نص الموضوع
ကျမ်းဂန်များဟူသည် အလ္လာဟ်အရှင်မြတ်က မိမိ၏ရစူလ်တမန်တော်များအပေါ် ချပေးတော်မူခဲ့သည့် ကောင်းကင်ကျ ကျမ်းများကို ဆိုလိုသည်။
လူသားများအတွက် လမ်းညွှန်မှုနှင့် ကရုဏာတော်ဖြစ်ပြီး၊ ၎င်းတို့သည် လောကီ၊ လောကုတ္တရာ နှစ်ခုလုံး၏ ချမ်းသာသုခသို့ ရောက်ရှိနိုင်ရန်ဖြစ်သည်။
ကျမ်းဂန်များအား သက်ဝင်ယုံကြည်ရာတွင် အချက်လေးချက်ပါဝင်သည်။
(၁) ၎င်းကျမ်းဂန်များသည် အမှန်တကယ်ပင် အလ္လာဟ်အရှင်မြတ်ထံတော်မှ ချပေးခဲ့ခြင်းခံရသည်ဖြစ်ကြောင်း သက်ဝင်ယုံကြည်ခြင်း။
(၂) ထိုကျမ်းဂန်များအနက် ကျွန်ုပ်တို့ အမည်သိရှိရသည့်ကျမ်းဂန်ကို သက်ဝင်ယုံကြည်ခြင်း၊ ဥပမာ- မုဟမ္မဒ် (ﷺ) အပေါ်ကျရောက်ခဲ့သည့် ကုရ်အာန်ကျမ်း၊
ထို့ပြင် မူစာ(အလိုင်ဟိစ္စလာမ်) ပေါ်သို့ ချပေးတော်မူခဲ့သော သောင်ရားသ်ကျမ်း၊
အီစာ (အလိုင်းဟိစ္စလာမ်) အပေါ်ကျရောက်ခဲ့သည့် အင်န်ဂျီလ်ကျမ်း၊
ထို့ပြင် ဒါဝူးဒ်(အလိုင်းဟိစ္စလာမ်)အပေါ် ကျရောက်ခဲ့သည့် ဇဗူရ်ကျမ်းဖြစ်သည်။
ကျွန်ုပ်တို့ အမည်မသိရှိရသည့် အရာကိုမူ ကျွန်ုပ်တို့သည် ယေဘုယျအားဖြင့် သက်ဝင်ယုံကြည်ကြရမည်။
၃။ ၎င်းကျမ်းဂန်များ၌လာရှိသည့် အကြောင်းအရာများအား ထောက်ခံယုံကြည်ခြင်း၊ ဥပမာ- ကျမ်းမြတ်ကုရ်အာန်တွင် လာရှိသော အကြောင်းအရာများ၊ ရှေးကျမ်းဂန်များအနက်မှ ပြုပြင်ပြောင်းလဲထားခြင်းမရှိသော အကြောင်းအရာများ ဖြစ်သည်။
၄။ ထိုကျမ်းဂန်များမှ (မန်စူးခ်)ပလပ်ရုပ်သိမ်းခြင်း မခံထားရသော အမိန့်ပညတ်ချက်များကို လိုက်နာကျင့်သုံးခြင်း။ ကျွန်ုပ်တို့သည် ထိုအမိန့်ပညတ်ချက်များ၏ ဟိက်မသ်အမြော်အမြင်ကို နားလည်သဘောပေါက်သည်ဖြစ်စေ၊ သဘောမပေါက်သည်ဖြစ်စေ ယင်းအမိန့်ပညတ်ချက်များအား ကျေနပ်နှစ်သက်လက်ခံရမည်ဖြစ်သည်။
ရှေးကျမ်းဂန်များ အားလုံးသည် ကျမ်းတော်မြတ်ကုရ်အာန်ဖြင့် ပလပ်ရုပ်သိမ်းခြင်းခံခဲ့ရပြီး ဖြစ်သည်။
ထို့ကြောင့် ရှေးကျမ်းဂန်လာ အမိန့်ပညတ်ချက်များအနက် မှန်ကန်ပြီး ကျမ်းမြတ်ကုရ်အာန် သို့မဟုတ် တမန်တော်မြတ်၏ စွန္နသ်တော်က ထောက်ခံအတည်ပြုထားသည့် အမိန့်ပညတ်ချက်မှလွဲ၍ အခြား မည်သည့်အမိန့်ပညတ်ချက်ကိုမျှ လိုက်နာကျင့်သုံးခွင့် မရှိပေ။