لعامة الأمة78 languagesالدروس المهمة لعامة الأمة
يهدف الكتاب إلى تعليم المسلمين أساسيات دينهم بطريقة مبسطة وشاملة. يتناول مجموعة من الدروس المهمة مثل قراءة الفاتحة وقصار السور، وأركان الإسلام والإيمان، وأقسام التوحيد والشرك، وشروط وأركان وواجبات الصلاة، بالإضافة إلى مبطلاتها، مع بيان مختصر لشروط الوضوء وفروضه ونواقضه. كما يسلط الضوء على التحلي بالأخلاق الإسلامية والآداب الشرعية، ويقدم إرشادات لطيفة حول تجهيز الميت والصلاة عليه ودفنه.