မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်း သက်သေခံခြင်း၏ အလိုသဘောမှာ -
نص الموضوع
တမန်တော်မြတ် အမိန့်ပေးခဲ့သည့်အရာများကို နာခံခြင်း၊ တမန်တော်မြတ် သတင်းပေးခဲ့သည့်အကြောင်းအရာများကို ယုံကြည်ထောက်ခံခြင်း၊ တမန်တော်မြတ် သတိပေးတားမြစ်ခဲ့သည့်အရာများကို ရှောင်ကြဉ်ခြင်းနှင့် ကိုယ်တော်၏ရှရီအသ်တရားလမ်းစဥ်အတိုင်း အရှင်မြတ်အား ခဝပ်ကိုးကွယ်ခြင်းတို့ ဖြစ်သည်။
သို့ဖြစ်၍ မွတ်စ်လင်မ်တစ်ဦးသည် ကုရိုက်ရှ်မျိုးနွယ်၊ ဟာရှင်မ်ဆွေမျိုးစုဝင် မုဟမ္မဒ် ဗင်န် အဗ်ဒုလ္လာဟ်သည် ဂျင်န်နှင့် လူသားများအပါအဝင် ခပ်သိမ်းသော ဖန်ဆင်းခံများဆီသို့ စေလွှတ်တော်မူခြင်းခံရသော အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်း ယုံကြည်လက်ခံရမည်။
ထိုနည်းတူ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည် -
(အို-နဗီတမန်တော်) အသင်သည် (လူခပ်သိမ်းတို့အား ဤသို့)ပြောကြားပါလေ။ အို-လူသား အပေါင်းတို့၊ ငါသည် ဧကန်စင်စစ် အသင်တို့အားလုံးထံ အကြင်အလ္လာဟ်အရှင်မြတ်အထံတော်မှ စေလွှတ်ခြင်းခံရသော ရစူလ်တမန်တော်ပင် ဖြစ်ပေသည်...။)
(စူရဟ် အအ်ရားဖ်၊ အာယသ်-၁၅၈)
ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် တမန်တော်မြတ်အား မိမိ၏သာသနာတော်ကို ပို့ဆောင်ရန်နှင့် ဖန်ဆင်းခံများအား လမ်းမှန်တရားပြသရန်အတွက် စေလွှတ်တော်မူခဲ့သည်။
( (အို-နဗီတမန်တော်) အမှန်သော်ကား ငါအရှင်မြတ်သည် အသင့်အား ခပ်သိမ်းကုန်သောလူတို့အဖို့ ဝမ်းမြောက်ဖွယ်ရာသတင်း ပြောကြားသူအဖြစ် လည်းကောင်း၊ သတိပေးနှိုးဆော်သူအဖြစ်လည်းကောင်း၊ စေလွှတ်တော်မူခဲ့၏။ သို့ရာတွင် များစွာသောသူတို့မှာ မသိနားမလည်ကြပေ။)
(စူရဟ် ဆဗအ်၊ အာယသ်-၂၈)
ထိုအတိုင်းပင် အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-
(စင်စစ်သော်ကား (အို-နဗီတမန်တော်) ငါအရှင်မြတ်သည် အသင့်အား ကမ္ဘာခပ်သိမ်းတို့အဖို့ ကရုဏာတော်အဖြစ်နှင့်သာလျှင် စေလွှတ်တော်မူခဲ့ပေသည်။)
(စူရဟ် အန်ဗိယာအ်၊ အာယသ်-၁၀၇)
ဤသက်သေခံချက်က တောင်းဆိုသည့်အချက်မှာ- အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ﷺ) ၌ ဖန်ဆင်းမွေးမြူအုပ်ချုပ်ခြင်း(ရဗူဗိယဟ်)နှင့် စကြဝဠာကို စီမံခန့်ခွဲပိုင်ခွင့်၊ သို့မဟုတ် ခဝပ်ကိုးကွယ်ခြင်းကိုခံယူထိုက်သည့် အခွင့်အရေး တစ်စုံတစ်ရာရှိသည်ဟု ယုံကြည်မှု မထားရှိရန်ဖြစ်သည်။
အမှန်စင်စစ် ကိုယ်တော်မြတ်(ﷺ)သည် ခဝပ်ကိုးကွယ်ခြင်းမခံရသော အရှင်မြတ်၏ကျွန်ဖြစ်ပြီး သွေဖည်ငြင်းပယ်ခွင့် မရှိသော ရစူလ်တမန်တော်ဖြစ်တော်မူသည်။
ထို့ပြင် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသောအရာမှလွဲ၍ မိမိအတွက်ဖြစ်စေ၊ အခြားသူများအတွက်ဖြစ်စေ ကောင်းကျိုးနှင့် ဆိုးကျိုးဖြစ်စေရန် မည်သည့်အာဏာမျှ မရှိပေ။
( (အို-နဗီတမန်တော်) အသင်သည် (ထိုသူတို့အား ဤသို့)ပြောဆိုပါလေ။ (အို-အချင်းတို့) ကျွန်ုပ်ထံတွင် အလ္လာဟ်အရှင်မြတ်၏ ဘဏ္ဍာတော်များ ရှိသည်ဟူ၍လည်း ကျွန်ုပ်သည် အသင်တို့အား ပြောဆိုသည် မဟုတ်။ ကျွန်ုပ်သည် အကွယ်၌ရှိသည် တို့ကိုမြင်သည် (ဟူ၍လည်း ပြောဆိုသည်)မဟုတ်။ ၎င်းပြင် ကျွန်ုပ်သည် ကောင်းကင်တမန် ဖြစ်သည်ဟူ၍လည်း အသင်တို့အား ပြောဆိုသည် မဟုတ်။ စင်စစ်သော်ကား ကျွန်ုပ်သည် မိမိထံ ကျရောက်လာသော ‘‘ဝဟ်ယ်’’ အမိန့်တော်ကိုသာ လိုက်နာလျက်ရှိ၏...)
[စူရဟ် အန်အားမ်၊ အာယသ်- ၅၀]