Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

4 of 253 cards

Clear filters
ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူ၏ မည်သည့်ကုသိုလ်ကောင်းမှုကိုမျှ မတရားပြုတော်မူမည်မဟုတ်ပေ။ ၎င်းသည် ထိုကောင်းမှုကြောင့် လောက၌ ကောင်းကျိုးချီးမြှင့်ခြင်းခံရပြီး နောင်တမလွန် အာခိရသ်တွင်လည်း အစားပြန်လည်ရရှိမည်ဖြစ်သည်။ ကာဖိရ် သွေဖည်ငြင်းပယ်သူသည် အလ္လာဟ်အရှင်မြတ်အတွက် ၎င်းဆောင်ရွက်ခဲ့သည့် ကောင်းမှုများကြောင့် လောက၌ပင် ကျွေးမွေးခြင်းခံရပြီး နောင်တမလွန် အာခိရသ်သို့ရောက်သည့်အခါ ၎င်းအတွက် အစားပြန်လည်ရရှိမည့် မည်သည့်ကောင်းမှုမျှ ရှိလိမ့်မည်မဟုတ်ပေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ မွတ်စ်လင်မ်ကျမ်း
ဧကန်အမှန်ပင် ကိယာမသ်၏ နိမိတ်လက္ခဏာများအနက် အချို့မှာ- အသိပညာ ရုပ်သိမ်းခံရခြင်း၊ (သာသနာ့)အသိပညာကင်းမဲ့မှု များပြားလာခြင်း၊ ‘ဇိနာ’တရားမဝင်ကာမအမှု ပေါများလာခြင်း၊ အရက်သေစာသောက်သုံးမှု များပြားလာခြင်း၊ အမျိုးသားဦးရေ နည်းပါးသွားခြင်း အမျိုးသမီး အယောက်(၅၀)အတွက် တာဝန်ယူထိမ်းသိမ်းစောင့်ရှောက်မည့် အမျိုးသားတစ်ဦးသာ ရှိတော့သည်အထိ အမျိုးသမီးဦးရေ များပြားလာခြင်းတို့ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
တမန်တော်မြတ် (ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ မုအာဇ်သည် အစီးအနင်းပေါ်၌ ကိုယ်တော်၏ နောက်တွင်လိုက်ပါခဲ့သည်။ ကိုယ်တော်က အို-မုအာဇ်ဗင်န်ဂျဗလ် ဟုခေါ်လိုက်ရာ ၎င်းက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးအသင့်ရှိပါသည်။ အမိန့်နာခံရန် အသင့်ရှိပါသည်ဟု ဖြေကြားခဲ့သည်။ ကိုယ်တော်က အို-မုအာဇ် ဟုခေါ်လိုက်ရာ ၎င်းက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးအသင့်ရှိပါသည်။ အမိန့်နာခံရန် အသင့်ရှိပါသည်ဟု ဖြေကြားခဲ့သည်။ ထိုသို့ သုံးကြိမ်ခေါ်တော်မူပြီးနောက် ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ- မည်သည့် ကျေးကျွန်မဆို အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်း စိတ်နှလုံးသားထဲမှ မှန်ကန်စွာ သက်သေခံခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ် ငရဲမီးကို ဟရာမ်အဖြစ်သတ်မှတ်တော်မူမည်ဖြစ်သည်။ ထိုအခါ ၎င်းက အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် လူတို့ဝမ်းမြောက်ပျော်ရွှင်ကြစေရန်အတွက် ဤသတင်းကို ကျွန်တော်မျိုး ပြောပြရမည်လောဟု လျှောက်ထားမေးမြန်းခဲ့သည်။ ကိုယ်တော်က ပြောပြလိုက်လျှင် ၎င်းတို့သည် ထိုအပေါ်တွင်သာ မှီခိုအားထားပြီး(အမလ်ကျင့်ဆောင်မှုမပြုဘဲ) နေကြလိမ့်မည်ဟု မိန့်ကြားခဲ့သည်။ထို့ကြောင့် မုအာဇ်သည် ကွယ်လွန်ခါနီးအချိန်၌ (အသိပညာကို ဖုံးကွယ်ထားသည့်) အပြစ်ဖြစ်မည်ကို စိုးရိမ်သဖြင့် ထိုအကြောင်းကို ပြောပြခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း
ကျွန်ုပ်တို့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ ဗလီဝတ်ကျောင်းတော်၌ ထိုင်နေကြစဉ် ပုဂ္ဂိုလ်တစ်ဦးသည် ကုလားအုတ်စီးပြီး ဝင်ရောက်လာခဲ့သည်။ ၎င်းသည် ကုလားအုတ်ကို ဗလီ(မျက်နှာစာ)၌ ဝပ်တွားစေပြီး ချည်နှောင်ခဲ့သည်။ ထို့နောက် ၎င်းက လူတို့အား အသင်တို့ထဲ၌ မုဟမ္မဒ် ဆိုသူမှာ မည်သူပါနည်းဟု မေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွဟာဗဟ်တို့၏ အလယ်တွင် မှီလျက်ထိုင်နေတော်မူခဲ့သည်။ ကျွန်ုပ်တို့က ဤမှီလျက်ထိုင်နေတော်မူပြီး အသားဖြူသော ပုဂ္ဂိုလ်ဖြစ်ပါသည်ဟု ဖြေကြားခဲ့ကြသည်။ ၎င်းက ကိုယ်တော်မြတ်အား အို- အဗ်ဒုလ်မုသ်သွလိဗ်၏သားဟု ခေါ်လိုက်သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ၎င်းအား ကျွန်ုပ်အသင့်စကားကို (နားထောင်ပြီး) အဖြေပေး(ရန်အသင့်ဖြစ်)နေပါသည်ဟု ဖြေကြားခဲ့သည်။ ထိုအခါ ၎င်းက တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား လျှောက်ထားသည်မှာ ကျွန်တော် ကိုယ်တော့်ကို မေးခွန်းတချို့ မေးမြန်းမည့်သူ ဖြစ်ပါသည်။မေးသည့်အခါတွင်လည်း ကိုယ်တော့်အပေါ် ခက်ခက်ထန်ထန်ပြောဆိုပါမည်။ ထိုအခါ ကိုယ်တော့်စိတ်ထဲ၌ ကျွန်တော့်အား ဒေါသမဖြစ်ပါနှင့်။ ထိုအခါကိုယ်တော်က အသင်မေးမြန်းချင်သည်ကို မေးမြန်းပါဟု မိန့်တော်မူလိုက်သည်။ ၎င်းကပြောသည်မှာ ကိုယ်တော်၏ အရှင်သခင်၊ကိုယ်တော်မတိုင်ခင်က ရှိခဲ့ကြသူများ၏ အရှင်သခင်ကို တိုင်တည်၍ ကိုယ်တော့်အား ကျွန်တော် လျှောက်ထားမေးမြန်းပါမည်။ အလ္လာဟ်အရှင်မြတ်က ကိုယ်တော့်အား လူသားအားလုံးထံသို့ (တမန်တော်အဖြစ်)စေလွှတ်တော်မူသည်ဆိုခြင်းမှာ ဟုတ်ပါသလား။ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်ကိုတိုင်တည်၍ ဖြေကြားပါမည်။ မှန်ပါသည်ဟုဖြေကြားတော်မူခဲ့သည်။ ၎င်းကပြောသည်မှာ အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ လျှောက်ထားမေးမြန်းပါမည်။ တစ်နေ့နှင့်တစ်ညတွင် ကျွန်ုပ်တို့ဆွလာသ်ငါးကြိမ်ဆောက်တည်ရန် အလ္လာဟ်အရှင်မြတ်က ကိုယ်တော့်အား အမိန့်ပေးတော်မူသည်မှာ ဟုတ်ပါသလား။ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ ဖြေကြားပါမည်။ မှန်ပါသည်ဟု ဖြေကြားတော်မူခဲ့သည်။၎င်းကပြောသည်မှာ အလ္လာဟ်အရှင်မြတ်ကိုတိုင်တည်၍ လျှောက်ထားမေးမြန်းပါမည်။ တစ်နှစ်တွင် ဤ(ရမသွာန်)တစ်လ ကျွန်ုပ်တို့ ဆွိယာမ်ဥပုသ် စောင့်ထိန်းရန် အလ္လာဟ်အရှင်မြတ်က ကိုယ်တော့်အား အမိန့်ပေးတော်မူသည်မှာ ဟုတ်ပါသလား။ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်ကိုတိုင်တည်၍ ဖြေကြားပါမည်။ မှန်ပါသည်ဟု ဖြေကြားတော်မူခဲ့သည်။ ၎င်းကပြောသည်မှာ အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ လျှောက်ထားမေးမြန်းပါမည်။ကျွန်တော်တို့အနက်မှ ချမ်းသာသောသူများထံမှ ဤဇကာသ်ကိုယူ၍ ကျွန်တော်တို့အနက်မှ ဆင်းရဲသားများကို ပြန်၍ခွဲဝေပေးရန် အလ္လာဟ်အရှင်မြတ်က ကိုယ်တော့်အား အမိန့်ပေးတော်မူသည်မှာ ဟုတ်ပါသလား။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ ဖြေကြားပါမည်။ မှန်ပါသည်ဟု ဖြေကြားတော်မူခဲ့သည်။ ထိုအခါ ၎င်းပုဂ္ဂိုလ်ကပြောကြားသည်မှာ ကိုယ်တော်ယူဆောင်လာခဲ့သည့်အရာ(အစ္စလာမ်သာသနာတော်)အား ကျွန်တော်မျိုး အီမာန်သက်ဝင်ယုံကြည်ပါ၏။ ကျွန်တော်သည် ကျွန်တော့်နောက်တွင်ကျန်ရစ်ခဲ့ကြသော ကျွန်တော့်အမျိုးသားများ၏ ကိုယ်စားလှယ်ဖြစ်ပါသည်။ ကျွန်တော်သည် ဿွိမားမ်ဗင်န် ဆအ်လဗဟ်ဖြစ်ပြီး ဗနူစအဒ်ဗင်န်ဗကရ် မျိုးနွယ်ဝင်တစ်ဦးလည်း ဖြစ်ပါသည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း