ဟဂ်ျပြုလုပ်နည်း အကျဉ်းချုပ်
ချီးမွမ်းထောမနာပြုချင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်တော်မူ၏။ ကျွန်ုပ်တို့၏ နဗီတမန်တော်မုဟမ္မဒ်နှင့်ကိုယ်တော် ၏အိမ်တော်သူအိမ်တော်သားများ၊ သာဝကများအားလုံးအပေါ်သို့ အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ကောင်းချီးမင်္ဂလာအ ပေါင်းနှင့်ငြိမ်းချမ်းသာယာမှုပေါင်းကျရောက်ပါစေ။ ၎င်းနောက် - ဤစာအုပ်သည် ဟဂ်ျပြုနည်းအကျဉ်း ချုပ်ဖြစ်ပြီး ကျွန်တော့်အနေဖြင့် ဤစာအုပ်တွင် ဟဂ်ျပြုလုပ်မည့်သူတစ်ဦးအတွက် အဓိကလိုအပ်သော အချက်များကို ရှင်းလင်းတင်ပြထားပါသည်။ ကျွန်တော်မျိုးသည် အလ္လာဟ်အရှင်မြတ်ထံတော်၌ ဤရေးသားမှုကို အရှင်မြတ်နှစ်သက်မှုအတွက်သာ ဖြစ်စေရန်နှင့် ၎င်းအားအကြောင်းခံပြီး မွတ်စ်လင်မ်များအား အကျိုးဖြစ်ထွန်းစေရန်…
ဟဂ်ျပြုလုပ်နည်း အကျဉ်းချုပ် ချီးမွမ်းထောမနာပြုချင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်တော်မူ၏။ ကျွန်ုပ်တို့၏ နဗီတမန်တော်မုဟမ္မဒ်နှင့်ကိုယ်တော် ၏အိမ်တော်သူအိမ်တော်သားများ၊ သာဝကများအားလုံးအပေါ်သို့ အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ကောင်းချီးမင်္ဂလာအ ပေါင်းနှင့်ငြိမ်းချမ်းသာယာမှုပေါင်းကျရောက်ပါစေ။
၎င်းနောက် -
ဤစာအုပ်သည် ဟဂ်ျပြုနည်းအကျဉ်း ချုပ်ဖြစ်ပြီး ကျွန်တော့်အနေဖြင့် ဤစာအုပ်တွင် ဟဂ်ျပြုလုပ်မည့်သူတစ်ဦးအတွက် အဓိကလိုအပ်သော အချက်များကို ရှင်းလင်းတင်ပြထားပါသည်။
ကျွန်တော်မျိုးသည် အလ္လာဟ်အရှင်မြတ်ထံတော်၌ ဤရေးသားမှုကို အရှင်မြတ်နှစ်သက်မှုအတွက်သာ ဖြစ်စေရန်နှင့် ၎င်းအားအကြောင်းခံပြီး မွတ်စ်လင်မ်များအား အကျိုးဖြစ်ထွန်းစေရန် ဆုတောင်းပတ္တနာပြုပါသည်။
ဘာသာစကားအမျိုးမျိုးဖြင့် အစ္စလာမ့်အကြောင်းအရာများကို ဝန်ဆောင်မှု ပေးသောအသင်း၏ ပညာရေးကော်မတီ
စကားချီး
အိဗာဒသ်များ လက်ခံခြင်းခံရရန် လိုအပ်သည့် စည်းကမ်းချက်များ
အိဗာဒသ် ခဝပ်ကိုးကွယ်မှုပြုခြင်းသည် စည်းကမ်းချက်နှစ်ရပ်နှင့် မပြည့်စုံပါက အလ္လာဟ်အရှင်မြတ်ထံတော်၌ လက်ခံခြင်းရမည်မဟုတ်ပေ။
ပထမအချက် - အိခ်လာဆ်ွရှိခြင်း။ အိခ်လာဆ်ွဟူသည် အလ္လာဟ်အရှင်မြတ် ၏ကျေနပ်နှစ်သက်မှုနှင့် နောင်တမလွန်တွင်ရရှိမည့် အကျိုးကုသိုလ်ကို မျှော် ကိုးခြင်းဖြစ် သည်။ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။ (စင်စစ်သော်ကား ထိုသူတို့သည် ဆည်းကပ်ကိုး ကွယ်မှုကို အလ္လာဟ်အရှင်မြတ်အားသာလျှင် ရည်စူး၍ သန့်သန့်ပြုကြလျက် အာရုံစူးစိုက်ကာ ထိုအရှင်မြတ်အား ကိုးကွယ်ဆည်း ကပ်ကြရန်လည်းကောင်း၊ ဆွလာသ်ဝတ်ပြုမှုကို ဆောက်တည်ကြရန်လည်းကောင်း၊ ဇကာသ်ပေးဆောင်ကြရန်လည်းကောင်း၊ အမိန့်ပေးတော်မူခြင်းကို ခံခဲ့ကြရသည်မှတစ်ပါး အခြားတစ်စုံ တစ်ရာကိုမျှ အမိန့်ပေးတော်မူခြင်း ခံခဲ့ကြရသည်မဟုတ်ပေ။ အမှန်သော် ကား ဤသည်သာလျှင် မှန်ကန်သူတို့၏ လမ်းစဥ်တည်း။) (၁) (စူရဟ် ဗိုင်ယိနဟ်၊ အာယသ် : ၅) (၁) ဆိုလိုသည်မှာ - ထိုအရှင်မြတ်နှင့် အရှင်မြတ်၏ အိဗာဒသ်ဘက်သို့ ပြန်လည် ဦးလည့်သူများအဖြစ်၊ ထိုအရှင်မြတ်မှအပ အခြားအရာများကို ကျောခိုင်းသူများအဖြစ် ကြည့် - သဖ်စီရ် စအ်ဒီကျမ်း (စာမျက်နာ ၅၃၈)
တမန်တော်မြတ်(ﷺ) မိန့်ကြားတော်မူခဲ့သည်။ ဧကန်အမှန်ပင် အမလ်လုပ် ဆောင်ချက်များသည် ရည်စူးချက်များအပေါ်တွင် မူတည်သည်။ လူတိုင်းသည် မိမိရည်စူးခဲ့သည့်အရာကိုသာ ရရှိမည်ဖြစ်သည်။ (၂) (၂) ဗုခါရီကျမ်း၊ ဟဒီးဆ်အမှတ် (၁) / မွတ်စ်လင်မ်ကျမ်း၊ ဟဒီးဆ်အမှတ် (၁၉၀၇)
ဒုတိယအချက် - အိဗာဒသ်ပြုလုပ်ရာတွင် အပြော အဆို၌ဖြစ်စေ၊ လုပ်ဆောင်ချက်၌ဖြစ်စေ တမန်တော်မြတ်(ﷺ)၏နောက်လိုက်မှုပြုခြင်းဖြစ်သည်။ တမန်တော်မြတ် (ﷺ) မိန့်ကြားတော်မူသည်။ မည်သူမဆို ကျွန်ုပ်တို့၏ ဤသာသနာတော်၌ မပါရှိသည့်အရာကို တီထွင်ဖန်တီးခဲ့လျှင် ထိုအရာသည် ပယ်ချခြင်းခံရမည်ဖြစ်သည်။ (၃) အခြားဆင့်ပြန်ချက်တစ်ရပ်တွင် လာရှိသည်မှာ - အကြင်သူသည် မည်သည့်အမလ်ကောင်းမှုကိုမဆို ပြုလုပ်ရာတွင် ငါတမန်တော်၏ အမိန့်မပါရှိခဲ့လျှင် ထိုအရာသည် ပယ်ချခြင်းခံရမည်ဖြစ်သည်။(၄) (၃) ဗုခါရီကျမ်း၊ ဟဒီးဆ်အမှတ် ( ၂၆၉၇) / မွတ်စ်လင်မ်ကျမ်း၊ ဟဒီးဆ်အမှတ် (၁၇၁၈) (၄) မွတ်စ်လင်မ်ကျမ်း၊ ဟဒီးဆ်အမှတ် (၁၇၁၈)
***
ပထမ - မီကားသ် (သတ်မှတ်နယ်နိမိတ်များ)၏ အမိန့်ပညတ်ချက်များ
မဝါကီးသ်ဟူသည် - ဟဂ်ျနှင့် အွမ်ရာပြုလုပ်ရန် ရည်ရွယ်သူအတွက် အိဟ်ရာမ်ပြုလုပ်ရန် တမန်တော်မြတ်(ﷺ)က သတ်မှတ်တော်မူခဲ့သည့် နေရာများဖြစ်သည်။
မည်သူမဆို ဟဂ်ျနှင့်အွမ်ရာပြုလုပ်ရန်ရည်ရွယ်ချက်ဖြင့် ထိုနယ်နိမိတ်များအနက်မှ တစ်ခုကိုဖြတ်သန်းလာပါက ထိုနေရာတွင် အိဟ်ရာမ်ပြုလုပ်ရန် ဝါဂျိဗ်ဖြစ်သည်။ အိဟ်ရာမ်မပြုဘဲ ထိုနေရာမှကျော်ဖြတ်ခွင့်မရှိပါ။
မည်သူမဆို ထိုမီကာသ် နယ်နိမိတ်များထက် မက္ကဟ်မြို့နှင့် ပိုနီးသောနေရာတွင် ရှိပါက ၎င်းရှိနေသည့်နေရာသည် ၎င်းအတွက် မီကာသ်ပင်ဖြစ်သည်။ ထိုနေရာမှပင် ဟဂ်ျနှင့်အွမ်ရာအတွက် အိဟ်ရာမ်ပြုရမည်။
မက္ကဟ်မြို့သားများနှင့် မက္ကဟ်မြို့တွင် အိကာမဟ် (တရားဝင်နေထိုင်) သူများသည် ဟဂ်ျအတွက် အိဟ်ရာမ်ကို မက္ကဟ်၌ပင်ပြုလုပ်ရမည်။ သို့သော် အွမ်ရာအတွက်မူ သန်အီးမ် သို့မဟုတ် အလားတူ ဟရမ်နယ်နိမိတ်ပြင်ပနေရာသို့ ထွက်၍ အိဟ်ရာမ်ပြုရမည်။
လေယာဉ်ဖြင့် လာသူသည် မီကာသ်နှင့် တစ်တန်းထဲဖြစ်ပါက အိဟ်ရာမ်၏ နီယသ်ပြုရမည်။ ထို့ကြောင့် လေယာဥ်သည် မီကာသ်နှင့် တစ်တန်းထဲ မဖြစ်မီ အိဟ်ရာဝတ်စုံအားကြိုတင်ဝတ်ဆင်ထားရမည်။ မီကာသ်နှင့် တစ်တန်းထဲဖြစ်သည့်အခါ ချက်ချင်းပင် အိဟ်ရာမ်၏ နိယသ်ပြုလိုက်ရမည်။ လေယာဉ် ကွင်း၌ လေယာဉ်ဆိုက်သည်အထိ နောက်ဆိုင်း၍နိယသ်ပြုခြင်း မပိုင်ပါ။ လေယာဉ်၏ မြန်နှုန်းကြောင့် သလ်ဗိယဟ်ဆိုရမည့်နေရာကို လွတ်သွားမည်ကိုစိုးရိမ်ပါက ဆင်ခြင်သည့်အနေဖြင့် မီကာသ်နှင့် တပြေးညီမဖြစ်မီအလျှင် သလ်ဗိယဟ်ဆိုနိုင်သည်။
ဒုတိယ - ဟဂ်ျအမျိုးအစားများနှင့် ၎င်းတို့၏ အမိန့်ပညတ် ချက်များ
ဟဂ်ျအမျိုးအစား ( ၃) မျိုးရှိသည်။ သမသ်သုအ်၊ အိဖ်ရာဒ် နှင့် ကိရာန် တို့ဖြစ်သည်။
ဟဂ်ျသမသ်သုအ်သည် ဟဂ်ျအမျိုးအစားများအနက် ဟဒီ (ကုရ်ဗာနီသားကောင်) မယူလာသူများအတွက် အကောင်းဆုံးဖြစ်သည်။ ဟဂ်ျသမသ်သုအ်ဟူသည် ဟဂ်ျ၏လများတွင် အွမ်ရာအတွက် အဟ်ရာမ်ပြုလုပ်ပြီး သွဝါဖ်နှင့် စအီပြုကာ အိဟ်ရာမ်မှ ထွက်ပြီးနောက် ထိုနှစ်မှာပင် ဟဂ်ျအတွက် အိဟ်ရာမ်ပြန်လုပ်ခြင်းဖြစ်သည်။
ဟဂ်ျအိဖ်ရာဒ်ဟူ သည် ဟဂျ်တစ်ခုတည်းအတွက် အိဟ်ရာမ်ပြုလုပ်ခြင်းဖြစ်သည်။ ဟဂ်ျအိဖ်ရာဒ် ပြုလုပ်သူသည် မက္ကဟ်သို့ရောက်သည့်အခါ သွဝါဖ်ကူဒူးမ် ပြုလုပ်ခြင်း စွန္နသ်ဖြစ်သည်။ ထို့နောက် ဟဂ်ျအတွက် စအီပြုလုပ်ရမည်။ ထို့နောက် ခေါင်းရိတ်ခြင်း (သို့ မဟုတ်) ဆံပင်ညှပ်ခြင်း၊ အိဟ်ရာမ်မှ ထွက်ခြင်း မပြုဘဲ အိဟ်ရာမ်၏ အခြေအနေ၌သာ ရှိနေရမည်။ အီးဒ်နေ့တွင် ဂျမ်ရသုလ်အက်ဗဟ်ကို ခဲပေါက်ပြီးမှသာ အိဟ်ရာမ်မှ ထွက်ရမည်။ အကယ်၍ ဟဂ်ျအတွက် စအီကို (သွဝါဖ် ကူဒူးမ်၏ နောက်တွင် မလုပ်ဘဲ) သွဝါးဖ် ဇိယာရသ်ပြုလုပ်ပြီးသည်အထိ နောက်ဆိုင်း ထားလျှင်လည်း ပြသနာမရှိပေ။
ကိရားန်ဟူသည် အွမ်ရာနှင့် ဟဂ်ျနှစ်ခုစလုံးအတွက် အိဟ်ရာမ်တစ်ခုတည်း ပြုလုပ်ခြင်းဖြစ်ပြီး အိဟ်ရာမ်ပြုသူသည် “လဗ်ဗိုင်းက အလ္လာဟုမ္မ အွမ်ရသန် ဝဟဂ်ျဂျန်”ဟု ဆိုရမည်။
ဟဂ်ျကိရားန်ပြုလုပ်သူ ဆောင်ရွက်ရမည့်ကိစ္စများသည် ဟဂ်ျအိဖ်ရာဒ်ပြုလုပ်သူ ဆောင်ရွက်ရမည့် ကိစ္စများနှင့် အတူတူပင်ဖြစ်သော်လည်း ဟဂ်ျကိရားန်ပြုလုပ်သူသည် ဟဒီ (ကုရ်ဗာနီသားကောင်) ယူ ဆောင်လာရန် ဝါဂျိဗ်ဖြစ်ပြီး၊ ဟဂ်ျအိဖ်ရာဒ်ပြုလုပ်သူသည် ဟဒီ သားကောင်ကို ယူဆောင်လာရန် မလိုအပ်ပေ။
တတိယ - အိဟ်ရာမ်ပြုလုပ်နည်းနှင့် ၎င်း၏ အမိန့်ပညတ်ချက်များ
အိဟ်ရာမ်ပြုလုပ်ရန်ရည်ရွယ်သူသည် အောက်ပါအချက်များကို ဆောင်ရွက်ရမည်။
(၁) ရေချိုးခြင်း။ အိဟ်ရာမ်အတွက် ရေချိုးခြင်းမှာ အမျိုးသား၊ အမျိုး သမီးအားလုံးအတွက် စွန္နသ် မုအက္ကဒဟ်ဖြစ်သည်။ ဓမ္မတာပေါ်နေသည့်အမျိုးသမီးနှင့် နိဖားစ် မီးဖွားပြီးနောက် သွေးဆင်းနေသော အမျိုးသမီးများအတွက်လည်း အိဟ်ရာမ်အတွက် ရေချိုးခြင်းမှာ စွန္နသ် မုအက္ကဒဟ် ဖြစ်သည်။
(၂) အမွှေးအကြိုင်သုတ်လိမ်းခြင်း၊ သစ်မွှေးဆီ သို့ မဟုတ် အခြားအဆီတစ်မျိုးကို မိမိ ၏ဦးခေါင်းနှင့် မုတ်ဆိတ်တွင် သုတ်လိမ်းနိုင်သည်။ အိဟ်ရာမ်ပြုပြီးနောက် ထိုအမွှေးရနံ့ ဆက်လက်ကျန်ရှိနေလျှင်လည်း ပြသနာမရှိပေ။ အမျိုး သမီးအတွက် အနံ့ပါသည့်အမွှေးအကြိုင်သုတ်လိမ်းခြင်း မပိုင်ပါ။ သူစိမ်းအ မျိုးသားများ ထိုအမွှေးရနံ့ကို မရစေရန်အတွက်ဖြစ် သည်။
(၃) အိဟ်ရာမ်ဝတ်စုံ ဝတ်ဆင်ခြင်း။ အိဟ်ရာမ်ဝတ်စုံမှာ အိဇားရ် (ခြုံထည်) နှင့် ရိဒါအ် (ပုဆိုး )ဖြစ် သည်။ ထိုအဝတ်စ နှစ်ခုစလုံးမှာ သန့် ပြန့်၍ အဖြူရောင်ဖြစ်ခြင်း သို့မဟုတ် အသစ်ဖြစ်ခြင်းသည် စွန္နသ်ဖြစ် သည်။ အမျိုး သမီးသည် လှပမှုကိုဖော်ပြခြင်းမပြုဘဲ မိမိနှစ်သက်ရာအဝတ်အစားဖြင့် အိဟ်ရာမ်ဝတ်ဆင်နိုင်သည်။ သို့သော် ‘နိကာဗ်’ မျက်နှာဖုံးနှင့် လက်အိတ်ဝတ်ဆင်ခြင်းကို ရှောင်ရမည်။ မိမိမျက်နှာနှင့် လက်နှစ်ဘက်အား အခြားအရာတစ်ခုခုဖြင့် ဖုံးအုပ်ရမည်။
(၄) ဖရဿ်ွ ဆွလာသ်ဖြစ်စေ၊ နဖိလ် ဆွလာသ်ဖြစ်စေ ဝတ် ပြုပြီးနောက် အိဟ်ရာမ်ဝတ်ဆင်ခြင်း။ သို့သော် ထိုသို့ပြု လုပ်ရန် ဝါဂျိဗ်တာဝန်မဟုတ်ပါ။
ထို့နောက် အွမ်ရာပြုလုပ်သူဖြစ်ပါက (لَبَّيْكَ اَللّٰهُمَّ عُمْرَةً) ဟူ၍လည်းကောင်း၊ ဟဂ်ျအိဖ်ရာဒ်ပြုလုပ်သူဖြစ်ပါက (لَبَّيْكَ اَللّٰهُمَّ حَجًّا) ဟူ၍လည်းကောင်း၊ ဟဂ်ျ ကိရာန်ပြုလုပ်သူဖြစ်ပါက (لَبَّيْكَ اَللّٰهُمَّ عُمْرَةً وَحَجًّا) ဟူ၍လည်းကောင်း ဆိုရမည်။
အိဟ်ရာမ်ပြုရန်ရည်ရွယ်သူသည် မိမိ၏အွမ်ရာကျင့်ဆောင်မှုကို ပြီးဆုံးအောင် ဆောင်ရွက်ခြင်းကို ဟန့်တားမည့် အ ကြောင်းတစ် စုံတစ်ရာ ရှိလာမည်ကို စိုးရိမ်ပါက၊ ၎င်းအနေဖြင့် အိဟ်ရာမ်ပြုသည့်အခါတွင် စည်းကမ်းချက် သတ်မှတ်ခွင့်ရှိသည်။ သို့ဖြစ်၍ ဤသို့ဆိုရမည်။ ( لَبَّيْكَ اَللّٰهُمَّ حَجًّا، وَإِنْ حَبَسَنِي حَابِسٌ فَمَحِلِّي حَيثُ حَبَسْتَنِي ) "လဗ်ဗိုင်းကလ္လာဟွမ္မ အွမ်ရသန် ဝအင်န် ဟဗစနီ ဟာဗိစွန် ဖမဟလ်လီ ဟိုင်စု ဟဗတ်စ်သနီ " အဓိပ္ပါယ် - အိုအလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး အွမ်ရာပြုရန် အသင့်ရောက်ရှိနေပါပြီ။ အကယ်၍ ကျွန်တော်မျိုးအား တစ် စုံတစ်ရာ အတားအဆီးက (အွမ်ရာမှ) ပိတ်ပင်တားဆီးလိုက်ပါက ကျွန်တော်မျိုးအိဟ်ရာမ်မှ ထွက်မည့်နေရာသည် အရှင်မြတ် ကျွန်တော်မျိုးအား တားဆီးလိုက်သည့်နေရာပင်ဖြစ်သည်။ ထိုသို့ သတ်မှတ်ချက်ပြုပြီးနောက် ၎င်း၏ အွမ်ရာကျင့်ဆောင်မှုကို ပြီးဆုံးအောင်ဆောင်ရွက်ခြင်းကို တားဆီးလိုက်သည့် ကိစ္စတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ၎င်းအနေဖြင့် အွမ်ရာမှ ထွက်လိုက်ရမည်ဖြစ်သည်။ ထိုသို့ ပြုလုပ်ခြင်းကြောင့် ၎င်းအပေါ်တွင် မည်သည့်အရာမျှ ပေးဆောင်ရန် တာဝန်မရှိပါ။
ထို့နောက် ( لَبَّيْكَ اللّٰهُمَّ لَبَّيْكَ، لَبَّيْكَ لا شَرِيْكَ لَكَ لَبَّيْكَ، إِنَّ الْحَمْدَ وَالنِّعْمَةَ لَكَ وَالْمُلْكَ، لا شَرِيْكَ لَكَ ) (၅)- လဗ်ဗိုက် အလ္လာဟွမ္မ လဗ်ဗိုက် လဗ်ဗိုက် လာရှရီက လက လဗ်ဗိုက် အင်န်နလ်ဟမ်ဒ ဝန်နိအ်မသ လက ဝလ်မွလ်က လာရှရီက လက - ဤသလ်ဗိယဟ်ကို များများဆိုရမည်။ အမျိုးသားသည် သလ်ဗိယဟ်ကို အသံကျယ်ကျယ်ဆိုရမည်။ ထို့အတူ အမျိုးသမီးများသည် သူစိမ်းအမျိုးသားများမရှိပါက အသံကျယ်ကျယ်ဆိုရမည်။ အိဟ်ရာမ်ပြုထားသူသည် အခြေ အနေ၊ အချိန်အခါများ ပြောင်းလဲသည့်အခါတိုင်း သလ်ဗီယဟ်ကို များမြောင်စွာ ရွတ်ဆိုရမည်။ ပမာအား ဖြင့် အမြင့်သို့ တက်သည့်အခါ၊ အနိမ့်သို့ ဆင်းသည့်အခါ၊ ည အချိန် ဝင်ရောက်သောအခါ နေ့အချိန် ဝင်ရောက်သောအခါများတွင် များမြောင်စွာ ရွတ် ဆိုသင့်သည်။ (၅) လူတစ်ဦးက ( لَبَّيْكَ) ‘လဗ်ဗိုက်’ဟူ၍ ဆိုခြင်း၏ အဓိပ္ပါယ်မှာ - လူသားသည် မိမိ၏ အရှင်အား အဖြေခြင်းနှင့် ထိုအရှင်၏ အမိန့်ကို နာခံခြင်ဖြစ်သည်။ (إِنَّ الْحَمْدَ وَالنِّعْمَةَ لَكَ وَالْمُلْكَ) (الْحَمْدَ) ‘အလ်ဟမ်ဒ်’ဟူသည် ချစ်ခြင်းမေတ္တာ၊ ဂုဏ်ပေးလေးစားမှုတို့နှင့်တကွ ချီး မွမ်းခံရသူအား ပြီးပြည့်စုံကြောင်း ဖော်ပြခြင်းဖြစ် သည်။ ဤသို့ထပ်ခါတလဲလဲ ဖော်ပြခြင်းဖြင့် ချီးမွမ်းထောမနာပြုခြင်း ဖြစ်သွားသည်။ (النِّعْمَة) နိအ်မသ် ဟူသည် အလိုရှိသောအရာကိုရရှိရန်နှင့် မကောင်း သောအရာကို ဖယ် ရှားရန်အတွက် အလ္လာဟ်အရှင်မြတ်မိမိ၏ကျေးကျွန်များအပေါ် ချီးမြှင့်တော်မူထားသောအရာဖြစ်သည်။ (الْمُلْك) ‘အလ်မွလ်က်’ ဟူသည် စိုးပိုင်ခြင်းဟူသမျှသည် အသင်အရှင်မြတ်အတွက်သာဖြစ် သည်။ မင်္ဂလာအပေါင်းနှင့် ပြည့် စုံတော်မူသော အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကသာ စိုးပိုင်တော်မူသောအရှင်ဖြစ် သည်။ (لا شَرِيْكَ لَكَ ) ‘လာရှရီက လက’ ဟူသည် စိုးပိုင်ခြင်း၊ ဖန်ဆင်းခြင်း၊ စီမံခန့်ခွဲခြင်းနှင့် ကိုးကွယ်ထိုက်ခြင်း၌ အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းဖြစ်တော်မူပြီး၊ အရှင်မြတ်နှင့်သာသက် ဆိုင်သည့် ပြီး ပြည့်စုံသော ဂုဏ်တော်များတွင် အရှင်မြတ်နှင့်အတူ မည်သူမျှ ဖက်စပ်ပါဝင်ခြင်းမရှိပါဟု ဆိုလိုခြင်းဖြစ်သည်။ မဂ်ျမူအွလ် ဖသာဝါ ဝရစာအိလ်ကျမ်း ( အတွဲ ၂၂ / စာမျက်နာ ၉၆) မှ အကျဉ်းချုပ်တင်ပြခြင်းဖြစ် သည်။
သလ်ဗိယဟ်ကို အွမ်ရာတွင် အိဟ်ရာမ်ပြု လုပ်သည့်အချိန်မှစ၍ သွဝါဖ်စတင်သည့်အချိန်ထိ၊ ဟဂ်ျတွင် အိဟ်ရာမ်ပြု လုပ်သည့်အချိန်မှစ၍ အီးဒ်နေ့တွင် ဂျမ်ရသုလ်အက်ဗဟ်ကိုခဲပေါက်သည့်အ ချိန်ထိ ရွတ်ဆိုခြင်းမှာ မွတ်စ်သဟဗ်ဖြစ်သည်။
အိဟ်ရာမ်ပြုထားသူသည် အိဟ်ရာမ်မှ မထွက်မခြင်း အိဟ်ရာမ်ပြုထားစဥ် မပြု လုပ်ရန် တားမြစ်ထားသော ကိစ္စများကို မလုပ်မိစေရန်သတိထားရှောင်ကြဥ်ရမည်။
စတုတ္ထ - အိဟ်ရာမ်ပြုထားစဉ် မလုပ်ရန် တားမြစ်ထားသောအချက်များ
အိဟ်ရာမ်ပြုထားစဉ် မလုပ်ရန်တားမြစ်ထားသောကိစ္စရပ်များမှာ -
(၁) ခန္ဓာကိုယ်၏ မည်သည့်နေရာမှမဆို အမွေးအမျှင်ရိတ်ခြင်း၊ ညှပ်ခြင်း၊ နှုတ်ခြင်း။
(၂) လက်သည်း၊ခြေ သည်းအားလုံးကိုညှပ်ခြင်း သို့မဟုတ် အချို့ကိုညှပ်ခြင်း။
(၃) ဦးခေါင်းကို ဦးထုပ်၊ ခေါင်း ပေါင်း ကဲ့သို့ ခေါင်းဖြင့် ထိကပ်သည့် အရာတစ်ခုခုဖြင့် ဖုံးအုပ်ခြင်း။ ထို့အတူ ဦးခေါင်းအပေါ်၌ ခြုံထည်၊ လက်ကိုင်ပုဝါ၊ စောင်၊ ကတ်ထူပြား သို့မဟုတ် ဦးခေါင်းအား ဖုံးအုပ်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ထားသည့် အရာတစ်ခုခုကို တင်ခြင်း။ ဤအမိန့်သည် အမျိုးသားများအတွက်သာ သီးသန့်ဖြစ်ပြီး အမျိုး သမီးများနှင့် မသက် ဆိုင်ပါ။
(၄) ခန္ဓာကိုယ် ပုံသဏ္ဌာန်အလိုက် ချုပ်ထားသော ပုံမှန်အဝတ်အစားများကို ဝတ်ဆင်ခြင်း။ ဥပမာ- ခန္ဓာကိုယ်နှင့် ကိုက်ညီအောင်ချုပ် ထားသော အဝတ်များ၊ ဘောင်းဘီ၊ ရှပ်အင်္ကျီနှင့် ခြေ အိတ်၊ လက်အိတ် စသည်တို့ဖြစ်သည်။ ဤအမိန့်သည် အ မျိုးသားများအ တွက်သာ သီးသန့်ဖြစ်ပြီး အမျိုးသမီးများအတွက်မဟုတ်ပါ။ အမျိုးသမီးများအတွက် တားမြစ်ထားသော အရာမှာ -
(က) နိကာဗ်၊ ဗုရ်ကအ်၊ နိကာဗ်နှင့်ဆင်တူသည့် မျက်နှာကိုအုပ်သည့် အရာများ ဖြစ်သည်။ သို့သော် အမျိုးသမီးများအနေဖြင့် သူစိမ်းအမျိုးသားများရှေ့တွင် မိမိ၏ မျက်နှာကို ပုံမှန်ဖုံးအုပ်လေ့ရှိသည့် အဝတ်ဖြင့် ဖုံးကွယ်ထားရမည်။အကယ်၍ ယင်းအဝတ်သည် မျက်နှာနှင့် ထိကပ်နေလျှင်လည်း ဖုံးအုပ်ထားရမည်။ မျက်နှာနှင့်မထိဘဲ ဖုံးအုပ်ရန် ရည်ရွယ်ချက်ဖြင့် ခေါင်းပေါ်တွင် အဝတ်စ (သို့) အလားတူအရာ တစ်ခုခုကိုတင်ရန် တရားတော်က မပြဌာန်းထားပါ။ ထိုသို့ပြုလုပ်ခွင့်ရှိကြောင်း တရားတော်က ညွှန်ပြထားသည့်ထောက်အထားလည်း မရှိပါ။
(ခ) အမျိုးသမီးများအား လက်နှစ်ဘက်တွင် လက်အိတ်ဝတ် ဆင်ခြင်းကိုတားမြစ်ထားသည်။ သို့သော် အမျိုးသမီးသည် သူစိမ်းအမျိုးသားများရှေ့တွင် မိမိလက်နှစ်ဘက်ကို မိမိ၏ခြုံထည်အတွင်း၌ ထည့်ကာ ဖုံးအုပ်ထားရမည်။
(၅) ခန္ဓာကိုယ် သို့မဟုတ် အိဟ်ရာမ်ဝတ်စုံ၌ အမွှေး အကြိုင်သုတ်လိမ်းခြင်း။
(၆) အမဲလိုက်ထားသော ကုန်းသတ္တဝါများကို သတ်ဖြတ်ခြင်း၊ မသတ်ဖြတ်သော်လည်း အမဲလိုက်ခြင်း။
(၇) မိမိအတွက်ဖြစ်စေ၊ အခြားသူအ တွက်ဖြစ်စေ နိကာဟ်အတွက် ကမ်း လှမ်းခြင်း။
(၈) နိကာဟ်ပြုခြင်း။
(၉) ကိုယ်လက်နှီးနှောခြင်းမပြုဘဲ အသားချင်းထိကပ်ကာ ပွေ့ ဖက်ကျီစယ်ခြင်း၊ ဥပမာ -နမ်းခြင်း၊ ရာဂစိတ်ဖြင့် ထိတွေ့ကိုင် တွယ်ခြင်း။
(၁၀) ကိုယ်လက်နှီးနှောခြင်း။
***
ပဥ္စမ - သွဝါဖ်ပြုလုပ်နည်း။
အိဟ်ရာမ်ပြုထားသူသည် ဟရာမ်ဝတ် ကျောင်းတော်သို့ ဝင်သည့်အခါ မိမိ ၏ညာခြေဖြင့်ဝင်ပြီး၊ ဗလီဝင်သည့်အခါ ဖတ်ရည့် ဒုအာကို ရွတ်ဆိုခြင်းမှာ ၎င်းအဖို့ စွန္နသ်ဖြစ်သည်။ ဗလီဝင်သောအခါ ဖတ်ရွတ်ရသည့် ဒုအာများအနက် အမှန်ကန်ဆုံးမှာ "اَللّٰهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكَ " ဖြစ်သည်။ ဤဒုအာသည် ဟရာမ်ဝတ်ကျောင်းတော် အတွက်သီးသန့်မဟုတ်ဘဲ မည်သည့်ဗလီမဆို ဝင်သည့်အခါ ဖတ်ရမည့် ဒုအာဖြစ်သည်။
သွဝါဖ်စတင်ရန် ရည်ရွယ်သောအခါ အိဿ်ွသွိဗာအ် ပြု လုပ်ရမည်။ အိဿ်ွသွိဗာအ် ပြုလုပ်နည်းမှာ အိဟ်ရာမ်ခြုံထည်၏ အလယ်ကို ညာဘက်ချိုင်းအောက်တွင်ထားပြီး၊ ခြုံထည် ၏ အစနှစ်ဘက်ကို ဘယ်ဘက်ပခုံးပေါ်ထားခြင်းဖြစ်သည်။ သွဝါဖ်ပြုလုပ်ပြီးပါက ခြုံထည်အား သွဝါဖ်မလုပ်ခင်ကအတိုင်း ပြန်လည်ထားရမည်။ အဘယ် ကြောင့်ဆိုသော် အိဿ်ွသွိဗာအ်ကို သွဝါဖ်တွင်သာ ပြုလုပ်ရသည်။
ထို့နောက် ဟဂ်ျရေအတ်စ်ဝဒ်ရှိရာသို့သွား၍ ဟဂ်ျရေအတ်စ်ဝဒ်အား ညာလက်ဖြင့် ထိကိုင်၍ နမ်းရှုပ်ရမည်။ နမ်း ရှုပ်ရန် မလွယ်ပါက ၎င်းအား မိမိ၏ လက်ဖြင့် ထိကိုင်ကာ ထိုလက်ကိုနမ်းရှုပ်ရမည်။ အကယ်၍ လက်ဖြင့်ထိကိုင်ရန်မလွယ်ကူပါက မိမိတွင်ရှိသည့် အရာတစ်ခုခုဖြင့် ဥပမာ - တောင်ဝှေးစသည်တို့ဖြင့်ထိကာ ထိုအရာအားနမ်းရှုပ်ရမည်။ ထိုသို့ပြု လုပ်ရန်လည်း မလွယ်ကူပါက ဟဂ်ျရေအတ်စ်ဝဒ်ရှိရာဘက်သို့ မျက် နှာမူ၍ ထိုဘက်သို့ လက်ဖြင့် အိရှာရဟ်( ညွှန်ပြခြင်း) ပြုလုပ်ရမည်။ သို့သော် လက်အား နမ်းရှုပ်ခြင်းမပြုရပေ။ အကောင်းဆုံးမှာ ဟဂ်ျရေအတ်စ်ဝဒ်အား နမ်းရှုပ်ရန် အတွက် အတင်းတိုးဝှေ့ခြင်းမပြုရပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် လူတို့အား ဒုက္ခဖြစ်စေသလို ကိုယ်တိုင်လည်း ၎င်းတို့ကြောင့် ဒုက္ခရောက်မည်ဖြစ်သည်။
ဟဂ်ျရေအတ်စ်ဝဒ်ကို လက်ဖြင့်ထိသည်အခါဖြစ်စေ၊ အေရှာရဟ် (ညွှန်ပြခြင်း)လုပ်သည့်အခါဖြစ်စေ (اَللّٰهُ أَكْبَرْ) 'အလ္လာဟု အက်ဗရ်' ဟုဆိုရမည်။
ထို့နောက် ကအ်ဗဟ်ကျောင်းတော်အား မိမိ၏ ဘယ်ဘက်တွင်ထားကာ ညာဘက်သို့လှည့်၍ သွဝါဖ်လုပ်ရမည်။ ရုက်နိယမာနီထောင့်သို့ ရောက်လျှင် ၎င်းအား နမ်းရှုပ်ခြင်းမပြုဘဲ ထိကိုင်ရမည်။ အကယ်၍ ထိကိုင်ရန် မလွယ်ကူပါက ထိုနေရာသို့ အတင်းတိုးဝှေ့သွားရောက်ခြင်းမပြုရပါ။ ၎င်းဘက်သို့ အိရှာရဟ် လက်ဖြင့် ညွှန်ပြခြင်းလည်းမပြုရပါ။
ရုက်နိယမာနီနှင့် ဟဂ်ျရေအတ်စ်ဝဒ် နှစ်ခုကြားတွင် (رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً وَفِي الْآخِرَةِ حَسَنَةً وَقِنَا عَذَابَ النَّارِ)ဟူသော အာယသ်တော်ကို ရွတ်ဖတ်ရမည်။
သွဝါဖ်လှည့်ရာတွင် ဟဂ်ျရေအတ်စ်ဝဒ်နားမှ ဖြတ်သွားတိုင်း ၎င်းအား လက်ဖြင့် အိရှာရဟ်ပြုလုပ်ပြီး(اَللّٰهُ أَكْبَرْ) 'အလ္လာဟု အက်ဗရ်' ရွတ်ဆိုရမည်။
မိမိသွဝါဖ်၏ကျန်နေရာများတွင် မိမိနှစ်သက်ရာ ဇိကိရ်၊ ဒုအာ၊ ကုရ်အာန် အာယသ်များ ရွတ်ဖတ်နိုင်သည်။
သွဝါဖ်၏ ပထမသုံးပတ်တွင် ရမလ်လုပ်ခြင်း စွန္နသ်ဖြစ်သည်။ ရမလ်ဆိုသည်မှာ ခြေလှမ်းစိတ်စိတ်ဖြင့် ခပ်သွက်သွက် လမ်းလျှောက်ခြင်းဖြစ်သည်။ ကျန်လေးပတ်တွင် ရမလ်မလုပ်ဘဲ ပုံမှန်အတိုင်းသာ လျှောက်ရမည်။
သွဝါဖ်ပြီးဆုံးသွားပါက မကာမိအိဗ်ရာဟီမ် သို့သွားရမည်။ ဤအာယသ်တော်ကို ရွတ်ဖတ်ရမည်။ (...وَٱتَّخِذُواْ مِن مَّقَامِ إِبۡرَٰهِـۧمَ مُصَلّٗى...) အဓိပ္ပါယ် - ( ၎င်းပြင် အသင်တို့သည် (တမန်တော်) အိဗ်ရာဟီမ် ရပ်တည်သည့်နေရာကို ဆွလာသ် ဝတ်ပြုရာနေရာအဖြစ် ပြုလုပ်ကြပါ။) (စူရဟ် ဗကရဟ်၊ အာယသ် : ၁၂၅) ထို့နောက် လွယ်ကူပါက မကာမိအိဗ်ရာဟီမ်၏ နောက် တွင် ဆွလာသ်နှစ်ရကသ် ဝတ်ပြုရမည်။ အကယ်၍ ထိုနေရာတွင် ဝတ်ပြု ရန် မ လွယ်ကူပါက ဗလီဝတ်ကျောင်းတော်၏ မည်သည့်နေရာတွင်မဆို ဝတ်ပြုနိုင်သည်။ ပထမရကအသ်တွင် စူရဟ်ဖာသိဟဟ် ဖတ်ပြီးနောက် (قُلۡ يَٰٓأَيُّهَا ٱلۡكَٰفِرُونَ) စူရဟ် ကာဖိရူးန်ကိုဖတ်ရမည်။ (စူရဟ် ကာဖိရူးန်၊ အာယသ် : ၁) ဒုတိယ ရကအသ်တွင် စူရဟ်ဖာသိဟဟ် ဖတ်ပြီးနောက် (قُلۡ هُوَ ٱللَّهُ أَحَدٌ) စူရဟ်အိခ်လားဆွ်ကို ရွတ်ဖတ်ရမည်။ (စူရဟ် အိခ်လားဆွ်၊ အာယသ် : ၁)
ဆဌမ - စအီပြုလုပ်နည်း။
သွဝါဖ်နှင့် သွဝါဖ်ပြီးနောက် ဝတ်ပြုရသည့် ဆွလာသ် နှစ်ရကအသ်ကို ဝတ်ပြုပြီးပါက စအီလုပ်သည့်နေရာသို့ သွားရမည်။ ဆွဖာတောင်နှင့် နီးကပ်လာလျှင် (...إِنَّ ٱلصَّفَا وَٱلۡمَرۡوَةَ مِن شَعَآئِرِ ٱللَّهِ) ဟူသော အာယသ်တော်ကို ရွတ်ဖတ်ရမည်။ ထို့နောက် အောက်ပါအတိုင်း ရွတ်ဆိုရမည်။ (أَبْدَأُ بِمَا بَدَأَ اللهُ بِهِ) ( ၆) အဓိပ္ပါယ် - အလ္လာဟ်အရှင်မြတ် အစပြုတော်မူခဲ့သည့်အရာဖြင့် ကျွန်တော်မျိုးအစပြုပါ၏။ (၆) မွတ်စ်လင်မ်ကျမ်း၊ ဟဒီးဆ်အမှတ် (၁၂၁၈)
ထို့နောက် ကအ်ဗဟ်ကျောင်းတော် သို့မဟုတ် ကျောင်းတော်ဘက်အခြမ်းကို မြင်တွေ့ရသည်အထိ ဆွဖာတောင်ပေါ်သို့တက်ပါ။ ထို့နောက် အလ္လာဟ်အရှင်မြတ်တစ်ဆူတည်ဖြစ်ကြောင်း၊ အကြီးကျယ်ဆုံးဖြစ်တော်မူကြောင်းကိုထုတ်ဖော်ပြောကြားသည့်အ နေဖြင့် အောက်ပါဒုအာကို ရွတ်ဆိုရမည်။ (لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، لَهُ الْمُلْكُ وَلَهُ الْحَمْدُ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ، لَا إِلَهَ إِلَّا اللهُ وَحْدَهُ، أَنْجَزَ وَعْدَهُ، وَنَصَرَ عَبْدَهُ، وَهَزَمَ الْأَحْزَابَ وَحْدَهُ )အဓိပ္ပါယ် - အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုး ကွယ်ခံထိုက်သောအရှင်မရှိပါ။ အ ရှင်မြတ်သည် တစ်ဆူတည်းဖြစ်တော်မူပြီး၊ အရှင်မြတ်နှင့် တုဖက်နှိုင်း ယှဉ်ကိုးကွယ်ရာအရှင်ဟူ၍ မရှိပါ။ စိုးပိုင်ခြင်းဟူသ၍သည် အရှင်မြတ်အဖို့သာလျှင်ဖြစ်ပြီး၊ ချီးမွမ်းထောမနာပြုခြင်းဟူသမျှသည်လည်း အရှင်မြတ်အဖို့သာလျှင် ဖြစ်တော်မူပါသည်။ ထိုအရှင်မြတ်သည် အရာရာတိုင်း အပေါ်တွင် အလွန်စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူသည်။ အရှင်မြတ်မှ တစ်ပါး အခြားခဝပ်ကိုးကွယ်ခံထိုက်သောအရှင်မရှိပါ။ အရှင်မြတ်သည် တစ်ဆူတည်းဖြစ်တော်မူပါသည်။ ထိုအရှင်မြတ်သည် မိမိ၏ ကတိတော်အား တည်စေတော်မူခဲ့၏။ ထို့ပြင် မိမိ၏ကျွန်အား ကူညီစောင်မတော်မူခဲ့၏။ အရှင်မြတ်တစ်ပါးတည်းသာလျှင် ရန်သူ့တပ်များအား ရှုံးနိမ့်စေတော်မူသော အရှင်ဖြစ်ပါသည်။ ထို့နောက် ဒုအာပြုလုပ်ရမည်။ အထက်ပါ ဒုအာကို သုံးကြိမ် ရွတ်ဖတ်ရမည်။ (၇) (၇) မွတ်စ်လင်မ်ကျမ်း၊ ဟဒီးစ်အမှတ် (၁၂၁၈)
ထို့နောက် ဆွဖာတောင်ပေါ်မှဆင်း၍ မရ်ဝဟ်သို့ လမ်းလျှောက်သွားရမည်။ အစိမ်းရောင်အမှတ်အသားနေရာသို့ ရောက်ပါက ခပ်သွက်သွက်ပြေးရမည်။ ဒုတိယအစိမ်းရောင် အမှတ်အသားနေရာသို့ ရောက်လျှင် ပုံမှန်အတိုင်း ပြန်လျှောက်ရမည်။ အမျိုးသမီးများအနေဖြင့် ခပ်သွက် သွက်မပြေးရပါ။ ပုံမှန်အတိုင်းသာ လမ်းလျှောက်ရမည်။
မရ်ဝဟ်တောင်သို့ ရောက်လျှင် ဆွဖာတောင်ပေါ်တွင် ပြုလုပ်ခဲ့သည့် အတိုင်းပြုလုပ်ရမည်။ (စာပိုဒ် ၂တွင် ကြည့်ပါ။)
ထို့နောက် မရ်ဝဟ်တောင်မှ ဆင်း၍ ဆွဖာတောင်သို့ လမ်း လျှောက်သွားရမည်။ အစိမ်းရောင်အမှတ် အသားရှိသည့်နေရာသို့ရောက်လျှင် ခပ် သွက်သွက်ပြေးရမည်။ ဒုတိယအစိမ်းရောင် အမှတ်အသားရှိသည့်နေရာသို့ရောက်လျှင် ပုံမှန်အတိုင်း ပြန်လျှောက်ရမည်။
ဤနည်းလမ်းအတိုင်း စအီခုနှစ်ကြိမ် ပြုလုပ်ရမည်။ ၎င်းက ဆွဖာမှ မရ်ဝဟ်သို့ သွားခြင်းသည် စအီတစ်ကြိမ်ဖြစ်ပြီး၊ မရ်ဝဟ်မှ ဆွဖာသို့ ပြန်သွားခြင်းသည် နောက်တစ်ကြိမ်ဖြစ်သည်။
စအီပြေးနေစဉ်မိမိနှစ်သက်ရာ ဇိကိရ်၊ ဒုအာ၊ ကုရ်အာန် အာယသ်တို့ကို ရွတ်ဖတ်နိုင်သည်။
သတ္တမ - ဦးခေါင်းရိတ်သည့်ပုံစံနှင့် ဆံပင်ညှပ်ရမည့်ပုံစံ
အွမ်ရာပြုသူသည် အကယ်၍ အမျိုး သားဖြစ်ပါက သွဝါဖ်၊ စအီ ပြုလုပ်ပြီးနောက် ဦးခေါင်းရိတ်ရန် သို့မဟုတ် ဆံပင်ညှပ်ရန် တာဝန် ရှိသည်။ ဦးခေါင်းရိတ်ခြင်း သို့မဟုတ် ဦးခေါင်းတစ်ခုလုံးကို ညှပ်ခြင်းမှာ စွန္နသ်ဖြစ်သည်။
ဦးခေါင်းရိတ်ခြင်းမှာ ညှပ်ခြင်းထက် ပို၍မွန်မြတ်သည်။ သို့သော် ဟဂ်ျအချိန်ကာလ နီးကပ်နေပြီး ဆံပင်ပြန်ပေါက်ရန် အချိန်မမှီပါက ဆံပင်ညှပ်ခြင်းမှာ ပို၍ကောင်းသည်။
အမျိုးသမီးသည် မိမိဆံပင်အဖျားများကို လက်တစ်ဆစ်ခန့် ညှပ်ရမည်။
ဟဂ်ျအိဖ်ရားဒ် သို့မဟုတ် ဟဂ်ျကိရားန်အတွက် အိဟ်ရာမ်ပြုထားသူသည် အီးဒ်နေ့တွင် ဂျမ်ရသုလ်အက်ဗဟ်ကို ခဲပေါက်ပြီးမှသာ ဦးခေါင်းရိတ်ခြင်း ( သို့) ဆံပင်ညှပ်ခြင်းကို ပြုလုပ်ရမည်။
ဤနည်းဖြင့် အွမ်ရာပြုလုပ်သူသည် မိမိ၏အွမ်ရာကို ပြီးမြောက်စေပြီး၊ ဟဂ်ျသမသ်သုအ် ပြုလုပ်သူသည်လည်း မိမိ၏အွမ်ရာကျင့်စဥ်ကို ပြီးဆုံးစေပါသည်။
ဟဂ်ျပြုလုပ်နည်း
ပထမ - ဟဂ်ျအတွက် အိဟ်ရာမ်ပြုခြင်း။
ဟဂ်ျလုပ်ရန် ရည်ရွယ်သူသည် ဇုလ်ဟဂျ်လ ၈ ရက်နေ့ (ယောင်မွသ်သရ်ဝီယဟ်) မနက်၌ ဟဂ်ျ၏ အိဟ်ရာမ် ပြုခြင်းသည် စွန္နသ်ဖြစ် သည်။ အကယ်၍ ၎င်းသည် မက္ကဟ်တွင် သို့မဟုတ် မီကားသ် (သတ်မှတ်နယ်နိမိတ်) အတွင်းရှိနေပါက မိမိရှိနေသည့် နေရာ၌ပင် အိဟ်ရာမ်ဝတ်ရမည်။ သို့သော် မီကားသ် နယ်နိမိတ်ပြင်ပတွင် ရှိပါက ၎င်းဖြတ် သန်းမည့် မီကားသ်နေရာတွင် အိဟ်ရာမ်ပြုရမည်။
ဟဂ်ျအတွက် အိဟ်ရာမ်ပြုသည့်အခါ အွမ်ရာအတွက် အိဟ်ရာမ်ပြုစဥ်က ဆောင်ရွက်ခဲ့သည့် အချက်များဖြစ်သော ရေချိုးခြင်း၊ အမွှေးအကြိုင် သုတ်လိမ်းခြင်းနှင့် ဆွလာသ်ဝတ်ပြုခြင်း တို့ကိုလုပ်ဆောင်ရမည်။ ထို့နောက် ဟဂ်ျအတွက် နီယသ်ပြုပြီး 'သလ်ဗီယဟ်' ရွတ်ဆိုရမည်။ သလ်ဗီယဟ်၏ ပုံစံသည် ဟဂ်ျနှင့် အွမ်ရာတွင် တူညီသော်လည်း ကွာခြားချက်မှာ ဟဂ်ျတွင် (لَبَّيْكَ حَجًّا) "လဗ်ဗိုင်းက ဟဂ်ျဂျန်" ဟု ရွတ်ဆိုရပြီး အွမ်ရာတွင် (لَبَّيْكَ عُمْرَةً) "လဗ်ဗိုင်းက အွမ်ရသန်" ဟု ရွတ်ဆိုရခြင်းဖြစ်သည်။
ဟဂျ်ပြုရန်ရည်ရွယ်သူသည် မိမိ၏ဟဂျ်ကျင့်ဆောင်မှုကို ပြီးဆုံးအောင်ဆောင်ရွက်ခြင်းကို ဟန့်တားမည့် အကြောင်းတစ်စုံတစ်ရာ ရှိလာမည်ကို စိုးရိမ်ပါက၊ ၎င်းအနေဖြင့် အိဟ်ရာမ်ပြုသည့်အခါတွင် စည်းကမ်းချက် သတ်မှတ်ခွင့်ရှိသည်။ သို့ဖြစ်၍ ဤသို့ဆိုရမည် ( لَبَّيْكَ اَللّٰهُمَّ حَجًّا، وَإِنْ حَبَسَنِي حَابِسٌ فَمَحِلِّي حَيثُ حَبَسْتَنِي ) "လဗ်ဗိုင်ကလ္လာဟွမ္မ ဟဂျ်ဂျန် ဝအင်န် ဟဗစနီ ဟာဗိစွန် ဖမဟတ်လီ ဟိုင်စု ဟဗတ်စ်သနီ " အဓိပ္ပါယ် - အိုအလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး ဟဂျ်ပြုရန် အသင့်ရောက်ရှိနေပါပြီ။ အကယ်၍ ကျွန်တော်မျိုးအား တစ်စုံတစ်ရာ အတားအဆီးက (ဟဂျ်မှ) ပိတ်ပင်တားဆီးလိုက်ပါက ကျွန်တော်မျိုးအိဟ်ရာမ်မှ ထွက်မည့်နေရာသည် အရှင်မြတ် ကျွန်တော်မျိုးအား တားဆီးလိုက်သည့်နေရာပင်ဖြစ်သည်။ ထိုသို့ သတ်မှတ်ချက်ပြုပြီးနောက် ၎င်း၏ ဟဂျ်ကျင့်ဆောင်မှုကို ပြီးဆုံးအောင်ဆောင်ရွက်ခြင်းကို တားဆီးလိုက်သည့် ကိစ္စတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ၎င်းအနေဖြင့် ဟဂျ်မှထွက်လိုက်ရမည်ဖြစ်သည်။ ထိုသို့ ပြုလုပ်ခြင်းကြောင့် ၎င်းအပေါ်တွင် မည်သည့်အရာမျှ ပေးဆောင်ရန် တာဝန်မရှိပါ။
ထို့နောက် (لَبَّيْكَ اللَّهُمَّ لَبَّيْكَ، لَبَّيْكَ لا شَرِيكَ لَكَ لَبَّيْكَ، إِنَّ الْحَمْدَ وَالنِّعْمَةَ لَكَ وَالْمُلْكَ، لا شَرِيكَ لَكَ) " လဗ်ဗိုက် အလ္လာဟွမ္မ လဗ်ဗိုက် လဗ်ဗိုက် လာရှရီက လက လဗ်ဗိုက် အင်န်နလ်ဟမ်ဒ ဝန်နိအ်မသ လက ဝလ်မွလ်က လာရှရီက လက "ဟူသော သလ်ဗိယဟ်ကို များမြောင်စွာဆိုရမည်။ အမျိုး သားသည် သလ်ဗိယဟ်ကို အသံကျယ်ကျယ်ဆိုရမည်။ ထို့အတူ အမျိုးသမီးများသည် သူစိမ်းအမျိုးသားများမရှိပါက အသံကျယ်ကျယ်ဆိုရမည်။ အိဟ်ရာမ်ပြုထားသူသည် အခြေအနေ၊ အချိန်အခါများ ပြောင်းလဲသည့်အခါတိုင်း သလ်ဗီယဟ်ကို များမြောင်စွာ ရွတ်ဖတ်ရမည်။ ပမာအားဖြင့် အမြင့်သို့ တက်သည့်အခါ၊ အနိမ့်သို့ ဆင်းသည့်အခါ၊ ညအချိန် ဝင်ရောက်သောအခါ နေ့အချိန် ဝင်ရောက်သောအခါများတွင် များမြောင်စွာ ရွတ်ဆိုသင့်သည်။
သလ်ဗီယဟ်အား အိဟ်ရာမ်ပြုလုပ်သည့်အချိန်မှစ၍ အီးဒ်နေ့တွင် ဂျမ်ရသွလ်အက်ဗဟ် (ရှိုင်သွာန်အကြီး)ကို စတင်ခဲပေါက်သည့်အချိန်အထိ ရွတ်ဆိုခြင်းမှာ မွတ်စ်သဟဗ်ဖြစ်သည်။
အိဟ်ရာမ်ပြုထားသူသည် အိဟ်ရာမ်မှ မထွက်မခြင်း အိဟ်ရာမ်ပြုထားစဥ် မလုပ်ရန် တားမြစ်ထားသောကိစ္စရပ်များကို ရှောင်ကြဥ်ရန် တာဝန်ရှိသည်။
***
ဒုတိယ - မီနာတွင် ညကို ကုန်ဆုံးခြင်း။
ဇုလ်ဟဂျ်လ ၈ ရက်နေ့တွင် မီနာသို့ ထွက်ခွါခြင်းမှာ စွန္နသ်ဖြစ်သည်။ မီနာ၌ ဇုဟုရ်၊ အဆွရ်၊ မဂ်ရိဗ်၊ အိရှာနှင့် ဖဂျရ်ဆွလာသ်များကို ဂျမအ် (ဆွလာသ်နှစ်ကြိမ်ကို တစ်ချိန်တည်း၌ ပေါင်းဖတ်ခြင်း)မပြုလုပ်ဘဲ ကစွရ်လုပ်၍ လေးရကအသ် ဆွလာသ်များကို နှစ်ရကအသ်သာ ဝတ်ပြုရမည်။ အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ်(ﷺ)သည် မီနာ၌ ဆွလာသ်များကို ကစွရ်လုပ်၍ ဖတ်ခဲ့သော်လည်း ဆွလာသ်နှစ်ကြိမ်ကို တစ်ချိန်တည်း၌ ပေါင်းမဖတ်ခဲ့ပါ။
တတိယ - အရဖဟ်ကွင်းပြင်၌ ဝူကူးဖ် ဆိုင်းငံ့ခြင်းနှင့် မုဇ်ဒလိဖဟ်တွင် ညကုန်ဆုံးခြင်း။
ဇုလ်ဟဂ်ျလ ၉ ရက်၊ အရဖဟ်နေ့တွင် နေ ထွက်လာပါက၊ ဟာဂျီသည် မီနာမှ အရဖသ်ကွင်းပြင်သို့ သွားရမည်။ အ ကယ်၍ ၎င်းအတွက် လွယ်ကူပါက ‘နမိရဟ်’ တွင် မွန်းလွဲချိန်အထိ နားခိုနေထိုင်ရမည်။ ထိုသို့ နေထိုင်ရန် မလွယ်ကူပါက ကိစ္စမရှိပါ။ အဘယ် ကြောင့်ဆိုသော် နမိရဟ်တွင် နားခိုနေထိုင်ခြင်းသည် စွန္နသ်သာလျှင်ဖြစ်သည်။
မွန်းလွဲချိန်ရောက်သောအခါ ဇုဟုရ်ဆွလာသ်နှင့် အဆွရ်ဆွလာသ်ကို တမန်တော်မြတ် (ﷺ) ဝတ်ပြုခဲ့သည့်အတိုင်း ဂျမ်အေသက်ဒီးမ်ဖြင့် ( ဇုဟုရ်နှင့် အဆွရ်ကို ဇုဟုရ်အချိန်၌ ပေါင်း၍) နှစ်ရကအသ်စီ ဝတ်ပြုရမည်။
ဆွလာသ်ဝတ်ပြုပြီးနောက် အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်း၊ ဒုအာပြုလုပ်ခြင်းနှင့် အလ္လာဟ်အရှင်မြတ်အား ကျိုးနွံခြင်းတို့ဖြင့် အချိန်ကုန်လွန်စေရမည်။ ထို့နောက် ကိဗ်လဟ်ဘက်သို့ မျက်နှာမူကာ လက်နှစ်ဘက်ကို မြှောက် ၍ မိမိအလိုရှိရာ ဒုအာများကို တောင်းဆိုရမည်။
ထိုကြီးကျယ်သောနေရာ အရဖဟ်တွင် တမန်တော်မြတ် (ﷺ) အများဆုံး ရွတ်ဆိုခဲ့သော ဒုအာမှာ - "لَا إِلَهَ إِلَّا اللَّهُ، وَحْدَهُ لَا شَرِيكَ لَهُ، لَهُ الْمُلْكُ، وَلَهُ الْحَمْدُ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ" အဓိပ္ပါယ် - တစ်ပါးတည်းဖြစ်တော်မူသော တုဖက်ယှဥ်ဖက် ကင်းတော်မူသော အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ထိုက်သော အရှင်ဟူ၍ မရှိပါ။ စိုးပိုင်ခြင်းဟူသမျှသည် ထိုအရှင်မြတ်အဖို့သာဖြစ်၏။ ချီးမွမ်းထောမနာခြင်းဟူသမျှသည်လည်း ထိုအရှင်မြတ်အဖို့သာဖြစ်၏။ ထိုအရှင်မြတ်သည် အရာခပ်သိမ်းအ လုံးစုံကို စွမ်းဆောင်နိုင်တော်မူသောအရှင်ဖြစ်သည်။
အကယ်၍ ဟဂ်ျပြုလုပ်သူသည် ပင်ပန်းနွမ်းနယ်မှုကို ခံစားရပါက၊ မိမိမိတ်ဆွေများနှင့် အကျိုးရှိသော စကားများပြောဆိုခြင်း သို့မဟုတ် အကျိုးရှိသော စာအုပ်များကိုဖတ်ရှုခြင်းဖြင့် အပန်းဖြေ အနားယူနိုင်သည်။ အထူးသဖြင့် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် အရှင်မြတ်၏ များပြားလှသော ပေးကမ်းချီးမြှင့်မှုများအကြောင်း ရေးသားထားသော စာအုပ်များကို ဖတ်ရှုခြင်းဖြင့် ထိုနေ့တွင် မိမိ၏ နှလုံးသားထဲ၌ မျှော်လင့်ချက်ကို အားကောင်းစေနိုင်ပါသည်။ ဤသို့ပြုလုပ်ခြင်းသည် ကောင်းမြတ်သောအရာတစ်ခုပင်ဖြစ်သည်။ ထို့နောက် ပြန်လည်၍ အလ္လာဟ်အရှင်မြတ်အားကျိုးနွံစွာ အိဗာဒသ်ပြုခြင်း၊ ဒုအာ ဆုတောင်းခြင်းတို့ကို ပြုလုပ်ရမည်။ ထို့ပြင် နေ့၏ နောက်ဆုံးအချိန်တွင် ဒုအာတောင်းရန် အထူးအားထုတ်ရမည်။အဘယ် ကြောင့်ဆိုသော် အကောင်းဆုံး၊ အမွန်မြတ်ဆုံးဒုအာမှာ အရဖဟ်နေ့တွင် တောင်းခံသောဒုအာပင်ဖြစ်သည်။
အရဖဟ်နေ့ နေဝင်ပြီးနောက်တွင် မုဇ်ဒလိဖဟ်သို့ သွားရမည်။
မုဇ်ဒလိဖဟ်သို့ ရောက်ပါက၊ မဂ်ရိဗ်နှင့် အိရှာကို ပေါင်း၍ ( အိရှာအချိန်၌ ) မဂ်ရိဗ်ဆွလာသ်ကို သုံးရကအသ်၊ အီရှာဆွလာသ်ကို နှစ်ရကအသ်ဝတ်ပြုရမည်။
အကယ်၍ မုဇ်ဒလိဖဟ်သို့ ညသန်းခေါင် ကျော်မှသာ ရောက်ရှိမည်ကို စိုးရိမ်ပါက၊ မုဇ်ဒလိဖဟ်သို့ မရောက်မီပင် လမ်း ခရီး၌ပင် ဝတ်ပြုလိုက်ရမည်။ အ ဘယ်ကြောင့်ဆိုသော် ဆွလာသ်ကို ညသန်းခေါင်ကျော်ထိ နောက်ဆိုင်းခွင့်မရှိသောကြောင့်ဖြစ်သည်။
ညအချိန်ကို မုဇ်ဒလိဖဟ်တွင် ကုန်ဆုံးရမည်။ ဖဂျရ်အချိန်ဝင်ရောက်ပါက အဇာန်၊ အိကာမသ်ဖြင့် ဖဂျရ်ဆွလာသ်ကို စောလျှင်စွာ ဝတ်ပြုရမည်။
ထို့နောက် မရှ်အရုလ်ဟရာမ် ( မုဇ်ဒလိဖဟ်၌ရှိသော တောင်ကုန်းတစ်ခု ) သို့သွားပါ။ ထိုနေရာတွင် (لَا إِلَهَ إِلَّا اللهُ ) ရွတ်ဆို၍ အလ္လာဟ်အရှင်မြတ် ၏ တစ်ဆူတည်းဖြစ်မှုကို ထုတ်ဖော်ရမည်။ (اَللّٰهُ أَكْبَر) ရွတ်ဆို၍ ထိုအရှင်မြတ်၏ ကြီး ကျယ်မြင့်မြတ်မှုကို ထုတ် ဖော်ရမည်။ ထို့ နောက် အလင်း ရောင်ကောင်းစွာထွက်ပေါ်လာသည်အထိ မိမိနှစ်သက်ရာ ဒုအာများကို တောင်း ခံရမည်။ အကယ် ၍ မရှ်အရုလ်ဟရာမ်သို့ သွားရန် မဖြစ်နိုင်ပါက၊ မိမိရှိရာနေရာ၌ပင် ဒုအာပြုလုပ်ရမည်။ အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ် (ﷺ) မိန့်ကြားတော်မူသည်။ "ကျွန်ုပ်သည် ဤနေရာ၌ ဝူကူးဖ် ( ဆိုင်းငံ့ခြင်းကို) ပြုလုပ်နေပါ သည်။ မုဇ်ဒလိဖဟ်၏ နေရာအား လုံးသည် ဝူကူးဖ်ပြုလုပ်ရာ နေရာဖြစ်သည်။" ( ၈) ကိဗ်လဟ်ဘက်သို့ မျက်နှာမူကာ ဇိကိရ်နှင့် ဒုအာပြုလုပ်ရမည်။ ဒုအာပြုသည့်အခါ လက်နှစ်ဘက်ကို မြှောက်ရမည်။ (၈) အဘူဒါဝူဒ်ကျမ်း၊ ဟဒီးစ်အမှတ် (၁၉၃၆)
စတုတ္ထ - ယောင်မွန်နဟရ် (အီးဒ်)နေ့တွင် ဆောင်ရွက်ရမည့် ကျင့်စဉ်များ။
မိုးကောင်းကင်တွင် အလင်းရောင် ကောင်းစွာထွက်ပေါ်လာလျှင် နေမထွက်မီအလျှင် မုဇ်ဒလိဖဟ်မှ မီနာသို့ ထွက်ခွာရမည်။ ဝါဒီမုဟတ်စရ်ဟူသော နေရာသို့ ရောက်လျှင် ထိုနေရာမှ အလျင် အမြန် ဖြတ်သန်းသွားရမည်။
မီနာသို့ ရောက်လျှင် မက္ကဟ်ဘက်အခြမ်းရှိနောက်ဆုံး ဂျမ်ရာသ်ဖြစ်သည့် ဂျမ်ရသွလ်အက်ဗဟ်ကို စွန်ပလွံစေ့အရွယ်ခန့်ရှိသည့် ကျောက် စရစ်ခဲ ခုနှစ်လုံးဖြင့် တစ်လုံးပြီးတစ်လုံး ဆက်တိုက်ပစ်ရမည်။ ပစ်သည့်အခါတိုင်းတွင် (اَللّٰهُ أَكْبَر) ဟု ဆိုရမည်။
ထို့နောက် လွယ်ကူပါက မိမိ၏ "ဟဒီ" (ကုရ်ဘာနီသား ကောင်) ကို ဇဗဟ်လုပ်ရမည်။
ထို့နောက် အမျိုးသားဖြစ်ပါက ဦးခေါင်းရိတ်ခြင်း သို့မဟုတ် ဆံပင်ညှပ်ခြင်းကို ပြုလုပ်ရမည်။ ဦးခေါင်းရိတ်ခြင်းသည် ပို၍ မွန်မြတ်သည်။ အမျိုးသမီးများ သည် ဆံပင်အား အနည်းငယ်သာ ညှပ်ရမည်။ ခေါင်းရိတ်ခြင်းမပြုရပါ။
ရှိုင်သွာန် ခဲပေါက်ခြင်း၊ ဦးခေါင်းရိတ်ခြင်း (သို့) ဆံပင်ညှပ်ခြင်းတို့ကို ပြုလုပ်ပြီးပါက ပထမအဆင့်အနေဖြင့် အိဟ်ရာမ်၏ ကန့်သတ်ချက်များ ပြီးဆုံးသွားပြီဖြစ်၍ ၎င်းအတွက် ဇနီးသည်နှင့်ပေါင်းသင်းဆက်ဆံခြင်းမှအပ ကျန်အရာများအားလုံး ပြုလုပ်ခွင့်ရှိသွားပြီဖြစ်သည်။
ထို့နောက် မက္ကဟ်သို့သွားကာ သွဝါဖုလ်အိဖာဿွဟ် ပြုလုပ်ရမည်။ အကယ်၍ ၎င်းသည် ဟဂ်ျသမသ်သုအ်ပြုလုပ်သူ သို့မဟုတ် ဟဂ်ျအိဖ်ရာဒ်ပြုလုပ်သူ သို့မဟုတ် ဟဂ်ျကိရားန်ပြုလုပ်သူဖြစ်ပြီး သွဝါဖုလ်ကူဒူးမ်ပြုလုပ်ပြီးနောက် စအီမပြေးရသေးလျှင် ဟဂ်ျ၏ စအီပြေးရမည်။ ၎င်းအနေဖြင့် သွဝါဖ်နှင့်စအီကို ညအထိ သို့မဟုတ် နောက်တစ်နေ့အထိ အဆင်ပြေသလို ရွှေ့ဆိုင်းထားနိုင်သည်။
ပဥ္စမ - အိုင်ယာမေ သရှ်ရီးက်တွင် ဆောင်ရွက်ရမည့် ကျင့်စဥ်များ။
အကယ်၍ ဟာဂျီသည် ရှိုင်သွာန်ခဲပေါက်ခြင်း၊ ဦးခေါင်းရိတ်ခြင်း၊ သွဝါဖ်လှည့်ခြင်း၊ စအီပြေးခြင်းတို့ကို ပြုလုပ်ပြီးပါက၊ အိဟ်ရာမ်မှ အပြည့်အဝပြီးမြောက်သွားသောကြောင့် ဇနီးသည်နှင့်ပေါင်းသင်းဆက်ဆံခြင်းအပါ အဝင် တားမြစ်ချက်များအားလုံး ပြုပိုင်ခွင့် ရှိသွားပြီဖြစ်သည်။
ထို့နောက် မီနာသို့ ပြန်သွားကာ ဇုလ်ဟဂ်ျလ ၁၁ ၊ ၁၂ ရက်များကို မီနာတွင် ညအိပ်ရမည်။ အကယ် ၍ နောက်ကျမှထွက်ခွါမည်ဆိုပါက ၁၃ ရက်နေ့ ညပါအိပ်ရမည်။
နေမွန်းလွဲပြီးနောက် ဂျမ်ရာသ် သုံးခုစလုံးကို ခဲပေါက်ရမည်။
၁၁ ရက်နေ့တွင် ပထမဂျမ်ရာသ်( ၎င်းသည် မက္ကဟ်နှင့် အဝေးဆုံးဖြစ်ပြီး ခိုင်ဖ်ဗလီနှင့် အနီးဆုံးဖြစ်သည်။ )ကို ကျောက်စရစ်ခဲ ၇ လုံးဖြင့် တစ်လုံးပြီးတစ်လုံး ပစ်ရမည်။ ကျောက်စရစ်ခဲတစ်လုံး ပစ်သည့်အခါတိုင်း ( اَللّٰهُ أَكْبَر ) ဟု ဆိုရမည်။ ထို့ နောက် အနည်း ငယ်ရှေ့သို့ တိုးကာ မိမိဆန္ဒရှိသလောက် ဒုအာကို ကြာရှည်စွာတောင်းနိုင်သည်။ အကယ်၍ ကြာရှည်စွာ ဒုအာတောင်းရန် ခက်ခဲပါက မိမိအတွက် လွယ်ကူသလောက် ဒုအာတောင်းနိုင်ပါသည်။ ဤသို့ပြုလုပ်ခြင်းအားဖြင့် တမန်တော်မြတ် (ﷺ)၏စွန္နသ်အား လိုက်နာရာရောက်သည်။
ထို့နောက် ဒုတိယဂျမ်ရာသ်ကိုလည်း အလားတူ ခဲပေါက်ရမည်။ ထို့နောက် ဒုအာတောင်းရမည်။
ထို့နောက် (ဂျမ်ရသွလ်အက်ဗဟ်) တတိယဂျမ်ရာသ်ကိုလည်း အလားတူ ခဲပေါက်ရမည်။ သို့သော် ခဲပေါက်ပြီးနောက် ဒုအာတောင်းခြင်းမပြုဘဲ ထိုနေရာမှ ထွက်ခွါရမည်။
ထို့နောက် ၁၂ ရက် နေ့တွင်လည်း ၁၁ ရက်နေ့ကဲ့သို့ပင် ဂျမ်ရာသ်သုံးခုစလုံးကို ခဲပေါက်ရမည်။ ဂျမ်ရာသ်များကို ခဲပေါက်ခြင်း ပြီးဆုံးသွားပါက ဆန္ဒရှိလျှင် မီနာမှ စောလျှင်စွာ ထွက်ခွါသွားနိုင်သည်။
အကယ်၍ နောက်ဆိုင်းပြီးမှ ထွက်ခွါလိုပါက ၁၃ ရက်နေ့ ညတွင်လည်း မီနာတွင် နေထိုင်ပြီး ၁၃ ရက်နေ့ မွန်းလွဲပြီးနောက် ဂျမရာသ် သုံးခုစလုံးကို အထက်ပါအတိုင်း ခဲပေါက်ရပါမည်။ ထိုသို့ နောက် ကျမှ ထွက်ခွါခြင်းသည် ပို၍ကောင်းသည်။
သို့သော် ၁၃ ရက်နေ့အထိ နေထိုင်ခြင်းသည် ဝါဂျိဗ် မဟုတ်ပါ။ အကယ်၍ ဟာဂျီသည် ၁၂ ရက်နေ့တွင် နေဝင်ပြီးသည်အထိ မီနာတွင် ရှိနေပါက၊ ၎င်းအနေဖြင့် ၁၃ ရက်နေ့ညကို မီနာ၌ နေထိုင်ပြီး နေမွန်းလွဲပြီးနောက် ဂျမရာသ် သုံးခုစလုံးကို ခဲပေါက်ရန် အရေးကြီးသည်။
သို့သော် ဟာဂျီသည် ၁၂ ရက်နေ့ ညနေတွင် မိမိဆန္ဒအ လျောက် မဟုတ်ဘဲ နေဝင်ချိန်၌ မီနာတွင် ရှိနေပါက၊ ဥပမာအားဖြင့် ၎င်းသည် မီနာမှ ထွက်ခွာပြီးအစီးအနင်း စီးခဲ့သော်လည်း ယာဉ် ကြောပိတ်ဆို့ကဲ့သို့ အကြောင်းတစ်ခုခုကြောင့် နောက်ကျခဲ့ခြင်းဖြစ်လျှင် ၁၃ ရက်နေ့အထိ နေထိုင်ရန် မလိုအပ်ပါ။ အ ဘယ်ကြောင့်ဆိုသော် နေဝင်ချိန်အထိ နောက်ကျနေခြင်းသည် ၎င်း၏ ဆန္ဒအလျောက်ဖြစ်ခဲ့ခြင်း မဟုတ်သည့် အတွက်ဖြစ်သည်။
(၆) သွဝါဖုလ် ဝိဒါအ်ပြုလုပ်ခြင်း။
မက္ကဟ်မြို့မှ မိမိ၏နေရပ်သို့ ပြန်လည်ထွက်ခွာလိုပါက သွဝါဖုလ်ဝိဒါအ် မပြုလုပ်ဘဲ ထွက်ခါခွင့်မရှိပါ။
သို့သော် ဓမ္မတာသွေးဆင်းသော အမျိုး သမီးများနှင့် မီးဖွားပြီးနောက် သွေးဆင်းနေသော အမျိုးသမီးများအတွက် သွဝါဖုလ်ဝိဒါအ်ပြုလုပ်ရန် မလိုအပ်ပါ။ ထို့ပြင် ၎င်းအမျိုးသမီးများအနေဖြင့် မစ်ဂျိဒ်ဟရာမ်၏ တံခါးဝတွင် နှုတ်ဆက်ရန် ရပ်နေခြင်းလည်းမပြုသင့်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ပြု လုပ်ခြင်းနှင့်ပတ်သတ်၍ တမန်တော်မြတ် (ﷺ) ထံမှ ဆင့်ပြန်ချက်တစ်စုံ တစ်ရာ လာရှိထားခြင်းမရှိသောကြောင့်ဖြစ် သည်။
ခရီးထွက်ရန် ရည် ရွယ်လိုက်သည့်အခါ ကအ်ဗဟ်ကျောင်းတော်အား နောက်ဆုံးအကြိမ် နှုတ်ဆက်ခြင်းအဖြစ် သွဝါဖုလ်ဝိဒါအ်ကို ပြုလုပ်ရမည်။
အကယ်၍ သွဝါဖုလ်ဝိဒါအ်ပြုလုပ်ပြီးနောက် အခြားခရီး သည်များကို စောင့် ဆိုင်းရခြင်း၊ ခရီးဆောင်အိတ်များတင်ခြင်း သို့မဟုတ် လမ်းတစ်လျှောက် အခြားလိုအပ်သောပစ္စည်းများ ဝယ်ယူခြင်း စသည့်အ ကြောင်းများကြောင့် မက္ကဟ်၌ အချိန်ခဏတာ ဆက်လက်ရှိနေပါက ကိစ္စမရှိပါ။ သွဝါဖုလ်ဝိဒါအ် ပြန် လည်ပြုလုပ်ရန်လည်း မလိုအပ်ပါ။ သို့သော် ခရီးကို ရွှေ့ဆိုင်းရန် ရည် ရွယ်ချက်ဖြင့် ဥပမာ - နံနက်ပိုင်းတွင် ခရီးထွက်ရန် စီစဉ်ထားပြီး သွဝါဖုလ်ဝိဒါအ်ပြုလုပ်ပြီးနောက် ခရီးကို ညနေသို့ ရွှေ့ဆိုင်းလိုက်ပါက ထိုအခြေအနေမျိုးတွင် ကအ်ဗဟ်ကျောင်းတော်နှင့် နောက်ဆုံးအကြိမ် နှုတ်ဆက်ရန်အ တွက် သွဝါဖုလ်ဝိဒါအ် ပြန်လည်ပြုလုပ်ရန် လိုအပ်သည်။
ကျွန်ုပ်တို့၏ နဗီတမန်တော် မုဟမ္မဒ်အပေါ်သို့ အလ္လာဟ်အရှင်မြတ်ထံတော်မှ ကောင်းချီးမင်္ဂလာနှင့် ငြိမ်းချမ်းသာ ယာမှုအပေါင်း ကျရောက်ပါစေ။