Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

33 of 253 cards

Clear filters
လူတစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ လာရောက်၍ အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်တို့အနက်မှ တစ်ဦးတစ်ယောက်သည် သူ၏စိတ်ထဲ၌ အတွေးများဖြစ်ပေါ်နေပြီး ထိုအ တွေးကိုပြောပြရန်ထက် ပြာဖြစ်သွားခြင်းကို ၎င်းအနေဖြင့် ပိုနှစ်သက်ပါသည်ဟု လျှောက်ထားခဲ့သည်။ ထိုအခါ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံးဖြစ်တော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံးဖြစ်တော်မူ၏။ ချီးမွမ်းခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်တော်မူ၏ အကြင်အရှင်မြတ်သည် ၎င်း(ရှိုင်သွာန်)၏ လှည့်ဖျားမှုကို ဝတ်စ်ဝစဟ် (သံသယအတွေး) အဖြစ်သို့ပြောင်းလဲတော်မူခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း၊ နစာအီ၏ကုဗ်ရာကျမ်း
ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား မည်သည့်အပြစ်အကုသိုလ်သည် အကြီးဆုံးဖြစ်ပါသနည်းဟုမေးလျှောက်ခဲ့ရာ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်သည် သင့်အားဖန်ဆင်းတော်မူသည့် အရှင်ဖြစ်ပါလျက် သင်သည် အခြားအရာများကို အရှင်မြတ်နှင့် ယှဉ်တွဲကိုးကွယ်ခြင်းဖြစ်သည်ဟု ဖြေကြားခဲ့သည်။ ကျွန်တော်က မုချထိုအပြစ်သည် ကြီးမားပါသည်ဟု ပြောခဲ့သည်။ ကျွန်တော်က ထို့နောက် မည်သည့်အပြစ်အကုသိုလ်သည် အကြီးဆုံးဖြစ်ပါနည်းဟု မေးလျှောက်ခဲ့ရာ ကိုယ်တော်က ၎င်းနောက် သင့်သားသမီးက သင်နှင့်အတူခွဲဝေ စားသောက်ကြမည်ကို စိုးရိမ်၍ ၎င်းကို သတ်ဖြတ်ခြင်းဖြစ်သည်ဟု ဖြေကြားခဲ့သည်။ ကျွန်တော်က ထို့နောက် မည်သည့်အပြစ်အကုသိုလ်သည် အကြီးဆုံးဖြစ်ပါနည်းဟု မေးလျှောက်ခဲ့ရာ ကိုယ်တော်က ၎င်းနောက် သင့်အိမ်နီးချင်း၏ ဇနီးအား (ဇိနာ) တရားမဝင်ကာမမှု ကျူးလွန်ခြင်းဖြစ်သည်ဟု ဖြေကြားခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
အသင်တို့သည် ‘အလ္လာဟ်အရှင်မြတ်အလိုရှိသည့်အတိုင်းနှင့် မည်သူမည်ဝါ အလိုရှိသည့်အတိုင်း ဖြစ်ခဲ့သည်။’ဟု မပြောဆိုကြလေနှင့်။ သို့သော် ‘အလ္လာဟ်အရှင်မြတ်အလိုရှိသည့်အတိုင်း ဖြစ်ခဲ့သည်။ ထို့နောက် မည်သူမည်ဝါ အလိုရှိသည့်အတိုင်း ဖြစ်ခဲ့သည်’ဟုသာ ပြောဆိုကြပါ။
ဤဟဒီးဆ်သည် ၎င်း၏ဆင့်ပြန်ချက်အားလုံးကိုစုပေါင်း၍ ဆွဟီးဟ်အဆင့်တွင်ရှိသည်။ အဗူဒါဝူဒ်ကျမ်း၊ နစာအီ၏ကုဗ်ရာကျမ်း၊ အဟ်မဒ်ကျမ်း
ကြီးကျယ် မြင့်မားတော်မူသော အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူသည်။ ငါအရှင်မြတ်သည် ဖက်စပ်ကိုးကွယ်သူတို့၏ ဖက်စပ်ကိုးကွယ်ခြင်းမှ ကင်းရှင်းတော်မူသည်။ အကြင်သူသည် အမလ်ကောင်းမှုပြုလုပ်ရာတွင် ငါအရှင်မြတ်နှင့်အတူ အခြားတစ်စုံတစ်ရာကို ဖက်စပ်ကိုးကွယ်ခဲ့လျှင် ငါအရှင်မြတ်သည် ထိုသူနှင့် သူ၏ဖက်စပ်ကိုးကွယ်မှုကိုပါ စွန့်ပစ်တော်မူသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အကြောင်းအရာတစ်ခုကို မိန့်ကြားတော်မူခဲ့သည်။ ကျွန်ုပ်က အခြားအကြောင်းအရာတစ်ခုကို ထပ်လောင်းပြောပြခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာကို ဟစ်ခေါ်ဆုတောင်း၍ သေဆုံးခဲ့လျှင် ထိုသူသည် ဂျဟန္နမ်ငရဲသို့ ဝင်ရောက်ရမည်။ ကျွန်ုပ်ပြောခဲ့သည် အကြင်သူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာကို ဟစ်ခေါ်ဆုတောင်းခြင်းမပြုဘဲ သေဆုံးခဲ့လျှင် ထိုသူသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ ခန္ဓာကိုယ်များနှင့် ရုပ်ရည်များကို ကြည့်တော်မူမည်မဟုတ်၊ သို့သော် သင်တို့၏ နှလုံးသားများနှင့် လုပ်ရပ်များကိုသာ ကြည့်တော်မူမည်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
အကြင်နာတရားရှိသူတို့အား “ရဟ်မာန်” မဟာကရုဏာတော်ရှင်က သနားကြင်နာတော်မူမည်ဖြစ်သည်။ အသင်တို့သည် မြေပထဝီပေါ်ရှိ သတ္တဝါအပေါင်းအား သနားကြင်နာကြလေကုန်၊ မိုးကောင်းကင်ပေါ်တွင်ရှိတော်မူသော အရှင်မြတ်က အသင်တို့အား သနားကြင်နာတော်မူပေမည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း၊ သိရ်မိဇီကျမ်း၊ အဟ်မဒ်ကျမ်း
တမန်တော်မြတ် (ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ မုအာဇ်သည် အစီးအနင်းပေါ်၌ ကိုယ်တော်၏ နောက်တွင်လိုက်ပါခဲ့သည်။ ကိုယ်တော်က အို-မုအာဇ်ဗင်န်ဂျဗလ် ဟုခေါ်လိုက်ရာ ၎င်းက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးအသင့်ရှိပါသည်။ အမိန့်နာခံရန် အသင့်ရှိပါသည်ဟု ဖြေကြားခဲ့သည်။ ကိုယ်တော်က အို-မုအာဇ် ဟုခေါ်လိုက်ရာ ၎င်းက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးအသင့်ရှိပါသည်။ အမိန့်နာခံရန် အသင့်ရှိပါသည်ဟု ဖြေကြားခဲ့သည်။ ထိုသို့ သုံးကြိမ်ခေါ်တော်မူပြီးနောက် ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- မည်သည့် ကျေးကျွန်မဆို အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်း စိတ်နှလုံးသားထဲမှ မှန်ကန်စွာ သက်သေခံခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ် ငရဲမီးကို ဟရာမ်အဖြစ်သတ်မှတ်တော်မူမည်ဖြစ်သည်။ ထိုအခါ ၎င်းက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် လူတို့ဝမ်းမြောက်ပျော်ရွှင်ကြစေရန်အတွက် ဤသတင်းကို ကျွန်တော်မျိုး ပြောပြရမည်လောဟု လျှောက်ထားမေးမြန်းခဲ့သည်။ ကိုယ်တော်က ပြောပြလိုက်လျှင် ၎င်းတို့သည် ထိုအပေါ်တွင်သာ မှီခိုအားထားပြီး(အမလ်ကျင့်ဆောင်မှုမပြုဘဲ) နေကြလိမ့်မည်ဟု မိန့်ကြားခဲ့သည်။ထို့ကြောင့် မုအာဇ်သည် ကွယ်လွန်ခါနီးအချိန်၌ (အသိပညာကို ဖုံးကွယ်ထားသည့်) အပြစ်ဖြစ်မည်ကို စိုးရိမ်သဖြင့် ထိုအကြောင်းကို ပြောပြခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း