သင့်ကိုယ်သင် မေးဖူးပါသလား။ သင့်ကို ဘယ်သူ ဖန်ဆင်းခဲ့သလဲ။ ဘာကြောင့်ဖန်ဆင်းခဲ့တာလဲ။ ပြီးတော့ သေဆုံးပြီးနောက် ဘာဖြစ်မလဲ။
ဤစာအုပ်သည် ဖြစ်တည်မှုနှင့် ဖန်ဆင်းမှုဆိုင်ရာ မေးခွန်းကို ဆွေးနွေးတင်ပြထားပြီး၊ ပြီးပြည့်စုံသည့် ဥာဏ်အမြှော်မြင်နှင့် ပြီးပြည့်စုံမှုအပေါင်းတို့ဖြင့် ပြည့်စုံတော်မူသော ဖန်ဆင်းရှင်တစ်ပါးရှိခြင်းကို အသိဉာဏ်ပညာဖြင့် ခိုင်လုံစွာ သက်သေပြထားသည်။ ထို့ပြင် ဘဝသက်တမ်း၏ ရည်ရွယ်ချက်မှာ တစ်ပါးတည်းတည်ရှိတော်မူသော အလ္လာဟ်အရှင်မြတ်ကို သီးသန့်ခဝပ်ကိုးကွယ်ရန်ဖြစ်ကြောင်းနှင့် အစ္စလာမ်သာသနာတော်သည် ထိန်းသိမ်းစောင့်ရှောက်ခြင်းခံထားရသည့် မှန်ကန်သော သာသနာတော်ဖြစ်ကြောင်း ရှင်းလင်းစွာ တင်ပြထားသည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်၏ တမန်တော်မြတ် မုဟမ္မဒ်(ﷺ)ကို ယုံကြည်သက်ဝင်ရန်နှင့် ကိုယ်တော်၏ သင်ကြားပို့ချမှုများကို…
This PDF is generated automatically from the book's text; its layout may differ from the printed edition.
သင့်ကိုယ်သင် မေးဖူးပါသလား။ သင့်ကို ဘယ်သူ ဖန်ဆင်းခဲ့သလဲ။ ဘာကြောင့်ဖန်ဆင်းခဲ့တာလဲ။ ပြီးတော့ သေဆုံးပြီးနောက် ဘာဖြစ်မလဲ။
ဘာသာစကားအမျိုးမျိုးဖြင့် အစ္စလာမ့်အကြောင်းအရာများကို ဝန်ဆောင်မှုပေးသောအသင်း၏ ပညာရေးကော်မတီ
အို လူသား၊ သင့်ကို မည်သူဖန်ဆင်းခဲ့သနည်း။ အကယ်၍ သင်သည် သင့်ခန္ဓာကိုယ်ကို အဏုကြည့်မှန်ပြောင်းအောက်တွင် ကြည့်ရှုလိုက်မည်ဆိုလျှင်၊ တိကျလှပြီး အံ့မခန်းထူးခြားဆန်းပြားသည့် ကမ္ဘာကြီးတစ်ခုကို မြင်တွေ့ရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင့်ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းသည် ၎င်းတို့အတွင်း၌ ရှုပ်ထွေးလှသော သင်္ကေတများပါရှိသည့် မျိုးရိုးဗီဇဆိုင်ရာ အချက်အလက်များကို သယ်ဆောင်ထားသောကြောင့်ဖြစ်သည်။ ဤသင်္ကေတများကို မည်သူရေးသားခဲ့သနည်း။ ၎င်းတို့ကို မှန်ကန်သောနေရာ၌ မည်သူချထားပေးခဲ့သနည်းဟု သင့်ကိုယ်သင် မေးကြည့်ဖူးပါသလား။
မြင့်မားလှသော အဆောက်အဦးတိုင်းနှင့် ရိုးရှင်းသော အိမ်တိုင်းသည် ၎င်းကို တည်ဆောက်သူ၏ အကြောင်းကို ဖော်ပြနေပါသည်။ သို့ဆိုလျှင် ဤကျယ်ဝန်းလှသော စကြဝဠာကြီးသည် ၎င်း၏ လှပပြောင်မြောက်မှု၊တိကျမှုနှင့် စနစ်တကျအသေးစိတ်ဖြစ်နေမှုများနှင့်တကွ ဖန်ဆင်းရှင်မရှိဘဲ ဖြစ်ပေါ်လာနိုင်သည်ဟု ဆိုခြင်းသည် ယုတ္တိတန်ပါသလော။
အို လူသား၊ အလွန်သေသပ်ကောင်းမွန်စွာ ပြုလုပ်ထားသော စမတ်ဖုန်းတစ်လုံးသည် ပုံစံထုတ်သူနှင့် ဖန်တီးပြုလုပ်သူမရှိဘဲ ရုတ်တရက်ဖြစ်ပေါ်လာသည် သို့မဟုတ် ရှုပ်ထွေးသော စက်ပစ္စည်းကွန်ရက်တစ်ခုသည် ပရိုဂရမ်ရေးဆွဲသူနှင့် ကြီးကြပ်သူမရှိဘဲ ဟန်ချက်ညီညီနှင့် တိကျစွာ အလုပ်လုပ်နေသည်ဟူသည့်စကားကို အသင်၏အသိဉာဏ်က လက်ခံမည်မဟုတ်သကဲ့သို့ပင်၊ ဤကြီးကျယ်လှသည့် စကြဝဠာကြီးသည် ၎င်းတွင်ရှိသော စနစ်များ၊ လှပပြောင်မြောက်မှုများ၊ တိကျသော နိယာမများနှင့် သေသပ်ကျနသောစနစ်များ အားလုံးနှင့်တကွ ဖန်ဆင်းရှင်မရှိဘဲ ဖြစ်ပေါ်လာသည်ဟူသည့်စကားကို အသိဉာဏ်က မည်သို့လက်ခံနိုင်ပါမည်နည်း။
ဧကန်စင်စစ် ဤစကြာဝဠာရှိ အစိတ်အပိုင်းတိုင်းသည် အသေးငယ်ဆုံးသောအက်တမ်မှစ၍ အကြီးမားဆုံးသောဂလက်ဆီအထိ ၎င်း၏ဖန်ဆင်းရှင်၏ ကြီးကျယ်မြင့်မြတ်မှုကို ညွှန်ပြနေသည်။ ဤတိကျလှသောစနစ်သည် ဖရိုဖရဲဖြစ်မှုမှ ဖြစ်ပေါ်လာသည်ဆိုသည်မှာ အသိဉာဏ်ပညာအရ မည်သို့မျှမဖြစ်နိုင်ပါ။ ဤစကြာဝဠာသည် ဗလာနတ္တိ( ဘာမှမရှိခြင်း )မှ ဖြစ်ပေါ်လာသည်ဟူသည်ကိုလည်းကောင်း၊ ဤလှပပြောင်မြောက်၍ ရှုပ်ထွေးနက်နဲသော စနစ်သည် မျက်ကန်းကြုံကြိုက်တိုက်ဆိုင်မှု၏ ရလဒ်ဖြစ်သည်ဟူသည်ကိုလည်းကောင်း အသိဉာဏ်က လက်မခံဘဲငြင်းပယ်ပါသည်။
မှန်ကန်သော အသိဉာဏ်နှင့် ဖြောင့်မတ်သော ပင်ကိုသဘာဝတို့သည် လူသားအား စကြဝဠာအား ဖန်ဆင်းသည့်အရှင် တည်ရှိကြောင်းကို ယုံကြည်ရန် လမ်းညွှန်ပေးသကဲ့သို့ပင်၊ ၎င်းတို့သည် ကျွန်တော်တို့ကို ဤဖန်ဆင်းရှင်၏ ဂုဏ်တော်များနှင့် ကျွန်တော်တို့အပေါ်ရှိ အရှင်မြတ်၏ ရပိုင်ခွင့်များကို တွေးတောဆင်ခြင်ရန်လည်း တွန်းအားပေးပါသည်။
ဤဖန်ဆင်းရှင်၏ ဂုဏ်တော်များကို တွေးတောဆင်ခြင်ခြင်းက အရှင်မြတ်သည် မလွဲမသွေ အကြွင်းမဲ့ ပြီးပြည့်စုံသောအရှင်ဖြစ်ကြောင်းနှင့် ချို့တဲ့မှုအပေါင်းမှ ကင်းစင်တော်မူကြောင်းတို့ကို နက်ရှိုင်းစွာ သိမြင်နားလည်နိုင်မည့် တံခါးများကို ကျွန်တော်တို့အတွက် ဖွင့်လှစ်ပေးပေသည်။
ဤသည်မှာ ဖန်ဆင်းတော်မူသောအရှင်သည် အလှတရားနှင့် ကြီးမြတ်မှု ဂုဏ်တော်များအားလုံးကို ပိုင်ဆိုင်တော်မူကြောင်းကို ဆိုလိုနေပေသည်။ ထိုအရှင်မြတ်သည် အရာခပ်သိမ်းကို စွမ်းဆောင်နိုင်တော်မူသောအရှင်၊ အရာခပ်သိမ်းကို အကြွင်းမဲ့သိမြင်တော်မူသောအရှင်နှင့် မိမိဖန်ဆင်းတော်မူခဲ့သော၊ သတ်မှတ်ပြဋ္ဌာန်းတော်မူခဲ့သော အရာအားလုံးတွင် ဉာဏ်တော်အမြော်အမြင်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပါသည်။ ဤပြီးပြည့်စုံမှုသည် သာမန်ဖြစ်တန်စွမ်းတစ်ခုမျှသာမဟုတ်ဘဲ၊ အသိဉာဏ်ပိုင်းဆိုင်ရာ မရှိမဖြစ်လိုအပ်ချက်တစ်ခုပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အရှင်မြတ်၏ ဂုဏ်တော်များတွင် ချို့ယွင်းချက်တစ်စုံတစ်ရာ ရှိနေခြင်းသည် ဖန်ဆင်းခြင်းနှင့် စီမံအုပ်ချုပ်ခြင်းတို့၌ ချွတ်ယွင်းမှုများဆီသို့ ဦးတည်သွားစေမည်ဖြစ်ပြီး၊ ယင်းမှာ စကြာဝဠာအတွင်း ကျွန်တော်တို့မြင်တွေ့ရသည့် တိကျသေချာပြီးပြည့်စုံမှုများနှင့် ဆန့်ကျင်ဘက်ပင်ဖြစ်သည်။
ထိုနည်းတူစွာပင် လျော့နည်းချို့တဲ့မှုများမှ ကင်းစင်တော်မူခြင်းက ဖန်ဆင်းရှင်ဟာ မိမိအဖန်ဆင်းခံများမှ လိုလားတောင့်တမှုကင်းတော်မူသောအရှင်ဖြစ်ကြောင်းကို သက်သေပြနေသည်။ သို့ဖြစ်ရာ အရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ လိုအပ်တော်မမူပါ။ စင်စစ်အားဖြင့် အဖန်ဆင်းခံအားလုံးသည် မိမိတို့ဖြစ်တည်လာမှုနှင့် ရှင်သန်ရပ်တည်နိုင်မှုတို့အတွက် အရှင်မြတ်ကိုသာ အမြဲတမ်းလိုအပ်လျက်ရှိကြသည်။ အရှင်မြတ်သည် တွဲဖက်ယှဉ်တွဲသူရှိခြင်းနှင့် သားသမီးရှိခြင်းတို့မှ ကင်းရှင်းတော်မူသည်။ အဘယ်ကြောင့်ဆိုသော် ယင်းအရာများသည် လိုအပ်ချက်နှင့် အားနည်းချက်များ၏ ပြယုတ်များဖြစ်သောကြောင့်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ထိုအရာအားလုံးတို့မှ သီးခြားကင်းရှင်းစွာ ရှိနေတော်မူသောအရှင် ဖြစ်တော်မူသည်။
အကယ်၍ အလ္လာဟ်အရှင်မြတ်သည် ပြီးပြည့်စုံခြင်းနှင့် ကြီးကျယ်မြင့်မြတ်ခြင်း ဂုဏ်တော်များနှင့် ပြည့်စုံတော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသည့် ဖန်ဆင်းရှင်ဖြစ်တော်မူပြီး၊ ကျွန်တော်တို့နှင့် ဤစကြာဝဠာကို မရှိခြင်းနတ္တိကနေ ဖြစ်တည်လာစေတော်မူသော၊ ယင်းအတွင်းရှိအရာအားလုံးကို ပိုင်စိုးတော်မူသော၊ ကျွန်တော်တို့ကို ရိက္ခာပေးသနားတော်မူ၍ မိမိ၏ ကရုဏာတော်ဖြင့် ဝန်းရံထားတော်မူသော၊ အရာခပ်သိမ်းကို စီမံအုပ်ချုပ်ကွပ်ကဲတော်မူသော အရှင်မြတ်ဖြစ်တော်မူသည်ဆိုပါက၊ ကျွန်တော်တို့အနေဖြင့် ထိုအရှင်မြတ်အား ကျေးဇူးတင်ရှိရမည် မဟုတ်ပါလော။ ထို့ပြင် ဖန်ဆင်းရှင်ရဲ့ ကျေနပ်နှစ်သက်မှုကိုမည်သို့ရနိုင်မည်၊ ကျွန်တော်တို့အပေါ် တာဝန်ရှိသည့် အရှင်မြတ်၏ ရပိုင်ခွင့်များကို မည်သို့ပေးဆပ်ရမည် ဆိုတာတွေကို ရှာဖွေပြီး၊ ကျွန်တော်တို့ကို ဖန်ဆင်းထားသည့်ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရန်အတွက် ကြိုးပမ်းလုပ်ဆောင်ရမည် မဟုတ်ပါလော။
အလ္လာဟ်အရှင်မြတ်က ကျွန်တော်တို့ကိုဖန်ဆင်းတော်မူပြီးနောက် ကျွန်တော်တို့ထံမှ မည်သည့်အရာကို အလိုရှိတော်မူသည်၊ ကျွန်တော်တို့ အဘယ်ကြောင့် ဤလောက၌ ရှိနေရသနည်း။ ဘဝ၌ ကျွန်တော်တို့ ဖြစ်တည်နေရခြင်း၏ ရည်ရွယ်ချက်ပန်းတိုင်မှာ အဘယ်နည်း။ ကွယ်လွန်ပြီးနောက် ကျွန်တော်တို့ မည်သို့ဖြစ်မည်နည်း၊ စသည်တို့ကို ရှင်းလင်းပြသခြင်းမပြုဘဲ ထားသည်ဆိုသည်မှာ ဖြစ်နိုင်ပါသလား။
ကျွန်တော်နှင့်အတူလိုက်ပြီး အနည်းငယ်စဉ်းစားဆင်ခြင်ကြည့်ပါ။ အကယ်၍ လူတစ်ယောက်က ခမ်းနားကြီးကျယ်သည့် နန်းတော်တစ်ခုကို တည်ဆောက်ပြီး နောက်ဆုံးပေါ်နည်းပညာများဖြင့် တပ်ဆင်ထားကာ တည်ဆောက်မှုပြီးစီးသွားချိန်တွင် မည်သည့်အကြောင်းပြချက်မျှမရှိဘဲ ရုတ်တရက် အလုံးစုံဖြိုချဖျက်ဆီးပစ်လိုက်သည်ဆိုပါစို့။ ထိုသူအား အမြော်အမြင်ရှိသူဟု ကျွန်တော်တို့ ဆိုနိုင်ပါမည်လော။ ဤကဲ့သို့သောလုပ်ရပ်သည် အသိဉာဏ်ရှိသူတစ်ဦးနှင့် မလျော်ညီဘဲ အချီးအနှီးအလဟဿဖြစ်သည်မှာ ရှင်းလင်းထင်ရှားနေသည် မဟုတ်ပါလော။
လူသားတစ်ဦးအတွက်ပင် ဤလုပ်ရပ်မျိုးကို လက်ခံနိုင်ဖွယ်မရှိပါလျှင်၊ အသိဉာဏ်ပညာ၊ အနှိုင်းမဲ့အမြော်အမြင်တို့နှင့် ပြည့်စုံတော်မူလှသော အလ္လာဟ်အရှင်မြတ်သည် ဤအံ့ဩဖွယ်ကောင်းလှသော စကြဝဠာကြီးကို တိကျပြီး ပြည့်စုံသည့်စနစ်ဖြင့် ဖန်ဆင်းတော်မူပြီးနောက် မည်သည့်ရည်ရွယ်ချက်၊ အကျိုးအကြောင်းမှမရှိဘဲ အချည်းနှီး အလဟဿ ဖျက်ဆီးပစ်တော်မူမည်ဆိုသည်ကို ကျွန်တော်တို့ မည်သို့ တွေးထင်နိုင်ပါမည်နည်း။
အလ္လာဟ်အရှင်မြတ်သည် ကြီးကျယ်လှသည့် ဟိက်မသ်အမြော်အမြင်ဖြင့် လူသားများအား ဖန်ဆင်းထားခြင်းဖြစ်သည်။ ထိုဟိက်မသ်တော်မှာ တစ်ပါးတည်း တည်ရှိတော်မူသော၊ ဖက်စပ်ယှဥ်တွဲမှုကင်းတော်မူသော အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်ရန်ပင်ဖြစ်သည်။ ၎င်းပြင် ဤလောကီသက်တမ်း၌ စမ်းသပ်မှုပြုရန်အတွက် ၎င်းတို့အား ဖန်ဆင်းထားခြင်းဖြစ်ပြီး၊ ၎င်းတို့၏ လုပ်ရပ်များနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခံရရန် ကိယာမသ် (ရှင်ပြန်ထမြောက်မည့်) နေ့၌ ပြန်လည်ရှင်သန်ထမြောက်ကြရမည့် သတ်မှတ်ချိန်တစ်ခုကိုလည်း ၎င်းတို့အတွက် ပြဋ္ဌာန်းထားတော်မူသည်။ သို့ဖြစ်ရာ မည်သူမဆို အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်ပြီး အရှင်မြတ်၏ ဖိတ်ခေါ်မှုကို လက်ခံတုံ့ပြန်ပါက ၎င်းအဖို့ ဂျန္နသ်သုခဘုံ၏ စည်းစိမ်ချမ်းသာများရှိမည်ဖြစ်ပြီး ထိုသုခဘုံ၌ ထာဝရနေထိုင်ရမည်ဖြစ်သည်။ သို့သော် အမှန်တရားကို မျက်ကွယ်ပြုသူများကတော့ ငရဲသားများအနက်မှ ဖြစ်ကြမည်ဖြစ်သည်။
ထို့ကြောင့် ခဝပ်ကိုးကွယ်ခြင်းသည် ကျွန်တော်တို့ တည်ရှိရခြင်း၏ အဓိကရည်ရွယ်ချက်ဖြစ်သောကြောင့် ကျွန်တော်တို့အပေါ် မလွဲမသွေကျရောက်နေသော တာဝန်တစ်ရပ်ဖြစ်သည်။ ၎င်းအပြင် ထိုအရာသည် ကျွန်တော်တို့၏ ကျေးဇူးသိတတ်မှုနှင့် အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းမွေးမြူတော်မူသောအရှင်ဖြစ်ခြင်းနှင့် ကိုးကွယ်ရာအရှင်ဖြစ်ခြင်းတို့ကို ဝန်ခံခြင်း၏ သက်သေအထောက်အထားပင်ဖြစ်သည်။
သို့ဖြစ်၍ ချို့တဲ့မှုအပေါင်းမှ ကင်းစင်တော်မူသော၊ ကြီးကြယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် သင့်အား ဖန်ဆင်းတော်မူသောအရှင်၊ သင့်အား အကြားအာရုံ၊ အမြင်အာရုံတို့ကို ချီးမြှင့်တော်မူပြီး ရေတွက်၍မရနိုင်သော ကျေးဇူးတော်များဖြင့် ဝန်းရံထားတော်မူသောအရှင် ဖြစ်ကြောင်း သေချာစွာ စဉ်းစားဆင်ခြင်ကြည့်ပါ။ ထိုအရှင်မြတ်သည်သာ သင့်၏ သွေးကြောတွေထဲမှာ သွေးတွေကို လှည့်ပတ်စီးဆင်းနေစေတော်မူသည်။ သင့်အား ရေနှင့်လေကို ချီးမြှင့်ပေးသနားတော်မူသည်။ သင်သည် စက္ကန့်မလပ် အချိန်တိုင်း၌ ထိုအရှင်မြတ်အား လိုအပ်နေပေသည်။ ထိုအရှင်မြတ်၏ ကရုဏာတော်နှင့် စောင့်ရှောက်မှုသာ မရှိခဲ့လျှင် သင်သည် ပျက်စီးသွားမည်ဖြစ်ပြီး သင့်၏ခွန်အားများသည်လည်း ပျောက်ကွယ်သွားမည်ဖြစ်သည်။ စင်စစ်အားဖြင့် ထိုအရှင်မြတ်ကသာ သင်မည်သည့်အရာကိုမှ မစွမ်းဆောင်နိုင်သေးသောကာလ သင့်မိခင်၏ဝမ်းဗိုက်ထဲက သန္ဓေသားဘဝမှာပင် သင့်အား အစာအာဟာရပေးကျွေးမွေး စောင့်ရှောက်ရန် တာဝန်ယူတော်မူခဲ့သည်။
သို့ဆိုလျှင် ကြီးကျယ်မြင့်မြတ်တော်မူသော ဤဖန်ဆင်းရှင်သည် သင်အလိုရှိသည့်အတိုင်းမဟုတ်ဘဲ အရှင်မြတ်အလိုတော်ရှိသည့်အတိုင်း သင့်ထံမှ ခဝပ်ကိုးကွယ်မှုကို ခံယူထိုက်တော်မူသည် မဟုတ်ပါသလား။ စဉ်းစားဆင်ခြင်ကြည့်ပါ။ အကယ်၍ သင်သည် သင့်မိခင်အား လက်ဆောင်တစ်ခုပေးလိုလျှင် သင့်စိတ်ကြိုက်အရာကိုသာ ရွေးချယ်မည်လား။ သို့မဟုတ် သူမနှစ်သက်သည့်အရာကို သိရှိအောင်ကြိုးစားပြီး သူမနှင့်လိုက်ဖက်မည့်အရာဖြင့် သူမကိုပျော်ရွှင်အောင် ပြုလုပ်မည်လား။ ထိုနည်းတူစွာပင် အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်မှုပြုရာတွင်လည်း ကျွန်တော်တို့၏ စိတ်အလိုဆန္ဒများ (သို့မဟုတ်) မျိုးရိုးစဉ်ဆက် လက်ခံကျင့်သုံးလာခဲ့သည့် ဓလေ့ထုံးစံများအတိုင်း မဖြစ်သင့်ပေ။ အမှန်တကယ်တော့ ချို့တဲ့မှုအပေါင်းမှ စင်ကြယ်တော်မူသော အရှင်မြတ်အလိုတော်ရှိသည့်အတိုင်းနှင့် ကျွန်တော်တို့အား အရှင်မြတ် အမိန့်ပေးစေခိုင်းထားသည့် ပုံစံအတိုင်းသာ ဖြစ်ရပေမည်။
ခဝပ်ကိုးကွယ်ခြင်းသည် တုဖက်ယှဉ်တွဲကိုးကွယ်သူ ကင်းတော်မူသော တစ်ပါးတည်းသော အလ္လာဟ်အရှင်မြတ်အတွက်သာ သီးသန့်ဖြစ်ရမည်။ ထို့ကြောင့် လူသားတို့အနေဖြင့် ထိုခဝပ်ကိုးကွယ်မှုကို မိမိ၏ဖန်ဆင်းရှင်မှအပ အခြားမည်သူ့အတွက်မျှ ပြုလုပ်ခွင့်မရှိပေ။ ငရဲမီး၌ ထာဝရနေရခြင်းကို မလွဲမသွေဖြစ်စေသော အပြစ်များအနက် အကြီးဆုံးမှာ အလ္လာဟ်အရှင်မြတ်အပေါ် ရှိရ်က်(တုဖက်နှိုင်းယှဉ်မှု) ပြုလုပ်ခြင်းဖြစ်သည်။ ဤသည်မှာ လူသားက အလ္လာဟ်အရှင်မြတ်မှအပ အရှင်မြတ်၏ ဖန်ဆင်းခံများကို ကိုးကွယ်ခြင်းဖြစ်သည်။ ဥပမာအားဖြင့် ရုပ်တုဆင်းတုများ၊ နေ သို့မဟုတ် လတို့ကို ကိုးကွယ်ခြင်း၊ သို့မဟုတ် လူသား၊ တိရစ္ဆာန် သို့မဟုတ် သူတော်စင်တစ်ဦးဦးကို ကိုးကွယ်ခြင်းတို့ဖြစ်သည်။ ဖော်ပြပါလုပ်ရပ်အားလုံးသည် ရှိရ်က်နှင့် ကုဖ်ရ်(ငြင်းပယ်မှု) အမျိုးအစားများအနက်မှဖြစ်သည်။ မည်သူမဆို ထိုအခြေအနေ၌ပင် သေဆုံးသွားပါက ၎င်း၏ပြစ်ဒဏ်မှာ ဂျဟန္နမ်ငရဲမီး၌ ထာဝရနေရမည်ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်သည် လောကီဘဝ၌ ကျွန်တော်တို့တည်ရှိနေရခြင်း၏ ရည်ရွယ်ချက်နှင့် ဘဝ၏ ပန်းတိုင်အကြောင်းကို ကျွန်တော်တို့ကို အသိပေးရန်အတွက် များစွာသော နဗီ၊ရစူလ်တမန်တော်များကို စေလွှတ်တော်မူခဲ့သည်။ ထိုရစူလ်တမန်တော်တိုင်း၏ သတင်းစကားသည် တစ်ခုတည်းသာဖြစ်ပြီး၊ ယင်းမှာ အစ္စလာမ်သာသနာ၏ သတင်းစကားနှင့် ဖန်ဆင်းရှင်အား မည်သည့်အရာနှင့်မျှ ဖက်စပ်ယှဉ်တွဲခြင်းမပြုဘဲ တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ရန် ဖိတ်ခေါ်ခြင်းဖြစ်သည်။ သို့သော်လည်း လွန်လေပြီးသော ရစူလ်တမန်တော်များ ယူဆောင်လာခဲ့သော တရားဒေသနာတော်များကို ပြောင်းလဲခြင်းနှင့် အစားထိုးခြင်းများ ပြုလုပ်ခဲ့သူများ ရှိခဲ့သည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်သည် နောက်ဆုံး ရစူလ်တမန်တော် မုဟမ္မဒ်(ﷺ)ကို စေလွှတ်တော်မူခဲ့ပြီး၊ လူသားခပ်သိမ်းတို့အတွက် နောက်ဆုံးဖြစ်သော ရိစာလသ်တရားဒေသနာတော်ဖြစ်သည့် ကုရ်အာန်ကျမ်းမြတ်ကို ထိုတမန်တော်မြတ်အပေါ်သို့ ချမှတ်ပေးအပ်တော်မူခဲ့သည်။ ကုရ်အာန်ကျမ်းမြတ်သည် အလ္လာဟ်အရှင်မြတ်၏ မုက္ခပါဌ်တော်ဖြစ်ကြောင်း သက်သေပြသည့် ဉာဏ်ရည်ပိုင်းဆိုင်ရာနှင့် သိပ္ပံပိုင်းဆိုင်ရာ သက်သေသာဓကများစွာလည်း ရှိသည်။ ထို့ပြင် ယင်းသည် ပြောင်းလဲခြင်း၊ အစားထိုးခြင်း အလျဉ်းမရှိခဲ့သော တစ်ခုတည်းသော ကျမ်းမြတ်လည်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် လူသားတို့ထံမှ အစ္စလာမ်သာသနာမှလွဲ၍ အခြားမည်သည့်သာသနာကိုမျှ လက်ခံတော်မူမည်မဟုတ်ကြောင်း ကုရ်အာန်ကျမ်းမြတ်တွင် ကျွန်တော်တို့ကို အသိပေးထားတော်မူသည်။ ထို့ပြင် ရစူလ်တမန်တော်အားလုံး၏ သတင်းစကားသည် တစ်ခုတည်းသာဖြစ်ပြီး ယင်းမှာ ဖန်ဆင်းရှင်အား မည်သည့်အရာနှင့်မျှ ဖက်စပ်ယှဉ်တွဲခြင်းမပြုဘဲ တစ်ပါးတည်းကိုသာ ယုံကြည်ကိုးကွယ်သည့် သောင်ဟီးဒ်တရားတော်နှင့် ခဝပ်ကိုးကွယ်မှုဆီသို့ ဖိတ်ခေါ်ခြင်းဖြစ်ကြောင်းကိုလည်း အသိပေးထားတော်မူသည်။ ထို့အပြင် (အီမာန်) သက်ဝင်ယုံကြည်သူများအတွက် ဂျန္နသ်သုခဘုံနှင့် ထာဝရကောင်းကျိုးချမ်းသာများ ရှိမည်ဖြစ်ကြောင်းနှင့် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားအရာများကို ကိုးကွယ်သူများ သို့မဟုတ် အစ္စလာမ်သာသနာသို့ ဝင်ရောက်ရန် သွေဖည်ငြင်းပယ်သူများအတွက် ငရဲမီးနှင့် ပြင်းပြနာကျင်ဖွယ်ကောင်းသော အပြစ်ပေးမှုများ ရှိမည်ဖြစ်ကြောင်းကိုလည်း အလ္လာဟ်အရှင်မြတ်က ကုရ်အာန်ကျမ်းမြတ်တွင် ကျွန် တော်တို့အား အသိပေးမိန့်ကြားထားတော်မူသည်။
အစ္စလာမ်သာသနာကို အခြားသော သာသနာများနှင့် ကွဲပြားထူးခြားစေသည့်အချက်မှာ မွတ်စ်လင်မ်များသည် ယနေ့ခေတ် ၎င်းတို့လက်ဝယ်ရှိ ကုရ်အာန်ကျမ်းမြတ်သည် ပြုပြင်ပြောင်းလဲခြင်းနှင့် ဖောက်လွဲဖောက်ပြန်ပြုလုပ်ခြင်းများမှ ကင်းဝေးကာ ထိန်းသိမ်းခြင်းခံထားရသည့် ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်၏ စကားတော်ဖြစ်ကြောင်း သက်သေပြရန်အတွက် ယုံကြည်စိတ်ချရသော အသိပညာအရင်းအမြစ်များကို အခြေခံကာ အသိဉာဏ်ပိုင်းဆိုင်ရာ သက်သေအထောက်အထားများနှင့် သိပ္ပံနည်းကျ အမှန်တရားများကို တင်ပြနိုင်စွမ်းရှိသည့် တစ်ဦးတည်းသောသူများဖြစ်ကြခြင်းပင်ဖြစ်သည်။
ကုရ်အာန်ကျမ်းမြတ်သည် အလ္လာဟ်အရှင်မြတ်က ၎င်း၏နဗီတမန်တော် မုဟမ္မဒ်(ﷺ)ထံ ထုတ်ပြန်ပို့ချတော်မူခဲ့သော ကျမ်းဂန်ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ထောင့်လေးရာကျော်ကတည်းက လူသားမျိုးနွယ်တို့ကို ယင်းကျမ်းကဲ့သို့ ကျမ်းတစ်စောင် သို့မဟုတ် ထိုကျမ်းမြတ်နှင့် အလားတူ စူရဟ်ကဏ္ဍတစ်ခုမျှပင်ဖြစ်စေ ယူဆောင်လာပြီး ယှဉ်ပြိုင်ကြရန် စိန်ခေါ်ထားခဲ့သည်။ သို့သော် ၎င်းတို့သည် မစွမ်းနိုင်ကြပေ။ ထိုစိန်ခေါ်မှုသည် ယနေ့ထိတိုင် ရှိနေဆဲဖြစ်ပြီး၊ ယင်းကျမ်းမြတ်၏ အလွန်လှပသော အရေးအသား၊ ရှင်းလင်းတင်ပြမှု၊ အံ့ဖွယ်တန်ခိုးတော်နှင့် အမိန့်ပညတ်ချက်များကဲ့သို့ အလားတူသော အရာတစ်ခုမျှ ယူဆောင်လာခြင်းငှာ မည်သူမျှ မတတ်စွမ်းနိုင်ကြပေ။ ထို့ပြင် ခေတ်အဆက်ဆက်၌ မည်သူတစ်ဦးတစ်ယောက်မျှ ထိုကျမ်းမြတ်ကဲ့သို့ သို့မဟုတ် ယင်းကျမ်းမြတ်နှင့် နီးစပ်သောအရာကိုပင် ယူဆောင်လာနိုင်ခြင်း မရှိခဲ့ပေ။ ကုရ်အာန်ကျမ်းမြတ်၏ အံ့ဖွယ်တန်ခိုးတော်သည် အမြင့်မားဆုံးသော ရသပေါ်လွင်မှုနှင့် ရှင်းလင်းပြည့်စုံသည့် ဘာသာစကား၌သာမက၊ ယင်းကျမ်းမြတ်သည် အလ္လာဟ်အရှင်မြတ်၏ မုက္ခပါဌ်တော်ဖြစ်ကြောင်း အတည်ပြုပေးသော ကျိုးကြောင်းဆီလျော်သည့် အထောက်အထားများနှင့် သိပ္ပံနည်းကျ အချက်အလက်များကိုပါ လွှမ်းခြုံပါဝင်နေသည်။ ကုရ်အာန်ကျမ်းမြတ်သည် အလ္လာဟ်အရှင်မြတ်၏ မုက္ခပါဌ်တော်ဖြစ်ကြောင်း သက်သေပြနေသည့် ရှင်းလင်းပြတ်သားသော အထောက်အထားများ ပါဝင်နေသည်ဖြစ်ရာ၊ လူသားများ ဝင်ရောက်စွက်ဖက် ရေးသားစီကုံးထားသော အခြားကျမ်းများကို မှီခိုအားထားမည့်အစား ထိုကုရ်အာန်ကျမ်းမြတ်အား သက်ဝင်ယုံကြည်ခြင်းနှင့် ယင်းကျမ်းမြတ်တွင် ပါရှိသည်တို့ကို လိုက်နာကျင့်သုံးခြင်းသည်သာ ကျိုးကြောင်းဆီလျော်၍ ယုတ္တိတန်သော လုပ်ရပ်ဖြစ်သည်။
သို့ဖြစ်၍ မှန်ကန်ကောင်းမွန်သည့်အသိဉာဏ်က ကျွန်တော်တို့ကို လမ်းညွှန်နေသည်မှာ စကြာဝဠာကို ဖန်ဆင်းတော်မူပြီး ၎င်း၏စနစ်ကို အချိုးကျစီမံထားတော်မူသော ဖန်ဆင်းရှင်၏ မုက္ခပါဌ်တော်သည် အမှန်တရားကို သိရှိနားလည်ရန်အတွက် အမှန်ကန်ဆုံးသော ရင်းမြစ်ပင်ဖြစ်သည်။ ကျွန်တော်တို့သည် ကုရ်အာန်ကျမ်းမြတ်၌ ဤဘာသာစကားပိုင်းဆိုင်ရာ အံ့မခန်းဖွယ်ရာများ၊ သိပ္ပံနည်းကျ အချက်အလက်များနှင့် ပြည့်စုံလုံလောက်သော အမိန့်ပညတ်ချက်များကို တွေ့ရှိရသည့်အပြင်၊ ခေတ်အဆက်ဆက် ပြုပြင်ပြောင်းလဲခြင်းများမှ ကင်းဝေးအောင် ထိန်းသိမ်းစောင့်ရှောက်ထားမှုကိုပါ တွေ့ရှိရသောအခါ၊ ယင်းကျမ်းမြတ်သည် အလ္လာဟ်အရှင်မြတ်၏ မုက္ခပါဌ်တော်သာဖြစ်ကြောင်း လက်ခံယုံကြည်ရန်မှတစ်ပါး အခြားမရှိပေ။
တစ်ဆက်တည်းမှာပင် ကုရ်အာန်ကျမ်းမြတ်၌ လာရှိသောအရာများအပေါ် အီမာန် သက်ဝင်ယုံကြည်ခြင်းသည် ယုံကြည်မှုဆိုင်ရာ ရွေးချယ်မှုတစ်ခုသက်သက်သာ မဟုတ်ဘဲ၊ အမှန်တရားများကို ရှာဖွေရာတွင် ယုတ္တိရှိပြီး ကျိုးကြောင်းဆင်ခြင်မှုနှင့် ကိုက်ညီသည့် အသိဉာဏ်ပညာဆိုင်ရာ ဆုံးဖြတ်ချက်တစ်ခုပင် ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်သည် ကျမ်းမြတ်ကုရ်အာန်တွင် ကျွန်တော်တို့ကို အချည်းနှီးဖန်ဆင်းခဲ့ခြင်းမဟုတ်ဘဲ အမှန်စင်စစ် အရှင်မြတ်အား ခဝပ်ကိုးကွယ်ရန်အတွက်သာ ဖန်ဆင်းတော်မူခဲ့ကြောင်း ရှင်းပြတော်မူထားသည်။
အလ္လာဟ်အရှင်မြတ်က ကျမ်းတော်မြတ်ကုရ်အာန်တွင် ကျွန်တော်တို့ကို အသိပေးမိန့်ကြားထားတော်မူသည်မှာ- ကျွန်တော်တို့ ရှင်သန်နေထိုင်ကြသော လောကီသက်တမ်းသည် မကြာမီ ကုန်ဆုံးသွားမည့် အချိန်ကန့်သတ်ထားသည့် ယာယီအဆင့်တစ်ခုသက်သက်သာဖြစ်သည်။ သို့သော် စစ်မှန်သော ထာဝရရှင်သန်ခြင်းသည် နောင်တမလွန်ဘဝ၌သာဖြစ်ပြီး၊ ထိုအချိန်တွင် မုအ်မင်န် သက်ဝင်ယုံကြည်သူများသည် ဂျန္နသ် သုခဘုံသို့ ဝင်ရောက်ကြရမည်ဖြစ်ကာ ကာဖိရ်များမှာမူ ငရဲမီးသို့ ဝင်ရောက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ကျွန်တော်တို့ကို မည်သည့်အစအနမှမရှိဘဲ စတင်ဖန်ဆင်းခဲ့သော ဖန်ဆင်းရှင်သည် ကျွန်တော်တို့ကို သေဆုံးပြီးနောက် တဖန်ပြန်လည်ရှင်သန်လာအောင် စွမ်းဆောင်နိုင်တော်မူသည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ ကျွန်တော်တို့ပတ်ဝန်းကျင်ရှိ စကြဝဠာအတွင်းမှ အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာတော်များတွင် သေဆုံးနေသောအရာကို ပြန်လည်ရှင်သန်စေခြင်း၌ အရှင်မြတ်၏ အဆုံးမဲ့သော စွမ်းဆောင်နိုင်မှုအတွက် ခိုင်လုံသောအထောက်အထားကို ကျွန်တော်တို့တွေ့မြင်နိုင်ပေသည်။ အလ္လာဟ်အရှင်မြတ်သည် စိမ်းလန်းသောသစ်ပင်မှ မီးကို ထွက်ပေါ်စေတော်မူသကဲ့သို့လည်းကောင်း၊ ခြောက်သွေ့သောမြေကြီးမှ အပင်များနှင့် သစ်သီးဝလံများကို ထွက်ပေါ်လာစေတော်မူသကဲ့သို့လည်းကောင်း၊ မိခင်၏ဝမ်းဗိုက်အတွင်း၌ သုက်ရည်စက်မှ သန္ဓေသားကို ဖန်ဆင်းတော်မူသကဲ့သို့လည်းကောင်း၊ အရှင်မြတ်သည် လူသေများကို တဖန်ပြန်လည်ရှင်စေတော်မူပြီး ကိယာမသ်နေ့တွင် အစားပေးရန်အတွက် ၎င်းတို့ကို မိမိတို့၏သင်္ချိုင်းတွင်းမှ ပြန်လည်ထစေရန် စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူသည်။ အလ္လာဟ်အရှင်မြတ်သည် အရာရာတိုင်းကို တတ်စွမ်းနိုင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူသည်။ မတရားကျူးလွန်သူနှင့် ကျူးလွန်ခံရသူတို့၏ ဘဝသက်တမ်းသည် မည်သည့်စာရင်းစစ်ဆေးမှု၊ အစားပေးမှုမျှမရှိဘဲ ကုန်ဆုံးသွားခြင်းသည် လွန်စွာမတရားမှုပင်ဖြစ်ပေသည်။
လူသားတစ်ဦးအနေဖြင့် အဘယ်ကြောင့် အခြားသောသာသနာများမဟုတ်ဘဲ အစ္စလာမ်သာသနာကိုသာ လက်ခံရမည်နည်းဟု မေးခွန်းထုတ်ကောင်း ထုတ်နိုင်ပေသည်။
လူသားကို အခြားဖန်ဆင်းခံသတ္တဝါများနှင့်ယှဉ်လျှင် အကြီးမားဆုံး ခြားနားစေသည့်အရာမှာ အသိဉာဏ်ပင်ဖြစ်သည်။ ၎င်း၏လုပ်ဆောင်ချက်မှာ စဉ်းစားတွေးခေါ်မှုနှင့် တကယ့်အမှန်တရားများကို ရှာဖွေခြင်းဖြစ်သည်။
အစ္စလာမ်သည် မှန်ကန်သောအသိဉာဏ်၊ ဖြောင့်မတ်သော လူ့ဗီဇတို့နှင့် ကိုက်ညီမှုရှိသော သာသနာဖြစ်သည်။ ၎င်းသည် "ကျွန်တော်တို့ ဤလောကတွင် အဘယ်ကြောင့် ရှိနေသနည်း။ ကျွန်တော်တို့ဘဝ၏ ရည်ရွယ်ချက်ပန်းတိုင်ကား အဘယ်နည်း။ သေဆုံးပြီးနောက် ရောက်ရှိမည့် အဆုံးသတ်ကား အဘယ်နည်း။" အစရှိသည့် ကြီးမားလှသော ဘဝဖြစ်တည်မှုဆိုင်ရာ မေးခွန်းများအတွက် ယုတ္တိတန်သော အဖြေများကို ပေးစွမ်းနိုင်ပေသည်။
အစ္စလာမ်သာသနာသည် ဖန်ဆင်းတော်မူသောအရှင်မြတ်တစ်ဆူတည်းကိုသာ ခဝပ်ကိုးကွယ်ခြင်းနှင့် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်း သက်သေခံခြင်းအပေါ်တွင် အခြေခံတည်ရှိပေသည်။ ဤသည်မှာ ပထမဆုံးသော သက်သေခံခြင်းဖြစ်ပြီး၊ အစ္စလာမ်တွင် သက်ဝင်ယုံကြည်မှု၏ အခြေခံအုတ်မြစ်လည်း ဖြစ်ပေသည်။ ၎င်း၏အဓိပ္ပါယ်မှာ အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းမှအပ မှန်ကန်သည့် ခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်သူဟူ၍ မရှိကြောင်းပင် ဖြစ်သည်။
ဤသက်သေခံခြင်းတွင် အောက်ပါအချက်များ ပါဝင်သည်။
သောင်ဟီးဒ်။ ၎င်း၏ အလိုသဘောမှာ ခဝပ်ကိုးကွယ်ခြင်းကိုခံထိုက်တော်မူသော ကိုးကွယ်ရာအရှင် တစ်ဆူတည်းသာရှိပြီး၊ ထိုအရှင်မြတ်နှင့် ဖက်စပ်ယှဉ်တွဲကိုးကွယ်ရာအရှင်ဟူ၍ အလျဉ်းမရှိကြောင်း၊ ထိုအရှင်မြတ်၌ သားသမီး အလျဉ်းမရှိကြောင်းနှင့် ထိုအရှင်မြတ်နှင့် ပမာတူသူဟူ၍ အလျဉ်းမရှိကြောင်း သက်ဝင်ယုံကြည်ခြင်းဖြစ်သည်။
ရှိရ်က် ( ဖက်စပ်ယှဉ်တွဲကိုးကွယ်ခြင်း ) မှ ကင်းရှင်းခြင်း- ဆိုလိုသည်မှာ လူသားတို့ ဖန်တီးပြုလုပ်ထားသော ရုပ်တုဆင်းတုများနှင့် ကိုးကွယ်ခံများအားလုံးကို ငြင်းပယ်ခြင်းဖြစ်သည်။
အစ္စလာမ်သာသနာသည် ရစူလ်တမန်တော်များအားလုံးကို ယုံကြည်ရန် သတ်မှတ်ထားပေသည်။ သို့ဖြစ်၍ ကုရ်အာန်ကျမ်းတော်မြတ်တွင် အလ္လာဟ်အရှင်မြတ် ဖော်ပြမိန့်ကြားထားတော်မူသည့်အတိုင်း မွတ်စ်လင်မ်တို့သည် အီစာ(ယေရှု)အား အလ္လာဟ်အရှင်မြတ်၏ အစေတော်နှင့် တမန်တော်အဖြစ် ယုံကြည်ကြပါသည်။ အီစာ(ယေရှု)သည် အလ္လာဟ်အရှင်မြတ်၏ သားတော်အလျင်းမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် မြင့်မားကြီးကျယ်လှတော်မူသော အလ္လာဟ်အရှင်မြတ်တွင် ဇနီးမယားရှိခြင်းနှင့် သားသမီးရှိခြင်းသည် မဖြစ်တန်မအပ်စပ်ရာတည်း။ အရှင်မြတ်သည် ၎င်းတို့နှင့်တကွ အခြားသောအရာခပ်သိမ်းတို့မှ လိုလားတောင့်တခြင်းကင်းမဲ့တော်မူသောအရှင် ဖြစ်တော်မူသည်။ ထို့ပြင် ကုရ်အာန်ကျမ်းတော်မြတ်တွင် အီစာ(ယေရှု)သည် နဗီတမန်တော်တစ်ပါးဖြစ်ကြောင်း၊ အလ္လာဟ်အရှင်မြတ်သည် သူ့အား တမန်တော်ဖြစ်ခြင်း၏ များစွာသော အံ့ဖွယ်တန်ခိုးတော်များကို ချီးမြှင့်တော်မူခဲ့ကြောင်း၊ မိမိ၏နောက်လိုက်သားချင်းများကို အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းကိုသာ ဖက်စပ်ယှဉ်တွဲမှုမပါဘဲ ခဝပ်ကိုးကွယ်မှုပြုရန် ဖိတ်ခေါ်လမ်းညွှန်ဖို့ အရှင်မြတ်က သူ့အား စေလွှတ်ခဲ့ကြောင်း၊ အီစာ(ယေရှု)သည် သူ့ကိုကိုးကွယ်ဖို့ လူတို့ကို မတောင်းဆိုခဲ့ကြောင်းနှင့် သူကိုယ်တိုင် မိမိ၏ဖန်ဆင်းရှင်ကိုသာ ခဝပ်ကိုးကွယ်ခဲ့ကြောင်း ဖော်ပြမိန့်ကြားထားတော်မူပေသည်။ သို့ဖြစ်၍ သင်သည် အလ္လာဟ်အရှင်မြတ် နှစ်သက်မြတ်နိုးတော်မူသည့် အမှန်တရားအတိုင်း အီစာ(ယေရှု)ကို ယုံကြည်သူ မုအ်မင်န်တစ်ဦး ဖြစ်လိုပါက အစ္စလာမ်သာသနာသို့ ဝင်ရောက်ရန် တာဝန်ရှိပေသည်။
ထို့ပြင် တမန်တော်အီစာ(ယေရှု)သည် မိမိအမျိုးသားတို့အား အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ကြရန် အမိန့်ပေးခဲ့ပြီး တွဲဖက်ကိုးကွယ်ခြင်း (ရှစ်ရ်က်) မှ ၎င်းတို့အား သတိပေးခဲ့ကြောင်းကို ကုရ်အာန်ကျမ်းတော်မြတ်၌ အလ္လာဟ်အရှင်မြတ်က ကျွန်ုပ်တို့ကိုအသိပေးမိန့်ကြားတော်မူခဲ့သည်။
အသိဉာဏ်ရှိသူသည် ဆာလောင်မွတ် သိပ်ခြင်းနှင့် ရေငတ်ခြင်းတို့ကို ခံစားရပြီး၊ မိမိကိုယ်ကို သေခြင်းတရား (သို့မဟုတ်) ဘေးအန္တရာယ်မှ ကာကွယ်နိုင်စွမ်းမရှိသည့် မိမိကဲ့သို့ အဖန်ဆင်းခံကို ကိုးကွယ်ရန် ယုတ္တိတန်ပါသလော။ အို လူသား၊ မရ်ယမ်၏သား တမန်တော်အီစာ(ယေရှု)သည် အစားအသောက် လိုအပ်ချက်ရှိပြီး မိမိအားဖန်ဆင်းသော အရှင်မြတ်ထံသို့ ဝတ်ပြုဆုတောင်းလေ့ရှိသည့် လူသားတစ်ဦးသာဖြစ်ပါလျက် အသင်သည် ၎င်းအား မည်သို့ခဝပ်ကိုးကွယ်မည်နည်း။ ကိုးကွယ်ရာအရှင်သည် မိမိကိုယ်ကို ပြန်လည်ဝတ်ပြုဆုတောင်းသည်ဟု အသိဉာဏ်က တွေးတောလက်ခံနိုင်ပါသလော။ အလ္လာဟ်အရှင်မြတ်သည် ကြီးကျယ်မြင့်မြတ်သည့် ဂုဏ်တော်များနှင့်ပြည့်စုံပြီး တုဖက်ယှဉ်ဖက်မပါဘဲ ပြီးပြည့်စုံသည့်အရှင်၊ အလားတူတူညီခြင်းများမှ ကင်းစင်တော်မူသောအရှင် မဟုတ်ပါလော။ လောကစကြဝဠာအပေါင်းရှိ အရာခပ်သိမ်းတို့သည်လည်း ထိုအရှင်မြတ်၏ တန်ခိုးအာဏာတော်အောက်တွင်သာ ရှိသည်မဟုတ်ပါလော။ မိုးနှင့်မြေကို ဖန်ဆင်းတော်မူသောအရှင်သည် ကလေးငယ်တစ်ဦးအဖြစ် မွေးဖွားခံရန် အဆင့်နှိမ့်ချပြီးနောက် မိမိအားလက်ဝါးကပ်တိုင်တင်ကွပ်မျက်စေရန် မိမိ၏အဖန်ဆင်းခံများထံ မိမိကိုယ်ကို ပေးအပ်မည်ဆိုသည်ကို မည်သို့လက်ခံနိုင်မည်နည်း။ အမှန်တကယ် လက်ဝါးကပ်တိုင်တင်ကွပ်မျက်ခံရပြီး သတ်ဖြတ်ခံရသူများမှာ သေကျေပျက်စီးရမည့် လူသားများသာဖြစ်သည်။ ဖန်ဆင်းရှင်မှာမူ သေဆုံးခြင်းမရှိဘဲ အမြဲရှင်သန်တော်မူသောအရှင်၊ ငိုက်မျဉ်းခြင်းနှင့် အိပ်စက်ခြင်းမရှိဘဲ အရာခပ်သိမ်းကို ထိန်းသိမ်းစောင့်ရှောက်တော်မူသောအရှင်ဖြစ်သည်။ ဤကဲ့သို့သော အရာများမှ ကင်းစင်တော်မူခြင်းသည် ထိုအရှင်မြတ်၏ ကြီးကျယ်မြင့်မြတ်လှသည့် ပြီးပြည့်စုံမှုပင် မဟုတ်ပါလော။
အလ္လာဟ်အရှင်မြတ်က ကျမ်းတော်မြတ်ကုရ်အာန်တွင် ရစူလ်တမန်တော်များအားလုံးသည် သတင်းစကားတစ်ခုတည်းကိုသာ ယူဆောင်လာခဲ့ကြကြောင်း ကျွန်ုပ်တို့အား အသိပေးမိန့်ကြားထားပြီး၊ ၎င်းမှာ မိမိတို့၏ လူမျိုးများအား ‘တစ်ဆူတည်းဖြစ်တော်မူသော၊ တုဖက်နှိုင်းယှဉ်ခြင်းကင်းတော်မူသော အလ္လာဟ်အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ရန် ဖိတ်ခေါ်ခြင်း’ ပင်ဖြစ်သည်။ သို့သော်လည်း ခေတ်ကာလများကြာညောင်းလာသည်နှင့်အမျှ လူအချို့သည် ဤထာဝရတည်တံ့သော သတင်းစကားကို ပုံဖျက်လွဲမှားစေခဲ့ကြပြီး၊ နဗီတမန်တော်များ ယူဆောင်လာခဲ့သော အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ခြင်းဟူသည့် အလင်းရောင်ကို မှေးမှိန်အောင်ပြုလုပ်ခဲ့ကြသည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်သည် နောက်ဆုံး ရစူလ်တမန်တော်အဖြစ် တမန်တော် မုဟမ္မဒ် (صلى الله عليه وسلم) ကို စေလွှတ်တော်မူခဲ့ပြီး၊ ယခင်လွန်လေပြီးသော ရစူလ်တမန်တော်များအားလုံး ယူဆောင်လာခဲ့သည့် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ခြင်းဟူသော သတင်းစကားကို အသစ်တစ်ဖန် ပြန်လည်ဖော်ထုတ်ရှင်သန်စေရန်အတွက် ထိုတမန်တော်မြတ်အပေါ် ကုရ်အာန်ကျမ်းတော်မြတ်ကို ချပေးသနားတော်မူခဲ့သည်။
နိဂုံးချုပ်အနေဖြင့် အို လူသား၊ သင့်ကို ကျွန်တော်တို့ ပြောလိုသည်မှာ-
အစ္စလာမ်သည် လူ့အသိဉာဏ်နှင့် လူ့ဗီဇ၏ သာသနာဖြစ်သည်။ ၎င်းသည် ကြီးကျယ်မြင့်မြတ်သော ဖန်ဆင်းရှင်က လူသားမျိုးနွယ်အတွက် ပြဌာန်းထားတော်မူသော တစ်ခုတည်းသော သာသနာဖြစ်သည်။ သို့ပါ၍ အသိဉာဏ်ရှိသော လူသားတိုင်းသည် အချိန်ဆွဲတုံ့ဆိုင်းမနေဘဲ အစ္စလာမ်သာသနာသို့ ဝင်ရောက်ရမည်။ ထိုသို့ဝင်ရောက်ရာတွင် အလ္လာဟ်အရှင်မြတ်ကို ဖန်ဆင်းရှင်အဖြစ် သက်ဝင်ယုံကြည်ရမည်။ အစ္စလာမ်ကို သာသနာအဖြစ် လက်ခံယုံကြည်ရမည်။ တမန်တော်မုဟမ္မဒ်ကို (နောက်ဆုံး)ရစူလ်တမန်တော်အဖြစ် ယုံကြည်ရပေမည်။ ဤတွင် လူသားအတွက် အမိန့်တော်ကို နာခံခြင်းသာရှိပြီး ရွေးချယ်စရာမရှိပေ။ အကြောင်းမူကား ရှင်ပြန်ထမြောက်ရမည့်ကမ္ဘာ့တရားခွင်နေ့တွင် အလ္လာဟ်အရှင်မြတ်သည် ရစူလ်တမန်တော်များ (၏ လမ်းညွှန်ပြသခဲ့မှု) ကို အဘယ်ကဲ့သို့တုန့်ပြန်ခဲ့သည်၊လိုက်နာခဲ့သည်နှင့်ပတ်သက်၍ မေးမြန်းတော်မူလိမ့်မည်။ ယုံကြည်သူအတွက် အနှိုင်းမဲ့အောင်မြင်မှုနှင့်ကြီးမားသောဆုလာဘ်တို့ရှိလိမ့်မည်။ မယုံကြည်ငြင်းဆန်ဖောက်ပြားသူအတွက် အလွန်ထင်ရှားကြီးကျယ်သောဆုံးရှုံးခြင်းတို့ရှိလိမ့်မည်။
အကယ်၍ သင်သည် လောကီဘဝ၌ စစ်မှန်သောပျော်ရွှင်မှုနှင့် နောင်တမလွန်ဘဝတွင် အောင်မြင်မှုကို ရှာဖွေနေပါက၊ သင့်ဘဝတွင် ချမှတ်နိုင်သည့် အကြီးမားဆုံးသော ဆုံးဖြတ်ချက်မှာ အစ္စလာမ်သာသနာထဲသို့ ဝင်ရောက်ခြင်းပင်ဖြစ်ကြောင်း သင်သိနားလည်ထားရမည်။ သင့်အနေဖြင့် စစ်မှန်သောယုံကြည်သည့် စိတ်နှလုံးဖြင့် “အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခံထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်ကြောင်းကို ကျွန်တော်မျိုးသက်သေခံအပ်ပါ၏” ဟူသောစကားရပ်များကို ဝန်ခံရွတ်ဆိုရန်သာ လိုအပ်ပါသည်။ ထို့နောက်မှာတော့ အသင်သည် အစ္စလာမ်သာသနာ၏ သွန်သင်ချက်များကို လေ့လာသင်ယူဆည်းပူးရမည်ဖြစ်ပြီး၊ အဆိုပါ (ရှဟာဒသ်) သက်သေခံချက်များက တောင်းဆိုထားသည့် အလ္လာဟ်အရှင်မြတ်နှင့် ၎င်း၏ရစူလ်တမန်တော်အား သက်ဝင်ယုံကြည်ခြင်းနှင့် အစ္စလာမ်သာသနာ၏ မဏ္ဍိုင်ကြီးများကို လိုက်နာကျင့်ဆောင်ခြင်းတို့ကို စတင်လုပ်ဆောင်ရမည်ဖြစ်သည်။
ယခုပင် ရွတ်ဆိုလိုက်ပါ၊ တွေဝေမနေပါနှင့်။ သေခြင်းတရားသည် ရုတ်တရက် ရောက်လာနိုင်သည့်အတွက် ဤမျှအရေးကြီးသော ဆုံးဖြတ်ချက်ချဖို့ တုံ့ဆိုင်းမနေပါနဲ့မိတ်ဆွေ။ ကောင်းမြတ်သောအရာမှ သင့်ကို တားဆီးရန် ရှိုင်သွာန်မိစ္ဆာကို အခွင့်အရေး မပေးလိုက်ပါနှင့်။ ရဲရင့်သူတစ်ဦးဖြစ်လိုက်ပါ၊ ထို့နောက် အလင်းရောင်နှင့် တရားလမ်းမှန်ဆီသို့ သင့်ခြေလှမ်းကို စတင်လိုက်ပါ။
ယခုပင် အသင်၏ ဆုံးဖြတ်ချက်ကို ချပါ၊ စိတ်အေးချမ်းမှုနှင့် ကျေနပ်ရောင့်ရဲမှုတို့ ပြည့်ဝနေသော ဘဝသစ်တစ်ခုကို စတင်ပါ။
"အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို ကျွန်တော်မျိုး သက်သေခံအပ်ပါသည်။"
Related books
All books
ကျွန်ုပ်ကို မည်သူဖန်ဆင်းခဲ့သနည်း။ အဘယ့်ကြောင့်ဖန်ဆင်းပါသနည်း။75 languagesကျွန်ုပ်ကို မည်သူဖန်ဆင်းခဲ့သနည်း။ အဘယ့်ကြောင့်ဖန်ဆင်းပါသနည်း။
ဖန်းဆင်းရှင်ရှိကြောင်း အရာရာတိုင်းက ညွှန်ပြနေသည်။ မိုးကောင်းကင်များ၊ မြေပထဝီနှင့် မိုးနှင့်မြေကြားတွင်ရှိသည့် လွှမ်းခြုံ၍ မသိနိုင်လောက်အောင် ကြီးမားလှသော အဖန်ဆင်းခံများကို မည်သူဖန်ဆင်းခဲ့သနည်း။ မိုးကောင်းကင်နှင့် မြေပထဝီ၌ရှိသော တိကျခိုင်မာလှသည့်စနစ်ကို မည်သူဖန်တီးခဲ့ပါသနည်း။ လူသားကို မည်သူကဖန်ဆင်းပြီး ကြားခြင်း၊ မြင်ခြင်း၊ အသိဉာဏ်တို့ကို ချီးမြှင့်ထားပါသနည်း။ ထို့ပြင် လူသားအား အသိပညာများကို လေ့လာရှာဖွေပြီး အရှိတရားများကို နားလည်နိုင်စွမ်းရှိအောင် မည်သူကပြုလုပ်ပေးထားပါသနည်း။ သင့်ခန္ဓာကိုယ်နှင့် သက်ရှိသတ္တဝါတို့၏ ခန္ဓာကိုယ်များတွင်ရှိသော တိကျလှသည့် စနစ်များကို သင်မည်ကဲ့သို့…
الإسلام دين رب العالمين
အစ္စလာမ်သည်ပွင့်လေသမျှသော ရစူလ်တမန်တော်အပေါင်း၏ သာသနာ ဖြစ်သည်။85 languagesအစ္စလာမ်သည်ပွင့်လေသမျှသော ရစူလ်တမန်တော်အပေါင်း၏ သာသနာ ဖြစ်သည်။
အစ္စလာမ်ဟူသည် လောကစကြာဝဠာအပေါင်းကို ဖန်ဆင်းတော်မူသော စီမံခန့်ခွဲတော်မူသော အလ္လာဟ်အရှင်တစ်ပါးတည်းထံသို့ယုံကြည်အပ်နှင်းခြင်းနှင့် ထိုအရှင်၏ကြီးကျယ်မြင့်မြတ်မှုကို နှလုံးသွင်းကာ ချစ်မြတ်နိုးခြင်းအတိဖြင့်နာခံသစ္စာပြုခြင်းဖြစ်သည်။ အစ္စလာမ်၏အဓိကပင်မအုတ်မြစ်မှာ-အလ္လာဟ်အရှင်မြတ်ကို သက်ဝင် ယုံကြည်ခြင်း၊ အရှင်မြတ်သည်သာ အရာခပ်သိမ်းကို ဖန်ဆင်းတော်မူပြီး အလ္လာဟ်မှအပအခြားသောခပ်သိမ်းကုန်သည် ဖန်ဆင်းခံများသာဖြစ်ကြောင်း သက်ဝင်ယုံကြည်ခြင်းဖြစ်သည်။အရှင်မြတ်တစ်ပါးတည်းသာ ခပ်ဝပ်ကိုးကွယ်ဆည်းကပ်မှုအစုစုကို အကြွင်းမဲ့ခံထိုက်တော်မူသည်။ ထိုအရှင်နှင့်တုဖက်ယှဉ်ဖက်ဟူ၍အလျှင်းမရှိပေ။…
အစ္စလာမ်သာသနာတော်နှင့် ပတ်သက်၍ ကျမ်းတော်မြတ်ကုရ်အာန်နှင့်တမန်တော်မြတ်၏သြဝါဒတော်၌ လာရှိသည့်အတိုင်းအကျဥ်းချုပ်ဖော်ပြခြင်း။71 languagesအစ္စလာမ်သာသနာတော်နှင့် ပတ်သက်၍ ကျမ်းတော်မြတ်ကုရ်အာန်နှင့်တမန်တော်မြတ်၏သြဝါဒတော်၌ လာရှိသည့်အတိုင်းအကျဥ်းချုပ်ဖော်ပြခြင်း။
အစ္စလာမ်သာသနာတော် စာအုပ်တစ်အုပ်ဖြစ်သည်။ အစ္စလာမ်သာသနာတော်၏ မူလအရင်းမြစ်များဖြစ်သည့် ကျမ်းမြတ် ကုရ်အာန်နှင့် တမန်တော်မြတ်(ﷺ)၏စွန္နဟ်လမ်းစဉ်တို့မှ အစ္စလာမ်၏အခြေအမြစ်များ၊ သင်ကြား ပို့ချမှုများနှင့် အလှတရားများကို ရှင်းလင်းစွာတင်ပြထားပေသည်။ ထို့ပြင်ဤစာအုပ်သည် အချိန် တိုင်း နေရာတိုင်းနှင့် မတူညီသောအခြေအနေအရပ်ရပ်တွင်ရှိနေသည့် အမိန့်နာခံရန်တာဝန်ရှိသော မွတ်စ်လင်မ်များနှင့် မွတ်စ်လင်မ်မဟုတ်သူများအတွက် ၎င်းတို့၏ဘာသာစကားအသီးသီးဖြင့် လမ်းညွှန်ထားသောစာအုပ်ဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန်နှင့် တမန်တော်မြတ်၏စွန္နဟ်အထောက်အထားများပါဝင်သည့်စာအုပ် အစ္စလာမ်သာသနာတော်သည် လူသားအားလုံးထံပို့ဆောင်သည့် အလ္လာဟ်အရှင်မြတ်၏…