Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

9 of 253 cards

Clear filters
အလ္လာဟ်အရှင်မြတ်သည် ဂျန္နသ်နှင့်ဂျဟန္နမ်ကို ဖန်ဆင်းတော်မူပြီးနောက် ဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)အား ဂျန္နသ်သို့စေလွှတ်တော်မူခဲ့သည်။ ထို့နောက် အရှင်မြတ်က မိန့်တော်မူသည်မှာ အသင်သည် ဂျန္နသ်သုခဘုံနှင့် ၎င်းထဲ၌ သုခဘုံသားတို့အတွက် ပြင်ဆင်ထားသောအရာများကို ကြည့်ရှုလော့။ သို့ဖြစ်၍ ဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)သည် ၎င်းတို့အားကြည့်ရှုပြီး ပြန်လာခဲ့သည်။ ထို့နောက် ၎င်းက လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ မည်သူမဆို ထိုဂျန္နသ်သုခဘုံအကြောင်း ကြားသိခဲ့ပါက မုချဝင်ရောက်မည်ပင်ဖြစ်သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က ၎င်းဂျန္နသ်အား မနှစ်မြို့ဖွယ်ရာများနှင့် ဝန်းရံထားရန် အမိန့်ပေးတော်မူခဲ့သည်။ ထို့နောက် အရှင်မြတ်က အသင်ဂျန္နသ်သို့သွားရောက်၍ ဂျန္နသ်သုခဘုံနှင့် ၎င်းထဲ၌ သုခဘုံသားတို့အတွက် ပြင်ဆင်ထားသောအရာများကို ကြည့်ရှုလော့ဟု မိန့်ကြားတော်မူသည်။ ထိုအခါဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)က ဂျန္နသ်သုခဘုံကို ကြည့်ရှုရာ မနှစ်မြို့ဖွယ်ရာများဖြင့် ဝန်းရံခြင်းခံထားရသည်ကို မြင်တွေ့ခဲ့သည်။ ထိုအခါ ၎င်းက လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ ထိုဂျန္နသ်အားမည်သူမျှပင် မဝင်ရောက်နိုင်တော့မည်ကို ကျွန်တော်မျိုး စိုးရိမ်မိပါသည်။ ထို့နောက် အရှင်မြတ်ကမိန့်တော်မူသည်မှာ အသင်သည် ဂျဟန္နမ် ငရဲဘုံနှင့် ၎င်းထဲ၌ ငရဲသားတို့အဖို့ ပြင်ဆင်ထားသောအရာများကို သွားရောက်ကြည့်ရှုလော့။ ထိုအခါ ဂျိဗ်ရီလ် (عَلَيْهِ السَّلَامُ)သည် ဂျဟန္နမ်ငရဲဘုံကို ကြည့်ရှု့ခဲ့ရာ ၎င်းမှမီးတောက်မီးလျှံများ လွင့်ဖြာထွက်နေသည်ကို မြင်တွေ့ခဲ့သည်။ ထို့နောက်ဂျိဗ်ရီလ်(عَلَيْهِ السَّلَامُ)ကပြန်လာ၍ လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ပြောဆိုပါသည်။ ထိုဂျဟန္နမ်ငရဲဘုံအား မည်သူမျှ ဝင်ရောက်လိမ့်မည်မဟုတ်ပါ။ ထိုအခါအလ္လာဟ်အရှင်မြတ်က ၎င်းဂျဟန္နမ်အား စိတ်အလိုရမ္မက်များဖြင့် ဝန်းရံထားရန်အမိန့်ပေးတော်မူခဲ့သည်။ ထို့နောက်အလ္လာဟ်အရှင်မြတ်က အသင်ဂျဟန္နမ်အား ပြန်သွားကြည့်လော့ဟုမိန့်တော်မူသည်။ထိုအခါ ဂျိဗ်ရီလ်(عَلَيْهِ السَّلَامُ)က ဂျဟန္နမ်ကိုကြည့်ရှုခဲ့ရာ ၎င်းသည် စိတ်အလိုရမ္မက်များဖြင့် ဝန်းရံခြင်းခံထားရသည်ကို တွေ့ရှိခဲ့သည်။ ထို့နောက်ပြန်လာ၍ လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ ဂျဟန္နမ်မှ မည်သူမျှ မလွတ်မြောက်နိုင်ဘဲ ဝင်ရောက်ကြမည်ကို ကျွန်တော်မျိုးစိုးရိမ်မိပါသည်။
ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း၊ သိရ်မိဇီကျမ်း၊ နစာအီကျမ်း
အသင်တို့၏ (လောကီ)မီးသည် ဂျဟန္နမ်ငရဲမီး၏ အပုံ(၇ဝ)ပုံ တစ်ပုံမျှသာဖြစ်သည်။ ဆွဟာဗဟ်များက အို- အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ဤလောကမီးဖြင့်ပင် (အပြစ်ကျူးလွန်သူများအား ပြစ်ဒဏ်ခတ်ရန်)လုံလောက်ပါသည်ဟု လျှောက်ထားကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- ဂျဟန္နမ်ငရဲမီး၏အပူရှိန်သည်လောကီမီးထက် အဆပေါင်း (၆၉)ဆသာပိုပြီး တစ်ဆတိုင်း တစ်ဆတိုင်းသည် လောကီမီးနှင့်ညီမျှ၏။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ဂျဟန္နမ်ငရဲအား စိတ်အလိုရမ္မက်များဖြင့် ဖုံးအုပ်ထားပြီး ဂျန္နသ်သုခဘုံအား မနှစ်မြို့ဖွယ်ရာများဖြင့် ဖုံးအုပ်ထားသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်း
ဂျန္နသ်သုခဘုံသည် အသင်တို့အနက် တစ်ဦးတစ်ယောက်၏ ဖိနပ်သဲကြိုးထက်ပင် ၎င်းနှင့် ပို၍နီးကပ်သည်။ ဂျဟန္နမ်ငရဲဘုံသည်လည်း ထိုအတိုင်းပင်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်း
မည်သူမဆို ငါကိုယ်တော်အတွက် မိမိ၏ပါးစောင်နှစ်ခုကြားတွင်ရှိသော အရာ(နှုတ်လျှာ)နှင့် ခြေနှစ်ချောင်းကြားတွင်ရှိသော အရာ(အရှက်အင်္ဂါ)ကို ထိန်းသိမ်းရန်တာဝန်ယူလျှင် ငါကိုယ်တော်သည် ထိုသူ့အတွက် ဂျန္နသ်သုခဘုံကို တာဝန်ယူတော်မူသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်း
သေခြင်းတရားသည် အနက်ရောင်အမွေးအနည်းငယ်ပါရှိသော သိုးဖြူတစ်ကောင်၏အသွင်သဏ္ဍာန်ဖြင့်ယူဆောင်လာခြင်းခံရမည်။ ၎င်းနောက် ကြေညာသူတစ်ဦးက ကြေညာမည်မှာ အို ဂျန္နသ်သုခဘုံသားတို့၊ ၎င်းတို့ကခေါင်းထောင်ပြီးကြည့်ကြမည်။ ထိုအခါ၎င်းက ဤအရာကိုအသင်တို့သိကြလေသလောဟုမေးလိမ့်မည်။ ၎င်းတို့ကဟုတ်ကဲ့ ဤအရာသည် သေခြင်းတရားဖြစ်ပါသည်ဟု အဖြေပေးကြမည်။ ၎င်းတို့အားလုံးသည် ထိုသေခြင်းတရားအား (သိရှိ)မြင်တွေ့ခဲ့ကြပြီးဖြစ်မည်။ ထို့နောက်၎င်းက ကြေညာမည်မှာ အို-ငရဲသားအပေါင်းတို့ ၎င်းတို့ကခေါင်းထောင်ကြည့်ကြမည်။ ထိုအခါ၎င်းက ဤအရာကိုအသင်တို့သိကြလေသလောဟု မေးလိမ့်မည်။ ၎င်းတို့က ဟုတ်ကဲ့၊ ဤအရာသည် သေခြင်းတရားဖြစ်ပါသည်ဟု အဖြေပေးကြမည်။ ၎င်းတို့အားလုံးသည် ထိုသေခြင်းတရားအား(သိရှိ)မြင်တွေ့ခဲ့ကြပြီးဖြစ်မည်။ ထိုအခါသေခြင်းတရားသည်(သိုးပုံစံနှင့်) လည်လှီးခြင်းခံလိုက်ရမည်။ထို့နောက် ကြေညာသူကပြောမည်မှာ အို-ဂျန္နသ်သုခဘုံသားတို့ သေခြင်းတရားမရှိတော့သည့်ထာဝရ(အကျိုး)ကိုခံစားကြကုန်။ တဖန်အို-ဂျဟန္နမ်ငရဲသားတို့ သေခြင်းတရားမရှိတော့သည့် ထာဝရ(ဒုက္ခ)ကို ခံစားကြကုန်။ ထို့နောက် ကိုယ်တော်မြတ်သည် (ဤအာယသ်တော်အား)ဖတ်ရွတ်တော်မူခဲ့သည်။ (၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် ၎င်းတို့အား အမှန်စင်စစ် ၎င်းတို့သည် အလေးမမူ ဂရုမစိုက်ဘဲရှိနေကြပေရာ အကြင်ဝမ်းနည်းကြေကွဲရမည့်နေ့နှင့် စပ်လျဉ်း၍ သတိပေးနှိုးဆော်ပါလေ။ ယခုအခါ သူတို့သည်မေ့လျော့ပေါ့ဆ၍နေကြ၏။ထိုနေ့တွင် အမှုကိစ္စအဝဝသည် (နောက်ဆုံးအနေဖြင့်) စီရင်ဆုံးဖြတ်ပြီး ဖြစ်အံ့သတည်း။) ကုရ်အာန် (၁၉း၃၉) ထိုသို့မေ့လျော့မှု၌ ရှိနေကြသူတို့သည် လောကီသမားများပင် ဖြစ်ကြပေသည်။ (ထို့အပြင် ၎င်းတို့သည် မယုံကြည်ကြချေ။) ကုရ်အာန် (၁၉း၃၉)
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့်တစ်စုံတစ်ရာကို ရှိရ်က် ယှဉ်တွဲကိုးကွယ်မှုမပြုဘဲ အလ္လာဟ်အရှင်မြတ်နှင့်တွေ့ဆုံခဲ့လျှင် ဂျန္နသ်သုခဘုံသို့ဝင်ရောက်ရမည်။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာအား ရှိရ်က် ယှဉ်တွဲကိုးကွယ်မှုပြု၍ အရှင်မြတ်နှင့်တွေ့ဆုံခဲ့လျှင် ဂျဟန္နမ်ငရဲဘုံသို့ ဝင်ရောက်ရမည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ဂျန္နသ် သုခဘုံသို့ အများဆုံးဝင်ရောက်စေသည့်အရာမှာ အဘယ်အရာပါနည်းဟု လျှောက်ထားမေးမြန်းသည့်အခါ ကိုယ်တော်က (သက္ကဝါ) အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုနာခံပြီး အပြစ်အကုသိုလ်မှ ရှောင်ကြဉ်ခြင်းနှင့် ကောင်းမြတ်သည့် ကိုယ်ကျင့်တရားဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။ ထို့နောက် ဂျဟန္နမ်ငရဲဘုံသို့ အများဆုံးဝင်ရောက်စေသည့်အရာမှာ အဘယ်အရာပါနည်းဟု လျှောက်ထားမေးမြန်းသည့်အခါ ကိုယ်တော်က နှုတ်လျှာနှင့် အရှက်အင်္ဂါဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။
ဤဟဒီးဆ်သည် ဟစန်ဆွဟီးဟ် အဆင့်ရှိသည်။ သိရ်မိဇီကျမ်း၊ အိဗ်နုမာဂျဟ်ကျမ်း၊ အဟ်မဒ်ကျမ်း