Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

5 of 253 cards

Clear filters
အလ္လာဟ်အရှင်မြတ်သည် ဂျန္နသ်နှင့်ဂျဟန္နမ်ကို ဖန်ဆင်းတော်မူပြီးနောက် ဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)အား ဂျန္နသ်သို့စေလွှတ်တော်မူခဲ့သည်။ ထို့နောက် အရှင်မြတ်က မိန့်တော်မူသည်မှာ အသင်သည် ဂျန္နသ်သုခဘုံနှင့် ၎င်းထဲ၌ သုခဘုံသားတို့အတွက် ပြင်ဆင်ထားသောအရာများကို ကြည့်ရှုလော့။ သို့ဖြစ်၍ ဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)သည် ၎င်းတို့အားကြည့်ရှုပြီး ပြန်လာခဲ့သည်။ ထို့နောက် ၎င်းက လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ မည်သူမဆို ထိုဂျန္နသ်သုခဘုံအကြောင်း ကြားသိခဲ့ပါက မုချဝင်ရောက်မည်ပင်ဖြစ်သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က ၎င်းဂျန္နသ်အား မနှစ်မြို့ဖွယ်ရာများနှင့် ဝန်းရံထားရန် အမိန့်ပေးတော်မူခဲ့သည်။ ထို့နောက် အရှင်မြတ်က အသင်ဂျန္နသ်သို့သွားရောက်၍ ဂျန္နသ်သုခဘုံနှင့် ၎င်းထဲ၌ သုခဘုံသားတို့အတွက် ပြင်ဆင်ထားသောအရာများကို ကြည့်ရှုလော့ဟု မိန့်ကြားတော်မူသည်။ ထိုအခါဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)က ဂျန္နသ်သုခဘုံကို ကြည့်ရှုရာ မနှစ်မြို့ဖွယ်ရာများဖြင့် ဝန်းရံခြင်းခံထားရသည်ကို မြင်တွေ့ခဲ့သည်။ ထိုအခါ ၎င်းက လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ ထိုဂျန္နသ်အားမည်သူမျှပင် မဝင်ရောက်နိုင်တော့မည်ကို ကျွန်တော်မျိုး စိုးရိမ်မိပါသည်။ ထို့နောက် အရှင်မြတ်ကမိန့်တော်မူသည်မှာ အသင်သည် ဂျဟန္နမ် ငရဲဘုံနှင့် ၎င်းထဲ၌ ငရဲသားတို့အဖို့ ပြင်ဆင်ထားသောအရာများကို သွားရောက်ကြည့်ရှုလော့။ ထိုအခါ ဂျိဗ်ရီလ် (عَلَيْهِ السَّلَامُ)သည် ဂျဟန္နမ်ငရဲဘုံကို ကြည့်ရှု့ခဲ့ရာ ၎င်းမှမီးတောက်မီးလျှံများ လွင့်ဖြာထွက်နေသည်ကို မြင်တွေ့ခဲ့သည်။ ထို့နောက်ဂျိဗ်ရီလ်(عَلَيْهِ السَّلَامُ)ကပြန်လာ၍ လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ပြောဆိုပါသည်။ ထိုဂျဟန္နမ်ငရဲဘုံအား မည်သူမျှ ဝင်ရောက်လိမ့်မည်မဟုတ်ပါ။ ထိုအခါအလ္လာဟ်အရှင်မြတ်က ၎င်းဂျဟန္နမ်အား စိတ်အလိုရမ္မက်များဖြင့် ဝန်းရံထားရန်အမိန့်ပေးတော်မူခဲ့သည်။ ထို့နောက်အလ္လာဟ်အရှင်မြတ်က အသင်ဂျဟန္နမ်အား ပြန်သွားကြည့်လော့ဟုမိန့်တော်မူသည်။ထိုအခါ ဂျိဗ်ရီလ်(عَلَيْهِ السَّلَامُ)က ဂျဟန္နမ်ကိုကြည့်ရှုခဲ့ရာ ၎င်းသည် စိတ်အလိုရမ္မက်များဖြင့် ဝန်းရံခြင်းခံထားရသည်ကို တွေ့ရှိခဲ့သည်။ ထို့နောက်ပြန်လာ၍ လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ ဂျဟန္နမ်မှ မည်သူမျှ မလွတ်မြောက်နိုင်ဘဲ ဝင်ရောက်ကြမည်ကို ကျွန်တော်မျိုးစိုးရိမ်မိပါသည်။
ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း၊ သိရ်မိဇီကျမ်း၊ နစာအီကျမ်း
“လူတစ်ဦးသည် အပြစ်အကုသိုလ်တစ်ခု ကျူးလွန်ပြီးနောက်(ဝုဿွူရေ) သန့်စင်မှုပြုလုပ်မည်။ ထို့နောက် ဆွလာသ်ဆောက်တည်မည်။ ၎င်းနောက်အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် အပြစ်မှ ခွင့်လွှတ်ချမ်းသာခွင့် တောင်းခံပါက အလ္လာဟ်အရှင်မြတ်သည် ၎င်းအားမုချ ခွင့်လွှတ်တော်မူမည်ဖြစ်သည်။” ထို့နောက် ကိုယ်တော်သည် ဤအာယသ်တော်အား ရွတ်ဖတ်တော်မူခဲ့သည်။ (ထို့ပြင်တဝ ယင်းသူတော်စင်များသည် ညစ်ညမ်းသော ကိစ္စတရပ်ရပ်ကို ပြုလုပ်မိကြသည်ဖြစ်စေ၊ မိမိတို့ကိုယ်ကို နှိပ်စက်ညှင်းပန်းမိကြသည်ဖြစ်စေ (ပြုမိလျှင်ပြုမိခြင်း) အလ္လာဟ်အရှင်မြတ်အား အောက်မေ့ တသ သတိရကြကုန်၏။ ထို့နောက် မိမိတို့အပြစ်များမှ ချမ်းသာရန်အလို့ငှါ (အလ္လာဟ်အရှင်မြတ် အထံတော်၌) အသနားခံ တောင်းပန်ကြကုန်၏။) ကုရ်အာန် (၃:၁၃၅)
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း၊ သိရ်မိဇီကျမ်း၊ နစာအီ၏ကုဗ်ရာကျမ်း၊ အိဗ်နုမာဂျဟ်ကျမ်း၊ အဟ်မဒ်ကျမ်း
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ဂျန္နသ် သုခဘုံသို့ အများဆုံးဝင်ရောက်စေသည့်အရာမှာ အဘယ်အရာပါနည်းဟု လျှောက်ထားမေးမြန်းသည့်အခါ ကိုယ်တော်က (သက္ကဝါ) အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုနာခံပြီး အပြစ်အကုသိုလ်မှ ရှောင်ကြဉ်ခြင်းနှင့် ကောင်းမြတ်သည့် ကိုယ်ကျင့်တရားဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။ ထို့နောက် ဂျဟန္နမ်ငရဲဘုံသို့ အများဆုံးဝင်ရောက်စေသည့်အရာမှာ အဘယ်အရာပါနည်းဟု လျှောက်ထားမေးမြန်းသည့်အခါ ကိုယ်တော်က နှုတ်လျှာနှင့် အရှက်အင်္ဂါဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။
ဤဟဒီးဆ်သည် ဟစန်ဆွဟီးဟ် အဆင့်ရှိသည်။ သိရ်မိဇီကျမ်း၊ အိဗ်နုမာဂျဟ်ကျမ်း၊ အဟ်မဒ်ကျမ်း
အလ္လာဟ်အရှင်မြတ်သည် ဖြောင့်မတ်မှန်ကန်သည့်လမ်းအား ဘေးတွင်တံတိုင်းနှစ်ဖက်ပါရှိသည့်လမ်းဖြင့် ပမာပေးတော်မူခဲ့သည်။ ထိုတံတိုင်းနှစ်ဘက်တွင် ဖွင့်ထားသည့် တံခါးများရှိပြီး ထိုတံခါးများတွင် တွဲလောင်းချထားသောလိုက်ကာများရှိသည်။လမ်း၏ဝင်ပေါက်တွင် ဖိတ်ခေါ်သူတစ်ဦးရှိသည်။ ၎င်းက အို လူသားအပေါင်းတို့ အသင်တို့အားလုံး လမ်းထဲသို့ဝင်ရောက်ကြပါ မတိမ်းစောင်းသွားကြနှင့်ဟု ဖိတ်ခေါ်နေသည်။ ထို့အတူ လမ်း၏အပေါ်ဘက်တွင် ဖိတ်ခေါ်သူတစ်ဦးရှိသည်။ ၎င်းက ထိုတံခါးများအနက်မှ တံခါးတစ်ခုခုကိုဖွင့်လိုသူအားပြောမည်မှာ သင့်အတွက် ဝမ်းနည်းလေစွ၊ ၎င်းကိုမဖွင့်လေနှင့် အကယ်၍ အသင်ဖွင့်လိုက်လျှင် ဝင်ရောက်သွားလိမ့်မည်။ လမ်းဟူသည် အစ္စလာမ်ကိုဆိုလိုပြီး တံတိုင်းနှစ်ခုသည် အလ္လာဟ်အရှင်မြတ်၏ ကန့်သတ်နယ်နိမိတ်များကို ဆိုလိုသည်။ ဖွင့်ထားသည့် တံခါးများသည် အလ္လာဟ်အရှင်မြတ် တားမြစ်ထားသောအရာများကို ဆိုလိုခြင်းဖြစ်သည်။ ထို့ပြင်လမ်း၏ ဝင်ပေါက်တွင်ဖိတ်ခေါ်သူဟူသည် ကုရ်အာန်ကျမ်းမြတ်ကို ဆိုလိုခြင်းဖြစ်သည်။လမ်း၏အပေါ်ဘက်မှ ဖိတ်ခေါ်သူဟူသည် မွတ်စ်လင်မ်တိုင်း၏ နှလုံးသားထဲတွင်ရှိသည့် အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ဆုံးမသူ(အီမာန်ယုံကြည်မှုပင်) ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ သိရ်မိဇီကျမ်း၊ အဟ်မဒ်ကျမ်း
(ထို့နောက် အသင်တို့သည် ထိုနေ့၌ စည်းစိမ်များနှင့်စပ်လျဉ်း၍ မုချအမှန် စစ်ဆေးမေးမြန်းခြင်းကို ခံကြရမည် ဖြစ်သတည်း။) ကုရ်အာန် (၁၀၂:၈) ဟူသော အာယသ်တော်ကျရောက်လာသောအခါ ဇုဗိုင်ရ်(ရဿွိယလ္လာဟုအန်ဟု)က လျှောက်ထားသည်မှာ အိုအလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ကျွန်တော်မျိုးတို့သည် မည်သည့်စည်းစိမ်နှင့်ပတ်သက်၍ မေးမြန်းခြင်းခံရမည်နည်း။ ကျွန်ုပ်တို့ထံတွင် အမဲရောင်နှစ်ခုဖြစ်သော စွန်ပလွံသီးနှင့်ရေ စသည့်နှစ်မျိုးသာလျှင် ရှိပေသည်။ ကိုယ်တော်က မိန့်တော်မူသည်မှာ မကြာမီ ယင်းနှင့်စပ်လျဉ်း၍ မေးမြန်းခြင်းခံရလိမ့်မည်။
ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။ သိရ်မိဇီကျမ်း၊ အိဗ်နုမာဂျဟ်ကျမ်း