Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

7 of 253 cards

Clear filters
အလ္လာဟ်အရှင်မြတ်သည် ဂျန္နသ်နှင့်ဂျဟန္နမ်ကို ဖန်ဆင်းတော်မူပြီးနောက် ဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)အား ဂျန္နသ်သို့စေလွှတ်တော်မူခဲ့သည်။ ထို့နောက် အရှင်မြတ်က မိန့်တော်မူသည်မှာ အသင်သည် ဂျန္နသ်သုခဘုံနှင့် ၎င်းထဲ၌ သုခဘုံသားတို့အတွက် ပြင်ဆင်ထားသောအရာများကို ကြည့်ရှုလော့။ သို့ဖြစ်၍ ဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)သည် ၎င်းတို့အားကြည့်ရှုပြီး ပြန်လာခဲ့သည်။ ထို့နောက် ၎င်းက လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ မည်သူမဆို ထိုဂျန္နသ်သုခဘုံအကြောင်း ကြားသိခဲ့ပါက မုချဝင်ရောက်မည်ပင်ဖြစ်သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က ၎င်းဂျန္နသ်အား မနှစ်မြို့ဖွယ်ရာများနှင့် ဝန်းရံထားရန် အမိန့်ပေးတော်မူခဲ့သည်။ ထို့နောက် အရှင်မြတ်က အသင်ဂျန္နသ်သို့သွားရောက်၍ ဂျန္နသ်သုခဘုံနှင့် ၎င်းထဲ၌ သုခဘုံသားတို့အတွက် ပြင်ဆင်ထားသောအရာများကို ကြည့်ရှုလော့ဟု မိန့်ကြားတော်မူသည်။ ထိုအခါဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)က ဂျန္နသ်သုခဘုံကို ကြည့်ရှုရာ မနှစ်မြို့ဖွယ်ရာများဖြင့် ဝန်းရံခြင်းခံထားရသည်ကို မြင်တွေ့ခဲ့သည်။ ထိုအခါ ၎င်းက လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ ထိုဂျန္နသ်အားမည်သူမျှပင် မဝင်ရောက်နိုင်တော့မည်ကို ကျွန်တော်မျိုး စိုးရိမ်မိပါသည်။ ထို့နောက် အရှင်မြတ်ကမိန့်တော်မူသည်မှာ အသင်သည် ဂျဟန္နမ် ငရဲဘုံနှင့် ၎င်းထဲ၌ ငရဲသားတို့အဖို့ ပြင်ဆင်ထားသောအရာများကို သွားရောက်ကြည့်ရှုလော့။ ထိုအခါ ဂျိဗ်ရီလ် (عَلَيْهِ السَّلَامُ)သည် ဂျဟန္နမ်ငရဲဘုံကို ကြည့်ရှု့ခဲ့ရာ ၎င်းမှမီးတောက်မီးလျှံများ လွင့်ဖြာထွက်နေသည်ကို မြင်တွေ့ခဲ့သည်။ ထို့နောက်ဂျိဗ်ရီလ်(عَلَيْهِ السَّلَامُ)ကပြန်လာ၍ လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ပြောဆိုပါသည်။ ထိုဂျဟန္နမ်ငရဲဘုံအား မည်သူမျှ ဝင်ရောက်လိမ့်မည်မဟုတ်ပါ။ ထိုအခါအလ္လာဟ်အရှင်မြတ်က ၎င်းဂျဟန္နမ်အား စိတ်အလိုရမ္မက်များဖြင့် ဝန်းရံထားရန်အမိန့်ပေးတော်မူခဲ့သည်။ ထို့နောက်အလ္လာဟ်အရှင်မြတ်က အသင်ဂျဟန္နမ်အား ပြန်သွားကြည့်လော့ဟုမိန့်တော်မူသည်။ထိုအခါ ဂျိဗ်ရီလ်(عَلَيْهِ السَّلَامُ)က ဂျဟန္နမ်ကိုကြည့်ရှုခဲ့ရာ ၎င်းသည် စိတ်အလိုရမ္မက်များဖြင့် ဝန်းရံခြင်းခံထားရသည်ကို တွေ့ရှိခဲ့သည်။ ထို့နောက်ပြန်လာ၍ လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ ဂျဟန္နမ်မှ မည်သူမျှ မလွတ်မြောက်နိုင်ဘဲ ဝင်ရောက်ကြမည်ကို ကျွန်တော်မျိုးစိုးရိမ်မိပါသည်။
ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း၊ သိရ်မိဇီကျမ်း၊ နစာအီကျမ်း
ကုရ်အာန်ကျွမ်းကျင်သူအား ပြောမည်မှာ- ဖတ်ပါ၊ တက်ပါ၊ အသင်လောက၌ ရှိစဥ်အခါက သရ်သီလ်နှင့်ဖတ်ခဲ့သည့်အတိုင်း သရ်သီလ်နှင့်ဖတ်ပါ။အသင်၏ အဆင့်အတန်းသည် သင်နောက်ဆုံး ဖတ်ရွတ်လိုက်သည့် အာယသ်တော်နှင့်အညီ ရှိနေမည်ဖြစ်သည်။
ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း၊ သိရ်မိဇီကျမ်း၊ နစာအီ၏ကုဗ်ရာကျမ်း၊ အဟ်မဒ်ကျမ်း
မုအ်မင်န် သက်ဝင်ယုံကြည်သူများအနက် အီမာန် ယုံကြည်မှုအားဖြင့် အပြည့်ဝဆုံးသူမှာ ကိုယ်ကျင့်တရား အကောင်းဆုံးသူပင်ဖြစ်သည်။ သင်တို့အနက် အကောင်းဆုံးသူမှာ အသင်တို့၏ အမျိုးသမီးများအပေါ် အကောင်းဆုံးသူပင် ဖြစ်သည်။
ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း၊ သိရ်မိဇီကျမ်း၊ အဟ်မဒ်ကျမ်း
အကြင်သူသည် လူအုပ်စုတစ်စုဖြင့် တူဆင်အောင်ပြုလုပ်ခဲ့လျှင် ၎င်းသည် ထိုအုပ်စုအနက်မှပင်ဖြစ်သည်။
ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း၊ အဟ်မဒ်ကျမ်း
အသင်တို့၏ နေအိမ်များကို ကဗရ်သင်္ချိုင်းများအဖြစ် မပြုလုပ်ကြနှင့်၊ ငါကိုယ်တော်၏ကဗရ်ကိုလည်း အီးဒ်မပြုလုပ်ကြနှင့် ငါကိုယ်တော်အပေါ်သို့ ဆွလာသ်မေတ္တာ ပို့သကြလေကုန်၊ ဧကန်မုချ အသင်တို့၏ ဆွလာသ်မေတ္တာ ပို့သမှုသည် အသင်တို့မည်သည့်နေရာတွင်ရှိသည်ဖြစ်စေ ငါကိုယ်တော်ထံ ရောက်ရှိလေသည်။
ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း
မည်သူမဆို မွတ်စ်လင်မ်တစ်ဦးအား ထိခိုက်နစ်နာအောင်ပြုခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ထိခိုက်နစ်နာစေလိမ့်မည်။ မည်သူမဆို မွတ်စ်လင်မ်တစ်ဦးအား ခက်ခဲဒုက္ခရောက်အောင်ပြုခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ခက်ခဲဒုက္ခရောက်စေလိမ့်မည်။
ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း၊ သိရ်မိဇီကျမ်း၊ အိဗ်နုမာဂျဟ်ကျမ်း၊ အဟ်မဒ်ကျမ်း
ဧကန်အမှန် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စဂ်ျဒဟ် နှစ်ခုကြားတွင် " اللَّهمَّ اغْفِرْ لي، وارْحَمْنِي، وعافِني، واهْدِني، وارزقْنِي " (အဓိပ္ပါယ်- အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ၊ ကရုဏာပြုတော်မူပါ၊ ငြိမ်းချမ်းမှုအဖြာဖြာ ချီးမြှင့်တော်မူပါ၊ လမ်းမှန်တရားချီးမြှင့်တော်မူပါ၊ စားနပ်ရိက္ခာချီးမြှင့်တော်မူပါ။)ကို အမြဲတောင်းခံလေ့ရှိ၏။
ဤဟဒီးဆ်ကို ထောက်ခံထားသော အခြားဟဒီးဆ်များကြောင့် ဤဟဒီးဆ်သည် ဟစန်ဖြစ်သွားသည်။ အဗူဒါဝူဒ်ကျမ်း၊ သိရ်မိဇီကျမ်း၊ အိဗ်နုမာဂျဟ်ကျမ်း၊ အဟ်မဒ်ကျမ်း