Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

21 of 253 cards

Clear filters
အလ္လာဟ်အရှင်မြတ်သည် ဂျန္နသ်နှင့်ဂျဟန္နမ်ကို ဖန်ဆင်းတော်မူပြီးနောက် ဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)အား ဂျန္နသ်သို့စေလွှတ်တော်မူခဲ့သည်။ ထို့နောက် အရှင်မြတ်က မိန့်တော်မူသည်မှာ အသင်သည် ဂျန္နသ်သုခဘုံနှင့် ၎င်းထဲ၌ သုခဘုံသားတို့အတွက် ပြင်ဆင်ထားသောအရာများကို ကြည့်ရှုလော့။ သို့ဖြစ်၍ ဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)သည် ၎င်းတို့အားကြည့်ရှုပြီး ပြန်လာခဲ့သည်။ ထို့နောက် ၎င်းက လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ မည်သူမဆို ထိုဂျန္နသ်သုခဘုံအကြောင်း ကြားသိခဲ့ပါက မုချဝင်ရောက်မည်ပင်ဖြစ်သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က ၎င်းဂျန္နသ်အား မနှစ်မြို့ဖွယ်ရာများနှင့် ဝန်းရံထားရန် အမိန့်ပေးတော်မူခဲ့သည်။ ထို့နောက် အရှင်မြတ်က အသင်ဂျန္နသ်သို့သွားရောက်၍ ဂျန္နသ်သုခဘုံနှင့် ၎င်းထဲ၌ သုခဘုံသားတို့အတွက် ပြင်ဆင်ထားသောအရာများကို ကြည့်ရှုလော့ဟု မိန့်ကြားတော်မူသည်။ ထိုအခါဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)က ဂျန္နသ်သုခဘုံကို ကြည့်ရှုရာ မနှစ်မြို့ဖွယ်ရာများဖြင့် ဝန်းရံခြင်းခံထားရသည်ကို မြင်တွေ့ခဲ့သည်။ ထိုအခါ ၎င်းက လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ ထိုဂျန္နသ်အားမည်သူမျှပင် မဝင်ရောက်နိုင်တော့မည်ကို ကျွန်တော်မျိုး စိုးရိမ်မိပါသည်။ ထို့နောက် အရှင်မြတ်ကမိန့်တော်မူသည်မှာ အသင်သည် ဂျဟန္နမ် ငရဲဘုံနှင့် ၎င်းထဲ၌ ငရဲသားတို့အဖို့ ပြင်ဆင်ထားသောအရာများကို သွားရောက်ကြည့်ရှုလော့။ ထိုအခါ ဂျိဗ်ရီလ် (عَلَيْهِ السَّلَامُ)သည် ဂျဟန္နမ်ငရဲဘုံကို ကြည့်ရှု့ခဲ့ရာ ၎င်းမှမီးတောက်မီးလျှံများ လွင့်ဖြာထွက်နေသည်ကို မြင်တွေ့ခဲ့သည်။ ထို့နောက်ဂျိဗ်ရီလ်(عَلَيْهِ السَّلَامُ)ကပြန်လာ၍ လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ပြောဆိုပါသည်။ ထိုဂျဟန္နမ်ငရဲဘုံအား မည်သူမျှ ဝင်ရောက်လိမ့်မည်မဟုတ်ပါ။ ထိုအခါအလ္လာဟ်အရှင်မြတ်က ၎င်းဂျဟန္နမ်အား စိတ်အလိုရမ္မက်များဖြင့် ဝန်းရံထားရန်အမိန့်ပေးတော်မူခဲ့သည်။ ထို့နောက်အလ္လာဟ်အရှင်မြတ်က အသင်ဂျဟန္နမ်အား ပြန်သွားကြည့်လော့ဟုမိန့်တော်မူသည်။ထိုအခါ ဂျိဗ်ရီလ်(عَلَيْهِ السَّلَامُ)က ဂျဟန္နမ်ကိုကြည့်ရှုခဲ့ရာ ၎င်းသည် စိတ်အလိုရမ္မက်များဖြင့် ဝန်းရံခြင်းခံထားရသည်ကို တွေ့ရှိခဲ့သည်။ ထို့နောက်ပြန်လာ၍ လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ ဂျဟန္နမ်မှ မည်သူမျှ မလွတ်မြောက်နိုင်ဘဲ ဝင်ရောက်ကြမည်ကို ကျွန်တော်မျိုးစိုးရိမ်မိပါသည်။
ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း၊ သိရ်မိဇီကျမ်း၊ နစာအီကျမ်း
ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် (အမျက်ဒေါသဖြင့်) မခံချင်စိတ် ဖြစ်တော်မူသည်။ မုအ်မင်န်သည်လည်း မခံချင်စိတ်ဖြစ်သည်။ အရှင်မြတ်၏ (အမျက်ဒေါသဖြင့်) မခံချင်စိတ်ဖြစ်ခြင်းသည် မုအ်မင်န်တစ်ဦးက အလ္လာဟ်အရှင်မြတ် တားမြစ်ထားသည့် အရာကိုကျူးလွန်သည့် အခါတွင်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ သာဝကအချို့သည် ရောက်ရှိလာပြီး ကိုယ်တော့်အား ကျွန်တော်တို့အနက် လူတိုင်းသည် ထုတ်ဖော်ပြောဆိုရန်ပင် အလွန်ဝန်လေးမိသည့် (ရှိုင်သွာန်ဘက်မှလာသော မကောင်းသည့်)အတွေးများ ကျွန်တော်တို့၏ စိတ်ထဲ၌ပေါ်ပေါက်နေပါသည်ဟု လျှောက်ထားခဲ့ကြသည်။ ကိုယ်တော်က သင်တို့သည် ထိုကိစ္စမျိုးအမှန်တကယ်ကြုံတွေ့ခဲ့ကြပါသလားဟု မေးမြန်းတော်မူရာ ၎င်းတို့က ဟုတ်ကဲ့ပါဟု ဖြေကြားခဲ့ကြသည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ ဤသည် စစ်မှန်သည့် အီမာန်ယုံကြည်မှုပင်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
အသင်တို့အနက် တစ်ဦးတစ်ယောက်ထံသို့ ရှိုင်သွာန်ကလာရောက်၍ ဤအရာကို မည်သူဖန်ဆင်းခဲ့ပါသနည်း၊ ဤအရာကို မည်သူဖန်ဆင်းခဲ့ပါသနည်းဟု မေးမြန်းရင်း နောက်ဆုံး သင်၏အရှင်သခင်ကို မည်သူဖန်ဆင်းခဲ့ပါသနည်းဟု မေးမြန်းလိမ့်မည်။ အကယ်၍ ထိုအဆင့်ထိ ရောက်လာခဲ့လျှင် أَعُوذُ بِاللَّهِ (အလ္လာဟ်အရှင်မြတ်၏ ထံတော်တွင်ခိုလှုံပါ၏ဟု) ရွတ်ဆိုကာ ထိုမကောင်းသည့်အတွေးကို စွန့်လိုက်ပါ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
လူတစ်ဦးသည် တစ်ဦးတစ်ယောက်၏ ‘ကဗရ်’မြှုပ်နှံတွင်းနားမှ ဖြတ်သွားသည့်အခါ သူ့နေရာတွင် ငါသာရှိလျှင် ဘယ်လောက်ကောင်းလိုက်မလဲဟု မပြောမချင်း ကိယာမသ် ဆိုက်ရောက်မည် မဟုတ်ပေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
လမ်းမှန်တရားဘက်သို့ ဖိတ်ခေါ်သူသည် ထိုလမ်းမှန်တရားကို လိုက်နာကျင့်သုံးသူရရှိသည့် အကျိုးကုသိုလ်အတိုင်း အကျိုးကုသိုလ် ရရှိမည်ဖြစ်သည်။ ထိုသို့ရရှိခြင်းကြောင်း လိုက်နာကျင့်သုံးသူများ၏ အကျိုးကုသိုလ်တွင် တစ်စုံတစ်ရာ လျော့နည်းသွားမည် မဟုတ်ပေ။ ထို့အတူ လမ်းမှားသို့ ဖိတ်ခေါ်သူသည် ထိုလမ်းမှားကို လိုက်နာကျင့်သုံးသူရရှိသည့် အပြစ်အကုသိုလ်အတိုင်း အပြစ်အကုသိုလ် ရရှိမည်ဖြစ်သည်။ ထိုသို့ရရှိခြင်းကြောင့် လိုက်နာကျင့်သုံးသူများ၏ အပြစ်အကုသိုလ်တွင် တစ်စုံတစ်ရာ လျော့နည်းသွားမည် မဟုတ်ပေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
အကြင်သူသည် အကြွေးဆပ်ရန် ခက်ခဲနေသူအား နောက်ဆိုင်းပေးထားမည် သို့မဟုတ် ကြွေးမြီတစ်စုံတစ်ရာကို လျှော့ပေးလိုက်မည်ဆိုလျှင် ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား မိမိပလ္လင်တော်၏ အရိပ်အောက်၌ အရိပ်ပေးတော်မူမည်။ ထိုနေ့တွင် ၎င်း၏အရိပ်မှလွဲ၍ အခြားမည်သည့် အရိပ်အာဝါသမျှ ရှိမည်မဟုတ်ပေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ သိရ်မိဇီကျမ်း၊ အဟ်မဒ်ကျမ်း
အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ကဗရ်အား ကိုးကွယ်ရာအဖြစ် မပြုလုပ်လိုက်ပါနှင့်။ မိမိတို့နဗီတမန်တော်များ၏ ကဗရ်များကို ဦးချရာနေရာများအဖြစ် သတ်မှတ်ခဲ့ကြသော အမျိုးသားတို့အား အလ္လာဟ်အရှင်မြတ်သည် အလွန်အမျက်ထွက်တော်မူသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ အဟ်မဒ်ကျမ်း