Skip to content
253 Hadiths

Encyclopedia of Prophetic Hadiths

Filter results

12 of 253 cards

Clear filters
အလ္လာဟ်အရှင်မြတ်သည် ဂျန္နသ်နှင့်ဂျဟန္နမ်ကို ဖန်ဆင်းတော်မူပြီးနောက် ဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)အား ဂျန္နသ်သို့စေလွှတ်တော်မူခဲ့သည်။ ထို့နောက် အရှင်မြတ်က မိန့်တော်မူသည်မှာ အသင်သည် ဂျန္နသ်သုခဘုံနှင့် ၎င်းထဲ၌ သုခဘုံသားတို့အတွက် ပြင်ဆင်ထားသောအရာများကို ကြည့်ရှုလော့။ သို့ဖြစ်၍ ဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)သည် ၎င်းတို့အားကြည့်ရှုပြီး ပြန်လာခဲ့သည်။ ထို့နောက် ၎င်းက လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ မည်သူမဆို ထိုဂျန္နသ်သုခဘုံအကြောင်း ကြားသိခဲ့ပါက မုချဝင်ရောက်မည်ပင်ဖြစ်သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က ၎င်းဂျန္နသ်အား မနှစ်မြို့ဖွယ်ရာများနှင့် ဝန်းရံထားရန် အမိန့်ပေးတော်မူခဲ့သည်။ ထို့နောက် အရှင်မြတ်က အသင်ဂျန္နသ်သို့သွားရောက်၍ ဂျန္နသ်သုခဘုံနှင့် ၎င်းထဲ၌ သုခဘုံသားတို့အတွက် ပြင်ဆင်ထားသောအရာများကို ကြည့်ရှုလော့ဟု မိန့်ကြားတော်မူသည်။ ထိုအခါဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)က ဂျန္နသ်သုခဘုံကို ကြည့်ရှုရာ မနှစ်မြို့ဖွယ်ရာများဖြင့် ဝန်းရံခြင်းခံထားရသည်ကို မြင်တွေ့ခဲ့သည်။ ထိုအခါ ၎င်းက လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ ထိုဂျန္နသ်အားမည်သူမျှပင် မဝင်ရောက်နိုင်တော့မည်ကို ကျွန်တော်မျိုး စိုးရိမ်မိပါသည်။ ထို့နောက် အရှင်မြတ်ကမိန့်တော်မူသည်မှာ အသင်သည် ဂျဟန္နမ် ငရဲဘုံနှင့် ၎င်းထဲ၌ ငရဲသားတို့အဖို့ ပြင်ဆင်ထားသောအရာများကို သွားရောက်ကြည့်ရှုလော့။ ထိုအခါ ဂျိဗ်ရီလ် (عَلَيْهِ السَّلَامُ)သည် ဂျဟန္နမ်ငရဲဘုံကို ကြည့်ရှု့ခဲ့ရာ ၎င်းမှမီးတောက်မီးလျှံများ လွင့်ဖြာထွက်နေသည်ကို မြင်တွေ့ခဲ့သည်။ ထို့နောက်ဂျိဗ်ရီလ်(عَلَيْهِ السَّلَامُ)ကပြန်လာ၍ လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ပြောဆိုပါသည်။ ထိုဂျဟန္နမ်ငရဲဘုံအား မည်သူမျှ ဝင်ရောက်လိမ့်မည်မဟုတ်ပါ။ ထိုအခါအလ္လာဟ်အရှင်မြတ်က ၎င်းဂျဟန္နမ်အား စိတ်အလိုရမ္မက်များဖြင့် ဝန်းရံထားရန်အမိန့်ပေးတော်မူခဲ့သည်။ ထို့နောက်အလ္လာဟ်အရှင်မြတ်က အသင်ဂျဟန္နမ်အား ပြန်သွားကြည့်လော့ဟုမိန့်တော်မူသည်။ထိုအခါ ဂျိဗ်ရီလ်(عَلَيْهِ السَّلَامُ)က ဂျဟန္နမ်ကိုကြည့်ရှုခဲ့ရာ ၎င်းသည် စိတ်အလိုရမ္မက်များဖြင့် ဝန်းရံခြင်းခံထားရသည်ကို တွေ့ရှိခဲ့သည်။ ထို့နောက်ပြန်လာ၍ လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ ဂျဟန္နမ်မှ မည်သူမျှ မလွတ်မြောက်နိုင်ဘဲ ဝင်ရောက်ကြမည်ကို ကျွန်တော်မျိုးစိုးရိမ်မိပါသည်။
ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း၊ သိရ်မိဇီကျမ်း၊ နစာအီကျမ်း
အကြင်သူသည် အကြွေးဆပ်ရန် ခက်ခဲနေသူအား နောက်ဆိုင်းပေးထားမည် သို့မဟုတ် ကြွေးမြီတစ်စုံတစ်ရာကို လျှော့ပေးလိုက်မည်ဆိုလျှင် ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား မိမိပလ္လင်တော်၏ အရိပ်အောက်၌ အရိပ်ပေးတော်မူမည်။ ထိုနေ့တွင် ၎င်း၏အရိပ်မှလွဲ၍ အခြားမည်သည့် အရိပ်အာဝါသမျှ ရှိမည်မဟုတ်ပေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ သိရ်မိဇီကျမ်း၊ အဟ်မဒ်ကျမ်း
ကောင်းစွာမှတ်သားကြလေကုန်၊ ငါကိုယ်တော်၏ ဟဒီးဆ်တော်တစ်ပုဒ်သည် လူတစ်ဦးထံသို့ ရောက်ရှိသည့်အခါ ထိုသူသည် မိမိ၏သလွန်ပေါ်တွင် မှီလျက် အသင်တို့နှင့် ကျွန်ုပ်တို့ကြားတွင် အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်မြတ်ရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ထိုကျမ်းထဲတွင် ဟလာလ်ဟုတွေ့ရသောအရာကို ဟလာလ်ဟုမှတ်ယူမည်။ ကျွန်ုပ်တို့သည် ထိုကျမ်းထဲတွင် ဟရာမ်ဟုတွေ့ရသောအရာကို ဟရာမ်ဟု မှတ်ယူမည်ဟု ပြောကြားလိမ့်မည်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် တားမြစ်ထားသောအရာသည် အလ္လာဟ်အရှင်မြတ် တားမြစ်ထားသောအရာနှင့် အတူတူပင်ဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း၊ သိရ်မိဇီကျမ်း၊ အိဗ်နုမာဂျဟ်ကျမ်း
ဧကန်အမှန်ပင် ကျွန်ုပ်တို့(မွတ်စ်လင်မ်များ)နှင့် ၎င်း(မွတ်စ်လင်မ်မဟုတ်သူ)တို့ကြား၌ရှိသည့် ပဋိညာဉ်သည် ဆွလာသ်ပင်ဖြစ်သည်။ သို့ဖြစ်၍ အကြင်သူသည် ဆွလာသ်ဆောက်တည်ခြင်းကို စွန့်လွှတ်ပါက ထိုသူသည်အမှန်ပင် ကာဖိရ်ဖြစ်သွားမည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ သိရ်မိဇီကျမ်း၊ နစာအီကျမ်း၊ အိဗ်နုမာဂျဟ်ကျမ်း၊ အဟ်မဒ်ကျမ်း
နိမိတ်ကောက်ခြင်းသည် ရှိရ်က်ဖြစ်သည်။ နိမိတ်ကောက်ခြင်းသည် ရှိရ်က်ဖြစ်သည်။ နိမိတ်ကောက်ခြင်းသည် ရှိရ်က်ဖြစ်သည်။ (ကိုယ်တော်သည် ဤသို့ သုံးကြိမ်တိုင်တိုင် မိန့်ကြားတော်မူခဲ့သည်။) ဆင့်ပြန်သူကပြောသည်မှာ ကျွန်ုပ်တို့အနက်မှ လူတိုင်းသည် (နိမိတ်ကောက်ရန် စိတ်ဖြစ်ပေါ်တတ်သည်။) သို့သော် အလ္လာဟ်အရှင်မြတ်သည် သဝက္ကုလ် အရှင်မြတ်အပေါ် ယုံပုံအားကိုးမှုဖြင့် နိမိတ်ကောက်လိုသောစိတ်ကို ဖယ်ရှားပေးတော်မူလိုက်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း၊ သိရ်မိဇီကျမ်း၊ အိဗ်နုမာဂျဟ်ကျမ်း၊ အဟ်မဒ်ကျမ်း
အကြင်နာတရားရှိသူတို့အား “ရဟ်မာန်” မဟာကရုဏာတော်ရှင်က သနားကြင်နာတော်မူမည်ဖြစ်သည်။ အသင်တို့သည် မြေပထဝီပေါ်ရှိ သတ္တဝါအပေါင်းအား သနားကြင်နာကြလေကုန်၊ မိုးကောင်းကင်ပေါ်တွင်ရှိတော်မူသော အရှင်မြတ်က အသင်တို့အား သနားကြင်နာတော်မူပေမည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း၊ သိရ်မိဇီကျမ်း၊ အဟ်မဒ်ကျမ်း
အကြင်သူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာဖြင့် ကစမ်ကျိန်ဆိုခဲ့လျှင် ထိုသူသည် (ကုဖ်ရ်) သွေဖည်ငြင်းပယ်မှု သို့မဟုတ် (ရှိရ်က်) ဖက်စပ်ယှဉ်တွဲမှု ပြုခြင်းဖြစ်သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ အဗူဒါဝူဒ်ကျမ်း၊ သိရ်မိဇီကျမ်း၊ အဟ်မဒ်ကျမ်း
မုချဧကန် အလ္လာဟ်ရှင်မြတ်သည် ကိယာမသ်နေ့တွင် ကျွန်ုပ်၏အွမ္မသ်သားများအနက်မှ တစ်ဦးကို လူသားများအားလုံးရှေ့၌ ရွေးချယ်တော်မူပြီး ၎င်းအား အမလ်ဆောင်ရွက်မှုများ ရေးမှတ်ထားသည့် မှတ်တမ်းစာအုပ် ကိုးဆယ့်ကိုးအုပ်ကို ဖွင့်ပြတော်မူမည်။ စာအုပ်တိုင်းသည် မျက်စိတစ်ဆုံးရှိပေမည်။ ထို့နောက် ၎င်းအား ဤမှတ်တမ်းများအနက်မှ တစ်စုံတစ်ရာကို အသင်ငြင်းပယ်လိုသလော။ ငါအရှင်မြတ် တာဝန်ပေးထားသည့် မှတ်တမ်းရေးသားသူ(မလာအိကဟ်)များက အသင့်အား မတရားပြုခဲ့သလောဟု မေးမြန်းတော်မူမည်။ ထိုအခါ ၎င်းက အိုမွေးမြူဖန်ဆင်းတော်မူသောအရှင် မတရားမပြုခဲ့ကြပါဟု ဖြေကြားလိမ့်မည်။ ထိုအခါ အရှင်မြတ်က အသင့်ထံ၌ (ထိုအပြစ်များနှင့် ပတ်သက်၍ အငြင်းဝင်ရန်) အကြောင်းပြချက် ရှိပါသလောဟု မေးမြန်းတော်မူမည်။ ထိုအခါ၎င်းက အိုမွေးမြူဖန်ဆင်းတော်မူသောအရှင် အကြောင်းပြချက် တင်ပြရန်လည်း မရှိပါဟု ဖြေကြားမည်။ ထိုအခါအရှင်မြတ်က ကောင်းပြီ အသင်၏ ကောင်းမှုတစ်ခု ငါအရှင်မြတ်ထံတော်တွင် ရှိနေသည်။ ယနေ့ အသင်မတရားပြုခြင်းခံရမည်မဟုတ်ဟု မိန့်ကြားတော်မူမည်။ ထို့နောက် စက္ကူငယ်လေးတစ်ခုထုတ်ပေးတော်မူပြီး ယင်း၌ (أَشْهَدُ أَنْ لاَ إِلَهَ إِلاَّ اللَّهُ وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ) ‘အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သောအရှင် မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်းကို ကျွန်တော်မျိုး သက်သေခံပါသည်။’ဟူ၍ ပါရှိသည်။ ထို့နောက်အရှင်မြတ်က ဤစက္ကူစကို သွားရောက်ချိန်စက်လော့ဟု မိန့်ကြားတော်မည်။ ထိုအခါ ၎င်းက အိုမွေးမြူဖန်ဆင်းတော်မူသောအရှင် ဤမှတ်တမ်းစာအုပ်ကြီးများနှင့် ဤစက္ကူငယ်မှာ မည်သို့ယှဥ်နိုင်ပါမည်နည်းဟု လျှောက်ထားမည်။ ထိုအခါအရှင်မြတ်က အသင့်အဖို့ မတရားမှုဟူ၍ မရှိစေရဟု မိန့်ကြားတော်မူပြီး ချိန်ခွင်ခွက်တစ်ခုတွင် မှတ်တမ်းစာအုပ်ကြီးများထည့်၍ အခြားတစ်ဖက်တွင် ကလိမဟ်တော်ရေးသားထားသည့် စက္ကူငယ်ကိုထည့်လိုက်ရာ မှတ်တမ်းစာအုပ်ကြီးများသည် အလေးချိန်ပေါ့သွားပြီး စက္ကူငယ်သည် အလေးချိန်စီးသွားမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏ နာမတော်ထက်ပို၍ မည်သည့်အရာကမျှ အလေးချိန်စီးနိုင်မည် မဟုတ်ပေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။ သိရ်မိဇီကျမ်း၊ အိဗ်နုမာဂျဟ်ကျမ်း