نص الموضوع
ဇကာသ်ပေးရမည့် အုပ်စု(၈)မျိုးရှိသည်။ ၎င်းတို့မှာ-
(၁) ဆင်းရဲသားများ။
၎င်းတို့သည် နေထိုင်စရာနေရာ၊အစားအသောက်နှင့် အဝတ်အထည်စသည့် ၎င်းတို့၏ အခြေခံလိုအပ်ချက်များကို လုံလောက်စွာ မရရှိကြသူများ ဖြစ်ကြသည်၊
၎င်းတို့အား ပေးအပ်ရမည့် ဇကာသ်ပမာဏမှာ ၎င်းတို့နှင့် ၎င်းတို့၏ မှီခိုသူများအတွက် တစ်နှစ်စာ လုံလောက်မည့် ပမာဏဖြစ်သည်။
၂။ ဆင်းရဲနွမ်းပါးသူများ၊
၎င်းတို့သည် မိမိတို့၏ လိုအပ်ချက်အများစုကို ရရှိကြသော်လည်း အပြည့်အဝ လုံလောက်မှု မရှိသူများ ဖြစ်ကြသည်။ ဥပမာအားဖြင့် လစာရရှိသူဖြစ်သော်လည်း ယင်းလစာသည် ၎င်းအတွက် တစ်နှစ်စာ မလုံလောက်သူမျိုးဖြစ်သည်။
၎င်းတို့အား ဇကာသ်ပေးရမည့် ပမာဏမှာ- ၎င်းတို့နှင့် ၎င်းတို့အပေါ် မှီခိုနေသူများအတွက် တစ်နှစ်စာ အပြည့်အဝ လုံလောက်မည့် ပမာဏဖြစ်သည်။
(၃) ဇကာသ်ကောက်ခံရေး ဝန်ထမ်းများ။
၎င်းတို့သည် အုပ်ချုပ်သူက ဇကာသ်ကောက်ခံရန် တာဝန်ပေးအပ်ထားသူများ၊ သို့မဟုတ် ၎င်းဇကာသ်အား ထိန်းသိမ်းရန် (သို့မဟုတ်) လိုအပ်နေသူများထံသို့ ပို့ဆောင်ပေးရန် တာဝန်ယူထားသူများ ဖြစ်ကြသည်။
၎င်းတို့အား ဇကာသ်ထဲမှပေးရမည့် ပမာဏမှာ- ၎င်းတို့အတွက် နိုင်ငံတော်မှ လုပ်အားခ သို့မဟုတ် လစာ မရှိလျှင် ၎င်းတို့၏ လုပ်ဆောင်မှုအတွက် လုပ်အားခ ပမာဏဖြစ်သည်။
(၄) စိတ်နှလုံးသားကို ဆွဲဆောင် သိမ်းသွင်းရမည့်သူများ။
၎င်းတို့သည် ပေးကမ်းခြင်းဖြင့် အစ္စလာမ်သာသနာကို လက်ခံယုံကြည်လာမည်ဟုသော်လည်းကောင်း၊ ၎င်း၏ အီမာန် ခိုင်မာအားကောင်းလာမည်ဟုသော် လည်းကောင်း၊ သို့မဟုတ် မွတ်စ်လင်မ်များအပေါ် ၎င်း၏ အန္တရာယ်ပြုမှုမှ တားဆီးနိုင်မည်ဟုသော်လည်းကောင်း မျှော်လင့်ရသူတိုင်း ဖြစ်ကြသည်။
၎င်းတို့အား ပေးရမည့် ဇကာသ်ပမာဏမှာ- ၎င်းတို့၏ စိတ်နှလုံးကို ဆွဲဆောင်စည်းရုံးနိုင်မည့် ပမာဏဖြစ်သည်။
(၅) ကျွန်များ၊
ဆိုလိုသည်မှာ- ကျေးကျွန်များနှင့် "မုကာသိဗ်"များကို လွတ်လပ်ခွင့်ပေးခြင်း ဖြစ်သည်။
မုကာသိဗ်ဆိုသည်မှာ ၎င်းသည် မိမိ၏ ပိုင်ရှင်ထံမှ မိမိကိုယ်ကို ပြန်လည်ဝယ်ယူခဲ့သော ကျွန်ဖြစ်သည်။
၎င်းတွင် စစ်ပွဲများ၌ မွတ်စ်လင်မ်သုံ့ပန်းများအား ရွေးနှုတ်ခြင်းလည်း ပါဝင်သည်။
(၆) ကြွေးမြီတင်နေသူများဖြစ်ပြီး ၎င်းတို့မှာ အမျိုးအစား နှစ်မျိုးရှိသည်၊
၁။ မိမိ၏ လိုအပ်ချက်အတွက် အကြွေးတင်နေပြီး၊ ထိုအကြွေးကို ပြန်လည်ပေးဆပ်ရန် ပစ္စည်းဥစ္စာ မရှိသူ။
၎င်း၏ ကြွေးမြီ ကျေပွန်ရန် လုံလောက်သည့် ပမာဏကို ပေးကမ်းရမည်။
၂။ အချင်းချင်းကြား သင့်မြတ်အောင် စေ့စပ်ညှိနှိုင်းပေးခြင်းကြောင့် အကြွေးတင်ရှိနေသူ၊
၎င်းသည် ချမ်းသာကြွယ်ဝသူ ဖြစ်နေစေကာမူ ၎င်း၏အကြွေးကို ကျေပွန်စေမည့် ပမာဏကို ၎င်းအား ပေးကမ်းရမည်။
(၇) အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌။
ထိုသူများသည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ သက်စွန့်ကြိုးပမ်း ဆောင်ရွက်ကြသူများ ဖြစ်ကြသည်။
၎င်းတို့အား ဇကာသ်မှ ပေးရမည့်ပမာဏမှာ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ဂျိဟာဒ်ပြုလုပ်ရန် လုံလောက်သော ပမာဏ၊ ဥပမာ- အစီးအနင်း၊ လက်နက်၊ စားနပ်ရိက္ခာနှင့် အခြားအရာများ စသည်တို့ဖြစ်သည်။
(၈) ခရီးသည်၊
၎င်းသည် မိမိ၏ခရီးစရိတ် ကုန်ဆုံးသွားသောသူ သို့မဟုတ် ခိုးယူခံလိုက်ရပြီး မိမိ၏နေရပ်သို့ ပြန်လည်ရောက်ရှိရန် ငွေကြေး မကျန်ရှိတော့သော ခရီးသွားသူဖြစ်သည်။
၎င်းတို့အား ပေးရမည့် ဇကာသ်ပမာဏမှာ အကယ်၍ ၎င်းသည် မိမိ၏နေရပ်တွင် ချမ်းသာကြွယ်ဝသူဖြစ်နေလျှင်လည်း မိမိနေရပ်သို့ ရောက်ရှိနိုင်မည့် ပမာဏဖြစ်သည်။